Skip to main content

 

မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၃ ရွာရှိပြီး အမှန်တကယ် လျှပ်စစ်မီးရရှိသည့် မြို့ပေါ်ရပ်ကွက် လေးခုသာ ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)တွင် နိုင်ငံသူနိုင်ငံသားများ၏ မူလ အခွင့်အရေးနှင်‌့ ရပိုင်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသော်လည်း မြို့နယ် လျှပ်စစ်မီးရရှိမှု အခြေအနေကိုကြည့်ခြင်းအားဖြင့်‌ တန်းတူညီမျှမှုမည်မျှရှိသည်ကို သိနိုင်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကစပြီး ယခုအချိန်အထိ လျှပ်စစ်မီးရရှိနိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ပချေးငွေ များဖြင့် ဆောင်ရွက်သော လျှပ်စစ်မီးလင်းရေးစီမံချက်တွင်လည်း မိမိတို့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရဒေသ မပါရှိပါကြောင်း၊ သို့သော် လျှပ်စစ်မီးမရရှိသော တောင်ပေါ်ဒေသများက ချေးငွေများ ပေးဆပ်နေရပါကြောင်း၊ မြို့ပြကြီးများ လျှပ်စစ်မီးထိန်ထိန်လင်းရန် တောင်ပေါ်ဒေသ ကလူများက လက်ဖက်ခြံပေါက်ပြီး မီးလင်းအောင်လုပ်ပေးနေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ ယခု  လျှပ်စစ်မီးလင်းရေးအတွက် မိမိတင်ပြသွားသောကျေးရွာသည် နမ္မတူမြို့မှ တရုတ်ကိုသွယ်တန်း သွားသော Gas Pipe လိုင်း ဖြတ်သန်းသွားသည့်ရွာဖြစ်သကဲ့သို့ ရွှေလီဓာတ်အားလိုင်း ဖြတ်သန်းသွားသည့် ကျေးရွာလည်းဖြစ်ပါကြောင်း၊ ကျေးလက်ပြည်သူများ၏ မြေယာများ စွန့်လွှတ်လိုက်ရသော်လည်း ကျေးရွာအုပ်စုတစ်ခုလုံး မီးမရရှိသည့်အပြင် ဘဏ္ဍာခွဲဝေသည့်အခါ အိမ်ခြေ၊ လူဦးရေ၊ နယ်မြေအေးချမ်းမှုရှိ/မရှိတို့ကိုအခြေခံပြီး ခွဲဝေချထားနေသရွေ့ တန်းတူညီမျှမှု မည်သည့်အခါမျှ ရရှိလာမည် မဟုတ်ပါကြောင်း၊ မြို့နေလူတန်းစားသားသမီးများ လျှပ်စစ်မီးရောင် အောက်တွင် စာကျက်ရသကဲ့သို့ မိမိတို့ဒေသရှိ ဆင်းရဲသားကျေးလက်ပြည်သူများ၏ သားသမီးများ သည်လည်း မီးရောင်အောက်တွင်စာကျက်လိုကြသည့်အတွက် မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာ (မိုင်းမော်ဒေသ) အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာသည် အိမ်ထောင်စု ၁၀၆ စုခန့် နေထိုင်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ဆိုလာစနစ်ဖြင့် မီးသုံးစွဲနေသော ကျေးရွာဖြစ်သည့်အကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာသည် မန်တုံမြို့နယ်အတွင်း တည်ရှိနေသော်လည်း တောတောင်ထူထပ်သည့်အတွက် လက်ရှိလျှပ်စစ်ဓာတ်အားရရှိနေသော မန်တုံမြို့မှ နမ့်ဟိုင်းကျေးရွာကို လျှပ်စစ်ဓာတ်အားသွယ်တန်းပေးနိုင်ရန် အခြေအနေကို စိစစ်ကြည့်သည့်အခါ မန်တုံမှ နမ့်ဟိုင်းကျေးရွာထံသို့ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်သည့်၊ ရာသီမရွေးသွားလာနိုင်သော လမ်းမရသည့်အတွက် ၃၃/၁၁ ကေဗွီ မန်တုံဓာတ်အားခွဲရုံထံမှ နမ့်ဟိုင်းကျေးရွာထံသို့ ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့ရာ အဆင်ပြေမှု မရှိသည့် စိစစ်တွေ့ရှိရပါကြောင်း၊ နမ့်ဟိုင်းကျေးရွာ(မိုင်းမော်ဒေသ)အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း ၅၂ ရွာနှင်‌့ အိမ်ထောင်စု ၁၄၉၅ စုခန့်အား ဓာတ်အားစနစ်မှ ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်စဉ်းစားသည့်အခါ လက်ရှိတည်ဆောက်နေသည်မှာ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် လျှပ်စစ်ဓာတ်အားရရှိရန်အတွက်  လက်ရှိ တည်ဆောက်ဆဲ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ နမ့်ဖတ်ကာဓာတ်အားခွဲရုံထံမှ မန်တုံမြို့နယ်အတွင်းက နမ့်ဟိုင်းကျေးရွာထံသို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၃၇ မိုင်တည်ဆောက်ပြီး  နမ့်ဟိုင်းကျေးရွာ အုပ်စုအနီးတွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးခြင်း ကသာ နည်းပညာအရ အဆင်ပြေမည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ နမ့်ဖတ်ကာ-နမ့်ဟိုင်း ၆၆ ကေဗွီဓာတ်အားလိုင်း ၃၇ မိုင်တည်ဆောက်ခြင်းနှင့် နမ့်ဟိုင်းကျေးရွာတွင်  ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံ သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိသည့်အခါ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် နမ့်ဟိုင်း ၆၆ ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးသည့်အခါ နမ့်ဟိုင်းကျေးရွာအား ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လိုအပ်သော ၁၁ ကေဗွီဓာတ်အားလိုင်းနှင့်‌ ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ များအား ပြည်နယ်အစိုးရ၏ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်းလျာထားပေးရန် ရှမ်းပြည်နယ်အစိုးရထံ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်