Skip to main content

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ  ဘဏ္ဍာရေးနှစ် အဆက်ဆက် ကြွေးပေးသွင်းရန်ကျန်ရှိသော ငွေ(၂၈၈၀.၅၀၀)သန်းအား ယနေ့အထိမည်မျှ ပေးသွင်းပြီး ဖြစ်ကြောင်းနှင်‌့ မည်သို့အရေးယူဆောင်ရွက်‌နေသည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်မှ ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသောငွေကျပ် ၂၈၈၀.၅ သန်းသည်  နိုင်ငံတော်ပိုင် အဆောက်အဦများ ရောင်းချရေးကော်မတီ ကြီးကြပ်မှုဖြင်‌့ ရောင်းချသောမြေကွက်နှစ်ကွက်၏ ကြွေးကျန်ငွေဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ‌မြေတိုင်းရပ်ကွက်အမှတ် (၂၉) C/၁ မြေကွက်အမှတ် (၇) A ဧရိယာ ဝ.၁၀၄ ဧကရှိမြေနေရာအား ၂၀၁၁ ခုနှစ်တွင် ဦးစောသိန်းအပါဝင် သုံးဦးမှ ကျပ် ၅၁၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီး တန်ဖိုးငွေ၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၅၄ သန်းအား ပေးသွင်းပြီး ၇၀ ရာခိုင်နှုန်း ကျပ် ၃၆၀.၅ သန်းပေးသွင်းရန် ကျန်ရှိနေကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် (၂) ရပ်ကွက် ရွှေတောင်ကြားလမ်း အမှတ် (၁၉) ဧရိယာ ဝ.၄၃၄ ဧကရှိမြေကွက်အား နိုင်ငံတော်ပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင်‌့ မြေယာကွက်များ စီမံခန့်ခွဲရေးကော်မတီမှ ၂၀၁၁ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ရာ ဦးအောင်သက်မန်းမှ တန်ဖိုးငွေ ကျပ် ၃၆၀၀ သန်းဖြင်‌့ ဝယ်ယူခွင်‌့ရရှိခဲ့ပြီး မြေကွက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ် ၁၀၈၀ သန်းအား နိုင်ငံတော်သို့ ပေးသွင်းခဲ့ပြီး မြေကွက်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်း ကျပ် ၂၅၂၀ သန်း ပေးသွင်းရန် ကျန်ရှိသဖြင်‌့ ဖော်ပြပါ မြေကွက်နှစ်ကွက်အတွက် စုစုပေါင်းပေးသွင်းရန် ငွေကျပ် ၂၈၈၀.၅ သန်းအား ယနေ့ထိ မည်မျှပေးသွင်းပြီးဖြစ်ကြောင်းနှင့် မည်သို့အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေးသွင်းရန်ကျန်ရှိသော ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်ငွေသည် ၂၂၈၀.၅ သန်းဖြစ်ပါကြောင်း၊ အဆိုပါကြွေးကျန်ငွေများမှာ နိုင်ငံတော်ပိုင် အဆောက်အဦများ ရောင်းချရေးကော်မတီ၏ ကြီးကြပ်မှုဖြင်‌့ရောင်းချသော မြေကွက်နှစ်ကွက်၏ ကြွေးကျန်ငွေများဖြစ်ပြီး အရေးယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊

အဆိုပါ မြေကွက်နှစ်ကွက်အနက်မှ ပထမဦးဆုံးအနေဖြင်‌့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၂၉) C/၁ မြေကွက်အမှတ် (၇) A ဧရိယာ ဝ.၁၀၄ ဧကရှိ မြေနေရာအား ၂၀၁၁ ခုနှစ်တွင် ဦးစောသိန်းအပါအဝင် သုံးဦးမှ ကျပ် ၅၁၅ သန်းဖြင်‌့ လေလံအောင်မြင်ခဲ့ပြီး တန်ဖိုးငွေ၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁၅၄ သန်းကို ပေးသွင်းခဲ့ပြီး တန်ဖိုးငွေ၏ ၇၀ ရာခိုင်နှုန်း ၃၆၀.၅ သန်း ပေးသွင်းရန်ကျန်ရှိပါကြောင်း၊ ၎င်းမြေကွက်ပေါ်တွင် စရီသန်ဒါယူသပါနီ ဘုရားကျောင်း၏ ဝင်/ထွက်လမ်းနှင်‌့ နတ်ကွန်းကျူးကျော်များ တည်ရှိနေပါသဖြင်‌့ မြို့ပြနှင်‌့အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက လေလံအောင်မြင်သူနှင်‌့ ဟိန္ဒူဘုရားကျောင်းမှ တာဝန်ရှိသူများနှင်‌့ ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သို့ပေးသွင်းရန် ကြွေးကျန်ငွေများအား အမြန်ဆုံးပေးသွင်းနိုင်ရေးနှင်‌့ မြေနေရာပြဿနာများ ရှင်းလင်းနိုင်ရေးအတွက် ယခင်အစိုးရအဖွဲ့တာဝန်ယူစဉ်ကာလအတွင်း ၂၈-၁-၂၀၁၅ ရက်စွဲဖြင်‌့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ စိစစ်ရေးအဖွဲ့ကို အမျိုးသားစီမံကိန်းနှင်‌့ စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းကို ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါအဖွဲ့က ညှိနှိုင်းဆွေးနွေးမှုများ ထပ်မံပြုလုပ်ခဲ့သော်လည်း ပြေလည်မှုများ မရရှိခဲ့ပါသဖြင်‌့ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်များ တောင်းခံခဲ့ပါကြောင်း၊ ဥပဒေအကြံပြုချက်အရ ၎င်းမြေပေါ်တွင် အသုံးပြုလျက်ရှိသည့် ဟိန္ဒိူဘုရားကျောင်း ဝင်/ထွက်လမ်းနှင်‌့ နတ်ကွန်းကျူးကျော်များအား ဖယ်ရှားပေးနိုင်ခြင်းမရှိပါက အောက်မြန်မာပြည် မြို့နှင်‌့ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၁၉၊ ၂၀၊ ၂၁ တို့ဖြင်‌့ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို စရီသန်ဒါယူသပါနီဘုရားကျောင်းသို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၉-၂-၂၀၁၇ ရက် ရက်စွဲပါစာဖြင်‌့ အကြောင်းကြားခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဖယ်ရှားပေးနိုင်ရေးအတွက် ဆောင်ရွက်ခွင်‌့ပြု ပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ၅-၆-၂၀၁၇ ရက်နေ့နှင့် ၁၃-၁၂-၂၀၁၇ ရက်နေ့တို့တွင် နှစ်ကြိမ်တင်ပြခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၈-၁-၂၀၁၈ ရက်နေ့တွင်ကျင်းပသည့် အစည်းအဝေးအမှတ် (၃/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် ၁၁ အရ အဆိုပါလေလံရောင်းချထားခြင်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သဖြင်‌့ သိရှိညွှန်ကြားနိုင်ပါရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သို့ ၃-၄-၂၀၁၈ ရက်စွဲပါစာဖြင်‌့ တင်ပြခဲ့ပါကြောင်း၊

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၂၆-၄-၂၀၁၈ နေ့တွင်ကျင်းပသည့် (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် (ဃ) ပါ လေလံကိုဖျက်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီးမှ အကြောင်းကြားလာခြင်း ကိစ္စကို ဆိုင်းငံ့ထားရန်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး၏ ၂၅-၅-၂၀၁၈ ရက် ရက်စွဲပါ အကြောင်းကြားစာအရ လေလံဖျက်သိမ်းသည့် ကိစ္စကိုလည်း ဆိုင်းငံ့ထားပါကြောင်းနှင်‌့ မြေပေါ်ရှင်းလင်းမှုများ ပြီးပြတ်ခြင်းမရှိသဖြင့် ဦးစောသိန်းအပါအဝင် သုံးဦးကပေးသွင်းရန် ကျန်ရှိငွေများကို ပေးသွင်းနိုင်ခြင်း မရှိသေးပါကြောင်း၊

ဒုတိယမြေကွက်ဖြစ်သည့်  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် (၂) ရက်ကွက် ရွှေတောင်ကြားလမ်း အမှတ် (၁၉)မြေဧရိယာ ဝ.၄၃၄ ဧကရှိပြီး ၎င်းမြေကွက်ကို နိုင်ငံပိုင်သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင်‌့ မြေယာကွက်များ စီမံခန့်ခွဲရေးကော်မတီမှ ၂၀၁၁ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ရာ အဆိုပါ လေလံအား ဦးအောင်သက်မန်းက တန်ဖိုးငွေကျပ် ၃၆၀၀ သန်းဖြင်‌့ ဝယ်ယူခွင်‌့ရရှိခဲ့ပြီး မြေကွက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ် ၁၀၈၀ သန်းကို နိုင်ငံတော်သို့ပေးသွင်းခဲ့ပြီး မြေကွက်တန်ဖိုး၏ ၇၀ ရာခိုင်နှုန်း၏ ကျပ် ၂၅၂၀ သန်း ပေးသွင်းရန် ကျန်ရှိပါကြောင်း၊ အဆိုပါမြေကွက်ပေါ်တွင် နေထိုင်လျက်ရှိသည့် ဦးတင်ရွှေမိသားစုအား ဖယ်ရှားပေးနိုင်ရေး ညှိနှိုင်းသဘောတူညီချက်မျာ းရရှိခဲ့ပါသဖြင်‌့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မင်းကျောင်းလမ်း အမှတ် (၇) မြေဧရိယာ ဝ.၃၈၂ ဧကရှိ မြေနှင်‌့အဆောက်အဦကို ဦးတင်ရွှေအား ကျပ် ၃၁၁၃.၀၅ သန်းဖြင်‌့ ဝယ်ယူခွင်‌့ပြုပေးခဲ့ပါကြောင်းနှင့် ငွေကြေးများလည်း အကျေပေးသွင်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ အမှတ်(၇) အဆောက်အဦအတွင်း ပျက်စီးနေသည့်အမိုး၊ အကာ၊ အခင်းများ ဝင်ရောက်ပြင်ဆင်ခွင်‌့ပြုပါရန် လျှောက်ထားလာပါသဖြင်‌့ ပြင်ဆင်ခွင်‌့နှင်‌့အတူ အဆောက်အဦ၏သော့ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဦးတင်ရွှေ နေထိုင်လျက်ရှိသည့် အမှတ် (၁၉) ရွှေတောင်ကြားလမ်းနေအိမ်မှ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် လေးကြိမ်တိုင်တိုင် အကြောင်းကြားခဲ့သော်လည်း ဖယ်ရှားရွှေ့ပြောင်းခြင်းမပြုသောကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခဲ့ရာ အစိုးရ‌မြေပေါ်၌ ကျူးကျော်နေထိုင်သူများကို ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင်‌့ကျေးရွာမြေအက်ဥပဒေပုဒ်မ ၁၉၊ ၂၀၊ ၂၁ တို့အရ ဖယ်ရှားနိုင်ကြောင်း အကြံပြုပြန်ကြားလာပါသဖြင်‌့ ဦးတင်ရွှေနှင်‌့ ၎င်း၏မိသားစုကို အဆိုပါမြေပေါ်မှ ရှင်းလင်းဖယ်ရှားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင်‌့ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင်‌့အတူ အခြားပါဝင်သင်‌့သည်‌့ ဌာနဆိုင်ရာ အဖွဲ့အစည်းတို့ဖြင်‌့ ဖွဲ့စည်းဖယ်ရှား ဆောင်ရွက်ခွင်‌့ပြုနိုင်ရေးအတွက် လိုအပ်သည်‌့လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှတင်ပြခဲ့ပါကြောင်း၊

ယင်းမြေကွက်နှစ်ကွက်ပေါ်တွင် နေထိုင်သူများနှင်‌့ ကျူးကျော်အဆောက်အဦများအား ရှင်းလင်းဖယ်ရှားနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင်‌့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသဖြင်‌့ ညွှန်ကြားမှု ပြုနိုင်ပါရန် ၁၃-၁၂-၂၀၁၇ ရက်နေ့နှင်‌့ ၃၀-၇-၂၀၁၈ ရက် ရက်စွဲပါစာများဖြင်‌့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြခဲ့သည့် စာများနှင်‌့စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရမြေ၊ ဌာနဆိုင်ရာမြေများအတွင်း ခွင်‌့ပြုချက်မဲ့ ဝင်ရောက်နေထိုင်သည့် ကျူးကျော်များ ရှင်းလင်းရေးအား အမှုတွဲတစ်ခုချင်းစီအပေါ် သုံးသပ်၍ ဦးစီး ဆောင်ရွက်ရမည့်ဌာနကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားသွားမည်ဖြစ်ပါကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၅-၉-၂၀၁၈ ရက် နေ့စွဲပါစာဖြင်‌့ အကြောင်းကြားလာခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ဦးတင်ရွှေအား ပြောင်းရွှေ့ပေးရေးနှင်‌့ ဦးအောင်သက်မန်းမှ ပေးသွင်းရန်ကျန်ငွေများ၊ ပေးသွင်းရန် ကိစ္စရပ်နှင်‌့ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင်‌့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကံမြင်‌့(သရက်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံတော်အတွက် ကြွေးကျန်ကျန်နေသည့် ပိုက်ဆံကိုမည်ကဲ့သို့ ကောက်ခံပေးသွင်းသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

အဆိုပါ မြေကွက်နှစ်ကွက်သည် နိုင်ငံပိုင်အဆောက်အဦများရောင်းချရေး ကော်မတီ၏ ကြီးကြပ်မှုနှင်‌့မူလ ရောင်းချခဲ့ခြင်း ဖြစ်ပါကြောင်း၊  ဌာနအနေဖြင့် Executive Role တွင် မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ငွေကြေးလက်ခံသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပထမဦးဆုံး မြေကွက်တစ်ကွက်သည်  စရီသန်ဒါယူသပါနီ ဟိန္ဒူဘုရားကျောင်းနှင့် ဆက်စပ်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  သေချာလေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဆောင်ရွက်ရာတွင် နှစ်ပိုင်းရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လေလံကိုပြန်လည် ဖျက်လိုက်ပြီး မူလပေးသွင်းထားသည့်လူကို ငွေပြန်အမ်းရန် အကြံပြုထားသော်လည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အဆိုပါအကြံပြုချက်ကို ခေတ္တဆိုင်းငံ့ ားသည့်အတွက် ကော်မရှင်တွင် ဆွေးနွေးရမည့် ကိစ္စဖြစ်ပါကြောင်း၊ ဒုတိယမြေကွက်နှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနနှင့်ကော်မရှင်က အဆိုပါမြေကွက်ပေါ်တွင် နေထိုင်နေသော ဦးတင်ရွှေမိသားစုကို ဖယ်ရှားရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဥပဒေ ၁၈၉၈ အောက်မြန်မာပြည် မြို့နှင်‌့ကျေးရွာမြေအက်ဥပဒေ ၁၉၊ ၂၀၊ ၂၁နှင့် ဖယ်ရှား ရှင်းလင်းပြီးချိန်တွင် ဦးအောင်သက်မန်းက ကျန်ရှိနေသည့် ငွေကြေးများကို ပေးသွင်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း