Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

( ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ  ၁၃ ရက် )

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၄) ဦးအနက် (၃၉၅)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့် ၁-၄-၂၀၁၆ မှ ၃၁-၃-၂၀၁၈ထိ တိုးလာသော ရင်းနှီးမြုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက် ကုမ္ပဏီ၊ လုပ်ငန်းအရေအတွက်၊ ရင်းနှီးပြီးငွေပမာဏ(US-ဒေါ်လာဖြင့်)၊ တည်ဆဲဥပဒေ၊ စာချုပ်စည်းကမ်းမလိုက်နာမှု၊ အခွန်ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်း အရေးယူခဲ့ရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြုပ်နှံလာစေရေး အခွင့်အလမ်းဖော်ဆောင်ပေးမည့် အစီအမံများရှိလျှင် ရှင်းလင်းချပြနိုင်ရေး မေးခွန်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်မတ်လကုန်အထိ ခွင့်ပြုခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မတ်လကုန် အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၆.၂၅ ရာခိုင်နှုန်းဖြစ်၍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တိုးတက်မှုရှိကြောင်း၊ တည်ဆဲဥပဒေ၊ စာချုပ်စည်းကမ်းမလိုက်နာမှု၊ အခွန် ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်းရန် အရေးယူခဲ့ရမှုများ မရှိခဲ့ပါကြောင်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဆိုပြုတင်ပြလာပါက ဦးစားပေး လုပ်ငန်းများအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ မေးမြန်းသော ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅) မိုင်ပေါ်တွင် တည်ရှိသည့် ချီလာဝါဒီနှင့် အဘွန်ထန်ကြားရှိ ပျက်စီးနေသည့် လမ်း၊ တံတားများအား ဖောက်လုပ်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေရရှိပြီးဖြစ်၍ ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများအတွက် ရန်ပုံငွေတောင်းခံသွားမှာဖြစ်ပြီး ရရှိပါက ခေါင်လန်ဖူး-အဘွန်ထန်လမ်းပိုင်းအား အဓိကဦးစားပေးအနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဦးကံမြင့်၊ သရက်မဲဆန္ဒနယ်မှ မေးမြန်းသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်မှ ဘဏ္ဍာရေးနှစ် အဆက်ဆက် ကြွေးပေး သွင်းရန် ကျန်ရှိသောငွေ (၂၈၈၀.၅၀၀) သန်းအား ယနေ့အထိ မည်မျှပေးသွင်းပြီး ဖြစ်ကြောင်းနှင့် မည်သို့အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်မှ ဘဏ္ဍာနှစ် အဆက်ဆက် ကြွေးကျန်ငွေမှာ ၂၂၈၀.၅ သန်းဖြစ်ပြီး အဆိုပါကြွေးကျန်ငွေများမှာ နိုင်ငံတော်ပိုင် အဆောက်အဦများ ရောင်းချရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရောင်းချသော မြေကွက် ၂ ကွက်၏ ကြွေးကျန်များဖြစ်၍ အရေးယူဆောင်ရွက်မှုအခြေအနေများကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်မှ မေးမြန်းသော ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင်ကြီး-သရက်တောင်မြို့၊ ရွာချင်းဆက်လမ်းပေါ်ရှိ ပေါက်တူးတောင် ချောင်းကူးတံတားနှင့် ကမ်းထောင်ကြီး-သရက်တောင်မြို့၊ ရွာချင်းဆက် မြေသား လမ်းအား မည်သည့်ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်ပေးမည်နှင့် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပေါက်တူးတောင် ချောင်းကူးတံတားအား ၃၁-၁-၂၀၁၉ ရက်နေ့တွင် အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ကမ်းထောင်ကြီး-သရက်တောင်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း၊ ကျန်ရှိနေသော မြေသားလမ်း ၆ ဖာလုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဆက်လက်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်မှ မေးမြန်းသော ရန်ကုန်မြို့အဝင်လမ်း မကြီးများအား လမ်းအဆင့်မြှင့်တင်ရန်၊ လမ်းမီးများထွန်းရန်၊ မြေယာရှုခင်း (Landscape)များ ပြုလုပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်မြို့ အဝင်လမ်းမကြီးများအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါသဖြင့် နောင်လာမည့်နှစ်များတွင် ယခုထက်ပိုမိုပြည့်စုံသော လမ်းမီးများနှင့် မြေယာရှုခင်းများ တည်ဆောက်ခြင်းလုပ်ငန်းများအား ဘဏ္ဍာနှစ်များ အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်မှ  မေးမြန်းသော ပင်လယ်လေး (လပွတ္တာ) ကြိုးတံတားသည် ပညာရှင်များ၏ စစ်ဆေးမှုများအရ မူလခံနိုင်ဝန်အား (၃၆)တန်မှ ၅၀% ကြံ့ခိုင်မှုအဆင့် လျော့ကျနေမှုကြောင့် တန်(၆၀) ခံ လုံခြုံစိတ်ချ ရသော တံတားအသစ်တစ်စင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စတင်တည်ဆောက်သွားမှာ ဖြစ်ပြီး ဖြည့်စွက်ရန်ပုံငွေ တောင်းခံချိန်တွင် လုံလောက်သောရန်ပုံငွေထပ်မံရရှိပါက ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် အပြီးတည်ဆောက်သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။            

(၇)    ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ်မှ မေးမြန်းသော  လှည်းကူးမြို့နယ်တွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ရန် ဆောင်ရွက်နေသော Eco Green City စီမံကိန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်က ရသင့်ရထိုက်သည့် အကျိုးအမြတ်ခွဲဝေမှုရရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားရန်  အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက Eco Green City စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်ပက်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန Website တွင် ဖော်ပြထားပြီး သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာ ၁၀ ခုတို့အား ဖိတ်ကြား၍ ရှင်းလင်းပြောပြခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခြင်းများ၊ သတင်းစာနှင့် ဂျာနယ်တွင်များတွင်လည်း ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါသဖြင့် စီမံကိန်းဆိုင်ရာအချက်အလက်များအား အများပြည်သူ သိရှိနိုင် ရန် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။                

(ခ)    အဆို (၁) ခုတင်သွင်းခြင်း

ဒေါ်မာမာခိုင်၊ သထုံမဲဆန္ဒနယ်က “ နိုင်ငံတွင် တစ်နေ့တခြားလူဦးရေ ထူထပ်များပြား လာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊  မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာ စီမံချက်ကို စနစ်တကျ အမြန်ဆုံးချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့  တိုက်တွန်းကြောင်း အဆို တင်သွင်းပြီး ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ် များက ၁၄-၁၁-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဂ)    ဥပဒေကြမ်း(၁)ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာနာပြုတက္ကသိုလ် ဥပဒေကြမ်း များအနက် သဘောကွဲလွဲသည့် အချက် ၁၀ ချက်ကို   ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅ နည်းဥပဒေခွဲ (က) နှင့်(ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီတိတိတွင်  ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၁၄.၁၁.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။