Skip to main content

 

ပင်လယ်လေးကြိုးတံတားသည် ရန်ကုန်-မြောင်းမြ-လပွတ္တာ ကားလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါတံတားကို ၂၀-၁၀-၁၉၉၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့်အတွက် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ပင်မတံတားအရှည် ပေ ၆၀၀ အပါအဝင် တံတားအရှည် ပေ ၁၃၀၀ ရှိပြီး တံတား၏ မူလ ခံနိုင်ဝန်သည် ၃၆ တန်ရှိပါကြောင်း၊ မြောင်းမြကြိုးတံတားဟောင်းတွင် သုံးစွဲထားသည့် နည်းပညာနှင့်လည်း တူညီပါကြောင်း၊ ထို့အပြင်  သက်တမ်းအရလည်း မြောင်းမြကြိုးတံတားနှင့်  တစ်နှစ်သာကွာခြားသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊

မြောင်းမြကြိုးတံတားဟောင်းပေါ်သို့ ဖြတ်သန်းသွားလာသည့် ယာဉ်များ၏တစ်ဝက်ကျော်သည် ပင်လယ်လေး ကြိုးတံတားပေါ်ကို ထပ်မံဖြတ်သန်းသွားရသည့်အပြင် လပွတ္တာကရေထွက်ပစ္စည်းများကို ရန်ကုန်သို့တင်ပို့ရာတွင်လည်း ပင်လယ်လေးကြိုးတံတားကိုဖြတ်သန်း၍ ထိုမှတစ်ဆင့် မြောင်းမြတံတားကိုဖြတ်သန်းရပါကြောင်း၊ ၁-၄-၂၀၁၈ ရက်နေ့တွင် မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ပင်လယ်လေးကြိုးတံတားကို တရုတ်၊ ဂျပန်၊ မြန်မာပညာရှင်များ သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် မူလတံတား၏ ခံနိုင်ဝန် ၅၀ နီးပါးလျှော့ချပြီး ၁၄ တန်ကိုသာ ယခုအချိန်တွင် ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊

လွန်ခဲ့သောနှစ်နှစ်က ယခုကဲ့သို့အချိန်တွင် ပြည်သူ့လွှတ်တော် ကြံ့ခိုင်မှုအားနည်းလာသော မြောင်းမြကြိုးတံတားအစား တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန် မေးခွန်းမေးမြန်း၍ ကြိုးစားဆောင်ရွက်ခဲ့ သော်လည်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ရပြီး အပြစ်မဲ့ပြည်သူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊

ထို့ကြောင့် ယင်းကဲ့သို့အဖြစ်ဆိုးများ ထပ်မံကြုံတေ့ွခြင်း မရှိစေရန်၊ လပွတ္တာခရိုင်က ရေထွက်ပစ္စည်းများ ရန်ကုန်သို့အချိန်မီတင်ပို့နိုင်ရန်၊ ရေရှည်တွင်ကုန်စည်စီးဆင်းမှုစရိတ်များ ကျဆင်းရန် လပွတ္တာမှ ရန်ကုန်သို့ ကုန်ကားကြီးများ၊ တွဲကားကြီးများ သွားလာနိုင်ရန်အတွက် ပင်လယ်လေးကြိုးတံတားကို တန် ၆၀ ခံနိုင်ဝန်ရှိ တံတားအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ/မရှိ၊ စတင်မြှင့်တင်ပါကလည်း မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ပြီး မည်သို့တည်ဆောက်သွားမည်၊ မည်သည်‌့နှစ်အတွင်း အပြီးတည်ဆောက်သွားမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော ပင်လယ်လေးကြိုးတံတားသည် ၃-၁-၁၉၉၈ ရက်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ခြင်းဖြစ်ရာ ယခုအချိန်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါတံတား၏ မူလခွင့်ပြုအလေးချိန်သည် ၃၆ တန်ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကျပြီးချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တန်ပိုယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုများကြောင့် တံတားခံနိုင်ဝန်ကျဆင်း လာသဖြင့်အလေးချိန် ၂၀ တန်အထိသာ ခွင့်ပြုထားခဲ့ပါကြောင်း၊

မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးမှုဖြစ်ပွားပြီးနောက်  ကြိုးတံတားများအား တိုင်းတာစစ်ဆေးခြင်းများပြုလုပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Highway Constriction Association နှင့် China Road and Bridge Cooperation မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ၂၃-၄-၂၀၁၈ ရက်နေ့မှ ၂၅-၄-၂၀၁၈ ရက်နေ့အထိ တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ကြိုးတံတားများစစ်ဆေး ဆောင်ရွက်မှုပြုလုပ်ပြီးနောက် လပွတ္တာပင်လယ်လေးတံတား ခံနိုင်ဝန်ကြံ့ခိုင်မှုအား အဆင့် (၄) အဖြစ် သတ်မှတ်ပြီး လက်ရှိခွင့်ပြုထားသည့် အလေးချိန်တန် ၂၀ အောက် လျှော့ချ၍ ၁၄ တန်အထိသာ ခွင့်ပြုပြီး ယာဉ်များသွားလာရန် သတ်မှတ်ထားပါကြောင်း၊ တံတားသစ်တည်ဆောက်ရန် လိုအပ်လာပြီဖြစ်သည့် အတွက် ကြိုးအပိုင်းများကို ဖြုတ်ထုတ်၍ Steel Box Girder အမျိုးအစားဖြင့် အစားထိုးတည်ဆောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

လပွတ္တာပင်လယ်လေးတံတားကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (ယခုဘဏ္ဍာရေးနှစ်) အတွင်း စတင်တည်ဆောက်သွားမည် ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် လုံလောက်သည့် ရန်ပုံငွေ ထပ်မံရရှိပါက ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဖြည့်စွက်တောင်းခံရာတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ပြန်လည်ပြင်ဆင်မည့် တံတားလေးစင်းနှင့် ရခိုင်ပြည်နယ်ရှိ ရာမောင်ကြိုးတံတားကို အသစ်ပြန်လည်ပြင်ဆင်မည်ဖြစ်သည့်အတွက် ဖြည့်စွက်တောင်းခံသည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပြုပေးရန်တစ်ပါတည်း မေတ္တာရပ်ခံပါကြောင်း၊ အဆိုပါရန်ပုံငွေများ ထပ်မံရရှိမည်ဆိုပါက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း