Skip to main content

 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး နိုင်ငံ၏ အကြီးဆုံးမြို့၊ လူဦးရေအများဆုံးမြို့ ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဓိကဝင်ပေါက်ဖြစ်ပြီး ကုန်သွယ်ရာ ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ အဝင်လမ်းမကြီးသည် ဆိုးရွားနေပြီး မြို့တော်အင်္ဂါရပ်နှင့် မကိုက်ညီတော့သဖြင့် အဆင့်မြှင့်တင်ရန်လိုအပ်နေပါကြောင်း၊ မြို့အဝင်လမ်းမီးများသည်လည်း လုံလောက်မှုမရှိသဖြင့် မှောင်နေ သောကြောင့် ကားများကို မီးကြီးများဖွင့်ပြီး  ခက်ခက်ခဲခဲမောင်းနှင်ရပါကြောင်း၊ အမှတ် (၁) လမ်းမကြီး တချို့နေရာများတွင် လမ်မီးများမရှိပါကြောင်း၊ ရှိသည့်နေရာတွင်လည်း လမ်းတစ်ဖက်သာရှိပါကြောင်း၊ အမှတ် (၃) လမ်းတွင်လည်း ရန်ကုန်-မန္တလေးလမ်းနှင့် အမှတ်(၃)လမ်းဆုံမှ ခရေပင်လမ်းအထိ လမ်းမီးမရှိ ပါကြောင်း၊ အမှတ်(၂)လမ်း၊ အမှတ်(၄)လမ်းမကြီး၊ အမှတ်(၅)လမ်းမကြီးတွင်လည်း လမ်းမီးများမရှိသကဲ့သို့ ဖြစ်သည့်အပြင် လမ်းအဆင့်အတန်းလည်း နိမ့်ကျပါကြောင်း၊ Road Furniture များလည်း ပြည့်စုံအောင် မရှိပါကြောင်း၊  တချို့နေရာများတွင် လမ်းလယ်မျဉ်း ရေးဆွဲထားခြင်း မရှိပါကြောင်း၊ နိုင်ငံတကာမြို့ကြီးများနှင့် ပြည်တွင်းမြို့ကြီးများတွင် မြို့ဝင်လမ်းများကို သစ်ပင်ပန်းမန်များ၊ မြေယာရှုခင်းများနှင့် သာယာလှပအောင် ဆောင်ရွက်ထားပါကြောင်း၊ မြို့ထဲဝင်သည်နှင့် မီးများလင်းထိန်နေပါကြောင်း၊ ရန်ကုန်မြို့အဝင်လမ်းမကြီးသည် ကျူးကျော်တဲများ၊ ကိုယ့်သဘောနှင့်ကိုယ် ဆောက်ထားသည့် ဈေးဆိုင် တန်းများ၊ အမှိုက်ပုံများ၊ ချုံနွယ် ပိတ်ပေါင်းများနှင့် ဖြစ်နေပါကြောင်း၊ ညဘက်ဆိုတွင်လည်း မှောင်မဲနေပြီး လမ်းသည် မညီမညာဘဲ ကျင်းများ၊ ချိုင့်များနှင့် ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့ အဝင်လမ်းမကြီးများကို လမ်းအဆင့် မြှင့်တင်ပေးရန်၊ လမ်းမီးများထွန်းပေးရန်၊ မြေယာရှုခင်းများ (Landscape) များပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့သည်။


      

 

ရန်ကုန်မြို့အဝင်လမ်းမကြီးများသည် အမှတ် (၁) လမ်း (ပြည်လမ်း)၊ အမှတ် (၂) လမ်း (ရွာသာကြီးအဝင်လမ်း)၊ အမှတ် (၃) လမ်း (မင်္ဂလာဒုံအဝင်လမ်း)၊ အမှတ် (၄) လမ်း (မှော်ဘီမှတစ်ဆင့် ရွှေပြည်သာမြို့အဝင်လမ်း)၊ အမှတ် (၅) လမ် း(ပုသိမ်လမ်း) နှင့် အမှတ် (၆) လမ်း (သန်လျင်မြို့အဝင်လမ်း) များ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ရန်ကုန်မြို့အဝင်လမ်းမကြီးများအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် အကြီးစားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၁) မြို့အဝင်လမ်းတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ် (၂) လမ်းမကြီးနှင့် အမှတ် (၃) လမ်းမကြီးတို့မှာ မက်(စ်)ကုမ္ပဏီက B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လေးလမ်းသွား ကတ္တရာလမ်းမကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၄) လမ်းမကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ  ထိန်းသိမ်းပြုပြင် ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လေးလမ်းသွားအဖြစ် တိုးချဲ့ဆောင်ရွက်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်းတွင် အပြီးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အမှတ် (၅) လမ်းဖြစ်သည့် ပုသိမ်လမ်းပိုင်းအား ယခင်နှစ်များက ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ရာ အဆိုပါလမ်းမှာ လမ်းပျက်စီးမှုများပြား၍ ယာဉ်ကြော ကျပ်တည်းမှုများကြောင့် ခြောက်လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ် (၆) လမ်းတွင် ပဲခူး-သနပ်ပင်-ခရမ်း- သုံးခွ-သန်လျင်လမ်းပေါ်ရှိ သန်လျင်တံတားအသစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ပြီး လမ်းတိုးချဲ့ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရန်ကုန်မြို့အဝင်လမ်းမကြီးများအား တိုးချဲ့ဆောင်ရွက် လျက်ရှိပါသဖြင့် လိုအပ်သောလမ်းလယ်ကျွန်းများ နှင့် တြိဂံကျွန်းများတည်ဆောက်ခြင်း၊ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ သစ်ပင်ပန်းမန်များပုံဖော်ခြင်း၊ လိုအပ်သောနေရာများတွင် လမ်းမီးများနှင့် ဟိုင်းပက် (စ်) မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်လာမည့် နှစ်များတွင် ယခုထက် ပိုမိုပြည့်စုံသော လမ်းမီးများနှင့် မြေယာရှုခင်းများတည်ဆောက်ခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ်များအလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း