Skip to main content

 

(ဃ)-ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင်ကြီး-သရက်တောင် မြို့၊ ရွာချင်းဆက်လမ်းပေါ်ရှိ ပေါက်တူးတောင် ချောင်းကူးတံတားနှင့် ကမ်းထောင်ကြီး-သရက်တောင် မြို့၊ ရွာချင်းဆက် မြေသားလမ်းအား မည်သည်‌့ဘဏ္ဍာနှင်တွင် အပြီးဆောင်ရွက်ပေးမည်နှင့် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် မည်သည်‌့ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ကမ်းထောင်ကြီးမြို့နှင့် မြေပုံမြို့ဆက်လမ်းသည် သရက်တောင်ဆက်လမ်း ပေါက်သွားမည်ဆိုပါက ၎င်းသရက်တောင်က ပြည်သူ‌များသည် ရန်ကုန်-စစ်တွေလမ်းမကြီးကို အချိန်တိုအတွင်း ရောက်သွားမည် ဖြစ်ပါကြောင်း၊ ထိုလမ်းတံတားကို ၂၀၁၅-၁၆ ဘတ်ဂျက်က စတင်လာခဲ့ပြီး လမ်းက ၃ မိုင် ရှည်ပြီး တံတားသည် ပေ ၂၀၀ ကျော်လောက် ရှည်သည့်ချောင်းကို ဖြတ်ထိုးထားခြင်း ဖြစ်သော်လည်း ၃ နှစ်ခန့်ရှိပြီး ယခုနှစ်အချိန်အထိ လမ်းလည်းမပေါက် တံတားလည်းမပြီးသေးပါကြောင်း၊ ၂၀၁၈ ခုနှစ် ၆ လဘတ်ဂျက်တွင် ပြည်နယ်ရန်ပုံငွေ သန်း ၂၀၀ ဖြင့် ပညာတန်ဆောင် ကုမ္ပဏီကို အပြီးဆောက်လုပ်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ သို့သော် ဘတ်ဂျက်နှစ်ကာလ ကုန်သွားခဲ့သော်လည်း ယနေ့အထိ တံတားမပြီးသေးသည့်အတွက်  ပြည်သူများက စိုးရိမ်လျက်ရှိပြီး ၎င်းတံတားကို မည်သည့်အချိန်တွင် ပြီးမည်ဆိုသည်ကို ပထမတစ်ချက်အနေဖြင့် မေးချင်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် သရက်တောင်ရွာကလာပြီး ကမ်းထောင်ကြီးကို သွားသည့်အခါ သုံးနှစ်လောက်ရှိသည့် ၎င်းမြေသားလမ်းများသည် မိမိတို့ဒေသ၏ ရာသီဥတုအခြေအနေအရ မည်ကဲ့သို့မှမူလပုံစံအတိုင်း မဖြစ်နိုင်ပါကြောင်း၊ ရွာဝင်မနီးမဝေးတွင်လည်း သစ်သားတံတား ငယ်တစ်ခုရှိပြီး ရွာဝင်လမ်းကလည်း ကျဉ်းသည့်အတွက် ထိုသစ်သားတံတားသည် သေးငယ်ပါကြောင်း၊ ထို့ကြောင့် ကားကြီး/ကားငယ်များ ဝင်လာမည်ဆိုလျှင် မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကမ်းထောင်ကြီးပေါက်တူးတောင်လမ်းကို ဒေသခံများနှင့်တိုင်ပင်ပြီး တင်ပြမည်ဟု ဆုံးဖြတ်ထားကြပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကို ပြန်ပြီးအဆင့်မြှင့်တင်ပေးရန် မည်သည့်အချိန်တွင် ပြုလုပ်မေးမည်နည်းနှင့် မိမိပြောခဲ့သည့် ဒေသ၏ ရာသီဥတုအခြေအနေက တာရှည်ထားရင် ရေပြွန်များလည်းမပါရှိခြင်းကြောင့် ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် နိုင်ငံတော်ဘတ်ဂျက်လည်း အလဟဿဆုံးရှုံးမည်ဖြစ်ပါကြောင်း၊ မြေသားလမ်းတစ်ခုကို ၂ နှစ်ခန့် ကျောက်ခင်းလမ်းမဖြစ်နိုင်ဘူးဆိုပါက မိမိတို့အတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် မြေသားလမ်းကိုလည်း ပုံစံမှန်အောင် လုပ်ပေးရန်နှင့် ၎င်းနေရာတွင် ကျောက်ခင်းလမ်းကို မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

မေးခွန်း၏ ပထမအပိုင်းဖြစ်သည့် ကမ်းထောင်ကြီး-သရက်တောင်လမ်းပေါ်ရှိ ပေါက်တူးတောင် ချောင်းကူးတံတားအား တည်ဆောက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့်အပိုင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးရန်အတွက် ၃၁-၁-၂၀၁၉ ရက်နေ့ လာမည်‌့ ၃၁-၁-၂၀၁၉ ရက်နေ့တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ မေးခွန်း၏ ဒုတိယအပိုင်းဖြစ်သည့် မြေပုံမြို့နယ် ကမ်းထောင်ကြီး-သရက်တောင်လမ်း အရှည် ၃ မိုင် ၂ ဖာလုံသည် ယာယီမြေသား တာပေါင်လမ်းအဆင့်ဖြစ်ပြီး ဒီရေကင်းလွတ်အမြင့် ၃ ပေ နှင့် မြေသားလမ်းတာပေါင်တင်ခြင်း အကျယ် ၂၄ ပေ ရရှိအောင် ဆောင်ရွက်ပြီးပါက ကျောက်ချောလမ်းအဖြစ်သို့ အဆင့်မြှင့်တင် ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် ထည်‌့သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ်းထောင်ကြီးနှင့် ယခုဆောက်လုပ်ဆဲ ပေါက်တူးတောင်ချောင်းကူးတံတားကြားတွင် ဆောက်လုပ်ရန် ကျန်ရှိနေသည့် မြေသားလမ်းကြမ်း ၆ ဖာလုံကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည်‌့စွက်ရန်ပုံငွေတွင် ထည်‌့သွင်းလျာထားပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း