Skip to main content

 

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက် အကျဆုံးတွင်တည်ရှိပြီး ပင်လယ်ပြင် မျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၀.၃၉ ကျယ်ဝန်းပြီး လူဦးရေပေါင်း ၁၅၀၀၀ ကျော်နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် များစွာနောက်ကျနေသည့် မြို့နယ်လည်း ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် အဓိကလမ်းမကြီးအနေဖြင့် ခေါင်လန်ဖူး-မကွေဇ-ပူတာအိုလမ်း ၁၃၀ ကျော်နှင့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်တို့ဖြစ်ပါကြောင်း၊ ထိုလမ်းနှစ်လမ်းအနက် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်သည် ဌာနဆိုင်ရာနှင်‌့ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ သွားလာအသုံးပြုမှု အများဆုံးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားများကျိုးကျ ပျက်စီးခြင်း၊ လမ်းများမြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး နှစ်စဉ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူပြုပြင် ထိန်းသိမ်းလာခဲ့သော်လည်း ယခုအခါ ပြုပြင်မှုအားနည်းလာသဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ သွားလာရခက်ခဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ယမန်နှစ်က ချီလာဝါဒီနှင့် အဘွန်ထန်ကြား ပျက်စီးနေသည့်လမ်းနှင့်တံတားများ ပြုပြင်ဖောက်လုပ်ရန် ဘတ်ဂျက်ရရှိပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအတွက် နေရာသတ်မှတ်တိုင်းတာပြီးမှ အကြောင်းအမျိုးမျိုးပြ၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊

အဆိုပါလမ်းများကိုကြည်‌့ပါက ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ အဆင်ပြေစွာသွားလာနိုင် စေရန်အတွက် လမ်းနှင့်တံတားများပြုပြင်ဖောက်လုပ် ဆောင်ရွက်ပေးရန်များစွာ ကျန်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများ အများဆုံးအသုံးပြုနေသည့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်ပေါ်တွင်တည်ရှိသည့် ချီလာဝါဒီနှင့် အဘွန်ထန်ကြားသွားလာရေး လွယ်ကူစေရန်အတွက် ပျက်စီးနေသည့် လမ်း၊ တံတားများအား အမြန်ဆုံးဖောက်လုပ်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ခေါင်လန်ဖူး-ညီတားဒီလမ်းသည် စုစုပေါင်းလမ်းအရှည် ၅၅ မိုင်ရှိပြီး ၎င်းလမ်းသည် လမ်းဦးစီးဌာနမှစီမံခန့်ခွဲသော လမ်းအပိုင်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းသည် မိုင်တိုင်အမှတ် (၂၀) အဘွန်ထန်မှ မိုင်တိုင်အမှတ် (၄၂) ချီလာဝါဒီထိ ၂၂ မိုင် လမ်းပိုင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းနှင့် ပတ်သက်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ၈၁၀ သန်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ၂၇.၅ သန်း တို့ရရှိခဲ့ပါကြောင်း၊ သို့သော် ခေါင်လန်ဖူးမှ အဘွန်ထန်လမ်းပိုင်းသည် မော်တော်ကားလမ်းမပေါက်သည့်အတွက် လူသွားလမ်းအဆင့် ရှိပါကြောင်း၊ ၎င်းအချိန်တွင် ချီလာဝါဒီမှ ညီတားဒီထိ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မော်တော်ကားလမ်း ပေါက်ထားပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ အရလည်းကောင်း၊ စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာအရလည်းကောင်း၊ နယ်မြေဒေသလုံခြုံမှုပိုင်းဆိုင်ရာအရ သော်လည်းကောင်း၊ လိုအပ်ချက်များစွာ ရှိသည့်အတွက် ပထမဦးစွာ ခေါင်လန်ဖူးမှ အဘွန်ထန်သို့ မော်တော်ကားလမ်းဦးစွာ ပေါက်ရန်လိုအပ် ပါကြောင်း၊ ထိုမှတစ်ဆင့် အဘွန်ထန်မှ ချီလာဝါဒီသို့ တစ်ဆင့်ချင်းမော်တော်ကားလမ်း ဖောက်လုပ်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အကြံပြုထားပါကြောင်း၊ သို့ဖြစ်ပါ၍ အဘွန်ထန်မှ ချီလာဝါဒီလမ်းပိုင်းရှိ ရန်ပုံငွေများကို ခေါင်လန်းဖူးမှအဘွန်ထန် လမ်းပိုင်းသို့ လုပ်ငန်းပြောင်းလဲ ဆောင်ရွက်စေခဲ့ပါကြောင်း၊ အဆိုပါ လမ်းပိုင်းတွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ သစ်သားတံတားသုံးစင်း၊ ကြိုးတံတားအသစ်တစ်စင်း အသစ်ပြုပြင်ခြင်း လုပ်ငန်းနှင့် ပြည်နယ်ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေ၊ လူ၊ လားများ သာမန်သွား လာနိုင်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၈ ဘဏ္ဍာရေးနှစ် (ဧပြီလ၊ စက်တင်ဘာလထိ) ခြောက်လတွင် ရန်ပုံငွေမရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်သန်း ၃၀ ဖြင့် သစ်သားတံတား ၁၀ စင်း အသစ်ပြုပြင် ဆောက်လုပ်ခြင်းနှင့် ပြည်နယ်ပြင်/ထိန်းရန်ပုံငွေဖြင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများရရှိပြီး ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ရန်ပုံငွေတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေများရရှိပါက ခေါင်လန်ဖူး-အဘွန်ထန်လမ်းပိုင်းအား အဓိကဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း