Skip to main content

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် ၁-၄-၂၀၁၆  မှ ၃၁-၃-၂၀၁၈ ထိ တိုးလာသော ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက် ကုမ္ပဏီ၊ လုပ်ငန်းအရေအတွက်၊ ရင်းနှီးပြီးငွေပမာဏ (US ဒေါ်လာဖြင့်)၊ တည်ဆဲဥပဒေ၊ စာချုပ်စည်းကမ်း မလိုက်နာမှု၊ အခွန်ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရေး အခွင့်အလမ်းဖော်ဆောင်ပေးမည့်အစီအမံများရှိလျှင် ရှင်းလင်း ချပြနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိနေပါကြောင်း၊ နိုင်ငံ၏စီးပွားရေးလုပ်ငန်း ကဏ္ဍကြီးများဖြစ်သည့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ ခရီးသွားပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ သယံဇာတထုတ်လုပ်ရေးနှင့် စွမ်းအင်လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းစသည့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အလုပ်လက်မဲ့ပြဿနာများနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအတွက်လည်း အထောက်အပံ့အများကြီး ရလာနိုင်ပါကြောင်း၊ မေးမြန်းရသည့် ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် တင်ပြခဲ့သည့် လုပ်ငန်းကဏ္ဍတစ်ခုချင်း အနေအထားအရ အားသာချက်၊ အားနည်းချက်များ လေ့လာသိရှိနိုင်ရေးနိုင်ငံ၏ အဓိကအားထားရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဖိတ်ခေါ်နိုင်ရေးနှင့် လိုအပ်ချက်များ၊ အားနည်းချက်များ အကြံပြုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်ပါကြောင်း၊

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့တွင် ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ၁-၄-၂၀၁၆ ခုနှစ်မှ ၃၁-၃-၂၀၁၈ ခုနှစ်အထိ အစိုးရသစ်ကာလအတွင်း တိုးတက်လာသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအရေအတွက် ရင်းနှီးမြှုပ်နှံပြီးငွေ US ဒေါ်လာဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းမလိုက်နာမှု အခွန်ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်း အရေးယူရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာရေး အခွင့်အလမ်းဖော်ဆောင်ဖိတ်ခေါ်မည့် အစီအမံများရှိလျှင် ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ မေးမြန်းခဲ့သည်။


 

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၁၉၈၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၃၁-၃-၂၀၁၆ ရက်နေ့အထိ ၂၈ နှစ်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁၀ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃.၇၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့မှအပ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စသည့်လုပ်ငန်းကဏ္ဍ ၁၀ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၆၀ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်မတ်လကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏  ၁၆.၂၅ ရာခိုင်နှုန်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် တိုးတက်မှုရှိပါကြောင်း၊

မြန်မာနိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် MIC Permit ခွင့်ပြုမိန့်ထက် ဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး တည်ဆဲဥပဒေ၊ စာချုပ်စည်းကမ်းမလိုက်နာမှု၊ အခွန်တိမ်းရှောင်မှုများကြောင့် လုပ်ငန်းပိတ်သိမ်းရန် အရေးယူခဲ့မှုများ မရှိခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာ (၁၃/၂၀၁၇) အရ ဆေးရွက်ကြီး ဗာဂျီးနီးယားဆေးများ စိုက်ပျိုးထုတ်လုပ်ခြင်း မှလွဲ၍ လယ်ယာစိုက်ပျိုးရေး၊ သစ်တောစိုက်ပျိုးပြုစုရေးနှင့် တခြားသစ်တောလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ၊ ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ၎င်းတို့နှင့်ဆက်စပ်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးမြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ Promoted Sector များအဖြစ် သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ဦးစားပေးမြှင့်တင်မည့် ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် သူများအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၅ အရ လုပ်ငန်းဆောင်ရွက်သည့်အပေါ်၊ ဒေသအပေါ်မူတည်ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်မှခုနစ်နှစ်အထိ လျှောက်ထားခံစားခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးအခြေခံတ န်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများနှင့် ရေထွက်ပစ္စည်းမွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းများ အဆိုပြုတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများ Priority Sector များအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စီမံဆောင်ရွက်ချက်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊  ဒုတိယဝန်ကြီး ဦးဆက်အောင်