Skip to main content

 

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းရှိ စီခမ်းကြီး အ.ထ.က (ခွဲ)ကျောင်းသည် ၁၉၅၃-၅၄ ခုနှစ်ခန့်မှစပြီး ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းဝင်းထဲတွင် ပင်မဆောင်တစ်ဆောင်နှင့် ခရေဆောင် နှစ်ထပ်ဆောင် တစ်ဆောင် ကျောင်းသားမိဘများမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော အဆောင်နှစ်ဆောင်သာ ရှိပါကြောင်း၊ ၎င်းအဆောင်များသည် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက် စံကိုက်ပုံစံနှင့် မကိုက်ညီသည့်အတွက် ယခုအချိန်တွင် အ.ထ.က (ခွဲ) အနေဖြင့် ဖြစ်လာသည့်အခါ ကျောင်းသားဦးရေများ တိုးတက်လာသည်နှင့်အမျှ ကျောင်းဆောင်လိုအပ်ချက်များ အများကြီးရှိလာခြင်း ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ၁၉၅၃-၅၄ ခုနှစ်ကတည်းက အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာ/မများ ဖြစ်ပါကြောင်း၊ ကျောင်းဆောင်ကြီးတွင် ကျောင်းဆောင်များ အများကြီး ဆောက်လို့ရသည့် မြေအနေအထားများရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည်မှာ ကျောင်းအဆင့်များ တိုးလာပြီး ကျောင်းသားဦးရေများ များလာသည့်အခါ စာသင်ခန်း လိုအပ်ချက်များ ရှိလာသည့် အတွက်ကြောင့် ပေ ၁၇၀ x ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်ကို လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်သစ်တစ်ဆောင် RCC နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မိမိတို့ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေး လျာထားချက်များ ဆောင်ရွက်ရာတွင် အသစ်တည်ဆောက်ရန် လိုအပ်သော ကျောင်းများ၊ အန္တရာယ်ရှိကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော ကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သော ကျောင်းများ၊ သဘာဝဘေးဒဏ်အရ နေရာပြောင်းရွှေ့ ဆောက်လုပ်ရသော ကျောင်းများစသည်ဖြင့် လုပ်ငန်းများခွဲခြားပြီး မြို့နယ်အလိုက် ဦးစားပေးအဆင့်အတန်းများ ဆောင်ရွက်ခဲ့ရာ မံစီမြို့နယ်အတွက် တည်ဆောက်ရေးလုပ်ငန်း ခုနစ်ခုအား ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးခဲ့သော ကျောင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မံစီမြို့နယ်၊ စီခမ်းကြီး အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် စာသင်ခန်းလိုအပ်ချက်အရ တိုးချဲ့ကျောင်းဆောင်အသစ် တစ်ဆောင်ဆောက်လုပ်ရန် လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း