Skip to main content

 

(ခ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဗျူဟာလမ်းမကြီးပေါ်မှ နမ့်ပါတ်ကား-တောင်ချေရင်း-လယ်ဦး-နောင်ဖာမူ-တက်ခက်-နားနူး-မန်သက်-တပ်ကုန်း-ကိုးတောင်-ဆင်းနှာမောင်းကျေးရွာများအထိ ရာသီမရွေးသွားလာ နိုင်သော ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးရန်နှင့် လိုအပ်သောတံတားများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိမေးမြန်းသည့် လမ်းသည် ဗျူဟာလမ်းမကနေပြီး ၂၃ မိုင် ခရီးရှိပါကြောင်း၊ ၎င်းလမ်းပေါ် ပါရှိသည့် ကျေးရွာများသည် နမ်ထိပ်ကွင်းချောင်းရိုးတလျှောက်တွင် ပါရှိနေပါကြောင်း၊ နမ်ထိပ်ကွင်း ချောင်းရိုးသည်လည်း ပို့ဆောင်ဆက်သွယ်ရေးအတွက် မည်သို့မျှအသုံးပြု၍ မရသည့် အတွက်ကြောင့် ထိုဒေသရှိ ပြည်သူလူထုသည် ခြေလျင်သာ သွားလာနေကြရပါကြောင်း၊ ၎င်းဒေသသည် တချိန်က သစ်ထုတ်လုပ်သည့် ဒေသဖြစ်ခြင်းကြောင့် သစ်ထုတ်လမ်းများသည် ဦးတည်ရာမဲ့ရှိုခြင်းကြောင့် ရွာသားများသည် ထိုသစ်ထုတ်လမ်းများကိုသာ အသုံးပြုပြီး သွားလာနေကြရခြင်း ဖြစ်ပါကြောင်း၊ နွေရာသီသုံးလခန့်က ဆိုင်ကယ်လမ်းဖြင့်သွားနိုင်ပြီး မိုးကျသည်နှင့်တစ်ပြိုင်တည်း လမ်းပျက်သွားပြီး ခြေလျင်သွားလာနေရပါကြောင်း၊ ဆိုင်ကယ်လမ်း သွားရခြင်းမှာလည်း လယ်ကန်သင်းရိုးတလျှောက် စီးနင်းပြီး သွားခဲ့ရခြင်းဖြစ်ပါကြောင်း၊ ၎င်းဒေသသည် ဟုမ္မလင်းမှ မိုင် ၆၀ လောက်ဝေးသည့်အတွက် မိုးရာသီဆိုလျှင် မြို့နှင့်အဆက်အသွယ်ပြတ်တောက် သွားပါကြောင်း၊ မြို့ပြအုပ်ချုပ်ရေး လက်တံမရောက်ရှိနိုင်အောင် အလှမ်းဝေးသည့် နေရာတွင်ရှိနေပါကြောင်း၊ အနီးဆုံးအပိုင် နောင်ဖာမူရဲစခန်းတွင် ၎င်းဒေသမှ မိုင် ၄၀ ခန့်ဝေးကွာပါကြောင်း၊ ထိုဒေသတွင်ရှိသည့် ကျေးရွာခေါင်းဆောင် အချို့သည် ဟုမ္မလင်းမြို့သို့ ရောက်ရှိဖူးခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ထိုကျေးရွာရှိ ပြည်သူများ၏ လူနေမှု၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ နိမ့်ကျနေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းနမ်ထိပ်ကွင်းချောင်းရိုး တလျှောက်တွင် မဖော်ထုတ်ရသေးသည့် လွင်ပြင်ဒေသများစွာ ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သို့သော်လည်း စိုက်ပျိုးရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်ခြင်းမရှိပါကြောင်း၊ ထိုဒေသတွင်ရှိသည့် ထွက်ကုန်များကို နောင်ဖာမူ-ဟုမ္မလင်း ဈေးများကို ပို့ဆောင်ရန်အတွက် ကုန်ထုတ်လမ်းမရှိသည့် အတွက်ကြောင့် ဖြစ်သည်ဟု ယူဆမိပါကြောင်း၊ မြို့ပြအုပ်ချုပ်ရေးနှင့် အလှမ်းဝေးရာ‌ ဒေသဖြစ်သောကြောင့် မူးယစ်ဆေးသယ်ရာ လမ်းကြောင်းအဖြစ် အသုံးပြုနေခြင်းလည်း တွေ့ရှိရပါကြောင်း၊ ကျေးရွာသား အများစုတွင်လည်း မူးယစ်ဆေးစွဲသူများအဖြစ် တွေ့ရှိခဲ့ရပါကြောင်း၊ ထိုဒေသကို အဘက်ဘက်မှ တိုးတက်လာအောင် မြို့ပြအုပ်ချုပ်လက်လှမ်း မီနိုင်စေရန်အတွက် မြို့ပြနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဤလမ်းခရီးတွင် ချောင်းဖြတ်များ ခဏခဏ ဖြတ်နေရခြင်း ဖြစ်သည့်အတွက် တံတားများလည်း ထိုးပေးရမည် ဖြစ်ပါကြောင်း၊ အကယ်၍ လမ်းတံတားများ ဖောက်လုပ်ပေးမည်ဆိုပါက ပထမဦးစွာ ကနဦးစူးစမ်းမှုပြုလုပ်သင့်ပါကြောင်း အကြံပေးချင်ပါသည်။ ဤလမ်းကို မြို့နယ်၊ ခရိုင်ကျေးလက်လမ်းဦးစီးနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုဆွေးနွေး ခဲ့ဖူးပါကြောင်း၊ ၎င်းတို့ဘတ်ဂျက်အနေဖြင့် မဖြစ်နိုင်ပါဘူးဆိုသည့်အတွက် ပြည်သူ့လွှတ်တော်တွင် အားကိုးမေးမြန်းရခြင်း ဖြစ်ပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

 

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဗျူဟာလမ်းမကြီးမှ နမ်‌့ပါတ်ကား-တောင်ချေရင်း-လယ်ဦး- နောင်ဖာမူ- တက်ခက်-နားနူး-မန်သက်-တပ်ကုန်း-ကိုးတောင်-ဆင်နှာမောင် ကျေးရွာများသို့ ဆက်သွယ်သော လမ်းသည် မြေသားလမ်းဖြစ်ပြီး လမ်းအရှည် ၂၇ မိုင် ရှိပါကြောင်း၊ အဆိုပါ မြေသားလမ်းသည် ခန္တီး-ဟုမ္မလင်း လမ်းမကြီးနှင့် ဆက်သွယ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁) တွင် ပါဝင်ပါကြောင်း၊ အဆိုပါမြေသားလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည် ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၂၀၀၊ လူဦးရေ ၅၀၀၀ ကျော်ကို အကျိုးပြုမည်ဖြစ်ပါသဖြင့် ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကွန်ကရစ်တံတား ၂၅၀ ပေ နှစ်စင်းနှင့် Box Culvert ခုနစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ပုံငွေများတင်ပြ သွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။