Skip to main content

 

(ခ)-နိုင်ငံရေးပါတီတစ်ခုက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ဖိတ်ကြားပြီး အစိုးရပိုင်ကျောင်းအဆောက်အဦတစ်ခုတွင် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အစိုးရပိုင်အခြေခံ ကျောင်းဝင်းအတွင်း ယင်းပါတီ၏ အလံစိုက်ထူခြင်းနှင့် တံဆိပ်ကပ်ထားမှုတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

၁၇-၆-၂၀၁၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ် အ.ထ.က(ရေဝေ)  မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် နိုင်ငံရေးပါတီတစ်ခု၏ ဖိတ်စာပါသည့် ဖိတ်စာနှင့် ဖိတ်ကြားခြင်း၊ (၂) အနေနှင့် နိုင်ငံပိုင်ကျောင်းဝန်းအတွင်းမှ ခန်းမဆောင် တစ်ခုတွင် ကျင်းပခဲ့ခြင်း၊ ကျောင်းဝန်းအတွင်းတွင် ပါတီ၏အလံများကို စိုက်ထူထားခြင်း၊ အခမ်းအနား၏ နောက်ခံစာသားတွင် ပါတီတံဆိပ်တပ်ဆင်ထားခြင်း၊ အခမ်းအနားကျင်းပရာ စကားပြောစင်မြင့်တွင်လည်း ပါတီတံဆိပ်တပ်ဆင်ထားခြင်းတို့ ပါရှိပါကြောင်း၊

ထို့အတူ ကျောင်း၏ဆိုင်းဘုတ်အောက်တွင်လည်း ထိုအခမ်းအနားကျင်းပသည့် ဆိုင်းဘုတ်ကို ပါတီတံဆိပ်နှင့် တပ်ဆင်ထားပါကြောင်း၊ ထိုကဲ့သို့ ပြုမူဆောင်ရွက်မှုများသည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။


 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားရန် မေးခွန်းနှင့် ကျိုးကြောင်းဖော်ပြချက်များကို လေ့လာခဲ့ရာ နိုင်ငံရေးပါတီတစ်ခုဟု ရည်ညွှန်းဖော်ပြထားသော်လည်း မည်သည့်နိုင်ငံရေးပါတီဖြစ်သည်ကို ဖော်ပြထားမှုမရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ဖိတ်ကြားဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း တက်ရောက်သူများ၏ အမည်နှင့် ရာထူးဌာနများအား ဖော်ပြထားမှုမရှိခြင်း၊ အစိုးရပိုင်အခြေခံပညာကျောင်းဝင်းတစ်ခုအတွင်းဟု ဖော်ပြထားသော်လည်း မည်သည့်ကျောင်း ဖြစ်သည်ကို ဖော်ပြထားမှုမရှိခြင်း စသည်ဖြင့် တိကျမှုမရှိဘဲ ယေဘုယျသဘောဆန်သည့် မေးခွန်းဖြစ်သည်ကို လေ့လာစိစစ်တွေ့ရှိရပါကြောင်း၊ ယခုမေးခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၄-၇-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းတွင် လက်ခံရရှိခဲ့ပါ ကြောင်း၊ မေးခွန်း၏ အနှစ်ချုပ်သဘောမှာ မေးမြန်းသူက ယေဘုယျသဘောမဟုတ်ဘဲ အထောက်အထား တိကျခိုင်မာစွာဖြင့် ပြည့်ပြည့်စုံစုံဖော်ပြတိုင်ကြားလာခဲ့ပါလျှင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဘက်တို့ အား စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီးမှသာလျှင် အဆုံးအဖြတ်ပြုပေးရမည့် ကိစ္စရပ်မျိုးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မေးမြန်းလာသူ ဒေါက်တာမောင်သင်းက အချက်အလက်ပြည့်စုံစွာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သတင်းပေးတိုင်ကြားလာပါလျှင် သက်ဆိုင်သူပုဂ္ဂိုလ်များအား အသေးစိတ် မေးမြန်းစစ်ဆေးမှုများပြုလုပ်ပြီးမှသာလျှင် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိ/မရှိ အဆုံးအဖြတ်ပြု၍ အကြောင်းပြန်ကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသန်းဌေး