Skip to main content

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သောဧည့်သည်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည်‌့စုံပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး ဖြစ်ပါ တယ်။ ကျွန်မမေးမယ့်မေးခွန်းကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာလာမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်းတင်းပြည့်အဖွဲ့ဝင် ဖြစ်လာမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ  ဒေသတွင်း မှာရှိတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးလုပ်ငန်းတွေအပြန်အလှန်၊ ကုန်သွယ်ရေးမူဝါဒတွေ ကြီးမားဖွံ့ဖြိုး မြန်ဆန်လာမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ထိုစီးပွားရေးဘဏ္ဍာရေးလုပ်ငန်းများကို စောင့်ကြည့်မှု၊ အကဲခတ်မှု၊ စိစစ်မှု၊ တွက်ချက်သုံးသပ်မှုများပြုလုပ်နိုင်ရန်အတွက် အရည်အချင်း ပြည့်ဝပြီးကျွမ်းကျင်တဲ့ စာရင်းကိုင်၊ စာရင်းစစ်ပညာရှင်များအရေအတွက်အားဖြင့် များစွာလိုအပ်မည် ဖြစ်ပါတယ်။ အဆိုပါလိုအပ်ချက်များအရ မြန်မာနိုင်ငံစာရင်းကောင်စီမှ ပြုစုပျိုးထောင်လေ့ကျင့်ပေး ထားတဲ့ စာရင်းကိုင်၊ စာရင်းစစ်များအား အချိန်မီပိုမိုတိုးချဲ့လေ့ကျင့်ပေးရန် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကိုသိလိုပါတယ်။ အနည်းငယ်တိုတိုလေးရှင်းခွင့်ပြုပါဥက္ကဋ္ဌကြီးရှင့်။ အခုမြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပြောင်းလဲတိုးတက်လာတဲ့အတွက်ကြောင့်မို့လို့ အရင်းအနှီးတွေ ပြည်တွင်းပြည်ပကနေတိုးတက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမယ့် အချိန်မှာ စီးပွားရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်ဖို့ စီးပွားရေးလုပ်ငန်းတွေရဲ့ Performance ကို တိုင်းတာဖို့၊ တွက်ချက်ဖို့၊ စောင့်ကြည့်ဖို့ အရည်အချင်းပြည်‌့ဝတဲ့ CPA ပညာရှင်တွေများစွာ လိုအပ်တဲ့ အချိန်မှာ CPA ပညာရှင်များထုတ်လုပ်မှုဟာ များစွာကျဆင်းလာတာကို တွေ့ရပါတယ်။ ကျွန်မတို့ခေတ် ၁၉၇၄-၇၅ တုန်းကဆိုလို့ရှိရင် CPA အောင်ချက်ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော် ပါတယ်။ အခု ၂၀၀၉ CPA ၊ ကျွန်မတို့က ပထမ Batch အခု ၃၃/၃၄ Batch တွေမှာကျတော့ အောင်ချက်က ၂၀ ရာခိုင်နှုန်းထက် တဖြည်းဖြည်းကျနေပါတယ်။ သင်တန်းတက်တဲ့လူက ၁၀၀ ကျော် ရှိတယ်။ ၁၀၀ ကျော်မှာ ၂၀ ရာခိုင်နှုန်းပဲအောင်တယ်ဆိုတော့ တစ်နှစ်ကို CPA ထုတ်လုပ်မှု ဘယ်လောက်တောင် ကျဆင်းတယ်ဆိုတာ ထင်ရှားစွာတွေ့နိုင်ပါတယ်။ အဲ့ဒီတော့ CPA ဘာကြောင့် ထုတ်လုပ်မှုကျဆင်းသလဲဆိုရင် Academic ကြောင့်လား၊ စာမေးပွဲစနစ်ကြောင့်လား၊ နောက် သင်ကြားရေးဆရာတွေကြောင့်လား၊ အဲ့ဒါကို ကျွန်မတို့နည်းလမ်းရှာရပါမယ်။ အဲဒီတော့ ကျွန်မတို့ ခေတ်ကဆရာတွေလို Reference ကောင်းကောင်းပေးရမယ်။ နားလည်အောင်၊ တတ်ကျွမ်းအောင်၊ ကျောင်းသား စာမေးပွဲအောင်ဖို့ ဘယ်လိုသင်မလဲဆိုတဲ့ မေးခွန်းဟောင်းလေးပြန်ဖြေမယ်ဆိုတဲ့ ကိစ္စတွေလည်း လုပ်ဖို့လိုမယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အခုနိုင်ငံတော်မှာလည်းကျင့်သုံးတယ်။ အထူးအားဖြင့် ACCA စာမေးပွဲ ကျွန်မတို့မြန်မာပြည်မှာကျတော့ ကျန်းမာရေးဆေးကျောင်းတွေမှာ ကျင့်သုံးတဲ့ Supplementary စာမေးပွဲဖြေတဲ့စနစ်တွေ CPA မှာကျင့်သုံးပေးမယ်ဆိုရင် ကျတဲ့ဘာသာ အားလုံးပြန်ဖြေစရာမလိုဘဲနဲ့ Supplementary နောက်ဆက်တွဲစာမေးပွဲဖြေခြင်းအားဖြင့် စာမေးပွဲ အောင်ချက်တွေလည်း ပိုပြီးကောင်းမွန်လာမယ်။ CPA အရည်အသွေး၊ အရေအတွက်တွေလည်း ပိုမိုထုတ်လုပ်နိုင်မယ်လို့အကြံပြုရင်း မေးခွန်းမေးမြန်းအပ်ပါတယ်။ မည်ကဲ့သို့စီစဉ်ထားသနည်း။ တကယ်လို့တိုးတက်ရန်မစီစဉ်ထားရင်လည်း မည်‌့သည်‌့အတွက်ကြောင့် မစီစဉ်နိုင်သနည်း။ မေးမြန်းပါသည်။

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယ စာရင်းစစ်ချုပ် ကျွန်တော် ဦးမျိုးမြင့်က ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေအရ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများနှင့် ဒီပလိုမာစာရင်းကိုင်သင်တန်း များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စီမံဆောင်ရွက်ပြီးတော့ ဖွင့်လှစ်လျက်ရှိပါတယ်။ ယခု အချိန်ထိ လက်မှတ်ရပြည်သူ့စာရင်းကိုင် ၁၉၇၁ ဦး၊ ဒီပလိုမာစာရင်းကိုင် ၃၈၈၈ ဦး မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီသင်တန်းနှစ်မျိုးစလုံးဟာ ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီးတော့ နှစ်နှစ်တက်ရတဲ့ သင်တန်းများဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ဦးရေများဟာ ဒီပထမပိုင်း၊ ဒုတိယပိုင်း စာမေးပွဲနှစ်ပိုင်းစလုံး ကို အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီသင်တန်းအစီအစဉ်အရ သင်တန်းပို့ချခဲ့တဲ့၊ သင်တန်းတက်ခဲ့တဲ့ဦးရေမဟုတ်ပါဘူးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး မေးတဲ့အထဲမှာ ပါတဲ့အချက်များဟာ မှန်ကန်ပါတယ်။ ကျွန်တော်တို့ အောင်ချက်ရာခိုင်နှုန်းများဟာ ကျဆင်းလာပါတယ်။ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများကို စီးပွားရေးတက္ကသိုလ်မှ B.Com အောင်မြင်ပြီးတဲ့၊ Final Exam အောင်မြင်ပြီးတဲ့ဘွဲ့ရများကို ချက်ချင်းပဲဆက်တိုက်တက်စေတဲ့စနစ် ဖြစ်ပါတယ်။ ဝါဏိဇ္ဇ (B.Com) သင်ရိုးညွှန်းတမ်းများနှင့် CPA သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့် ပြီးတော့ ချိတ်ဆက်ထားတဲ့အတွက်လည်းဖြစ်ပါတယ်။ CPA လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း တက်ခွင့်ကို ဝါဏိဇ္ဇဗေဒဘွဲ့ရများက လျှောက်ထားတဲ့အခါမှာ သူတို့ရဲ့ရရှိတဲ့ အမှတ်အများအနည်း အလိုက်စီစဉ်ပြီးတော့ Cream ကိုသာ ရွေးပြီးတော့ တက်ရောက်စေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သင်တန်းများကို စတင်တဲ့သင်တန်းအပတ်စဉ် ၁ ကနေပြီးတော့ ၁၅၊ ၂၀ လောက်ထိက ကျွန်တော်တို့ အောင်ချက်တွေ အင်မတန်မြင့်မားခဲ့ပါတယ်ခင်ဗျား။ နောက်ပိုင်းမှာတော့ အောင်ချက် တွေဟာကျဆင်းလာပါတယ်။ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများဆိုတာ Professional စာရင်းကိုင်များဖြစ်ပါတယ်။ ဒီသင်တန်းအောင်မြင်ပြီးသွားတဲ့အခါမှာ ဒီကလေးများဟာ ကုမ္ပဏီစာရင်း များကို စစ်ဆေးပြီးတော့ လက်မှတ်ထိုးခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ကုမ္ပဏီကြီးများ၊ နိုင်ငံတော်ဌာနကြီးများမှာလည်း စာရင်းများကိုကိုင်တွယ်ခန့်ခွဲရမယ့် ပညာရှင်များဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ သင်ရိုးညွှန်းတမ်းများ၊ စာမေးပွဲစနစ်များကို စနစ်တကျကြပ်မတ် ပြီးတော့ သင်တန်းပို့ချပြီး အရည်အချင်းပြည့်ဝတဲ့ကလေးများကိုသာ အောင်လက်မှတ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ မကြာမီမှာ ကျွန်တော်တို့ စီးပွားရေးအသိုက်အဝန်းဟာ ကျယ်ပြန့်ဖွံ့ဖြိုးလာတော့မှာကို လည်း ကြိုတင်ပြီးတော့မြင်ခဲ့တဲ့အတွက် ဒီစာရင်းပညာရှင်ဦီးရေနှင့် အရည်အသွေးကို ဒီ့ထက်တိုးမြှင့် ဖို့ မြန်မာနိုင်ငံစာရင်းကောင်စီက စီစဉ်ဆောင်ရွက်တဲ့အနေအထားလေးကို ကျွန်တော် ဆက်လက် တင်ပြပါမယ်။ ၂၀၁၁ ခုနှစ်ကနေ စတင်ဖွင့်လှစ်တဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းတွေမှာ စီးပွားရေးတက္ကသိုလ်က ဝါဏိဇ္ဇဘွဲ့ရများ၊ စာရင်းပညာဘွဲ့ရများအပြင် ဒီပလိုမာစာရင်းကိုင်သင်တန်း တွေမှာ ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသားများကိုပါ လက်ခံပြီးတော့ သင်ကြားပို့ချပေးနေ ပါတယ်။ စာရင်းပညာကျွမ်းကျင်သူအဆင့်မှာ အရည်အချင်းပြည့်မီတဲ့သူများကို စာရင်းပညာ ပညာရှင် အဆင့်ကို တက်လှမ်းနိုင်အောင် ဖွင့်ပေးရာရောက်တဲ့အပြင် ခုနက ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး မေးမြန်းတဲ့ အရေအတွက်ပိုမိုတိုးထုတ်နိုင်ဖို့ကိုလည်း ဦးတည်ရင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ အလားတူပါပဲ ယခင်က ရန်ကုန်မှာသာဖွင့်လှစ်နိုင်ခဲ့တဲ့ ဒီပလိုမာစာရင်းကိုင်သင်တန်းများကို ယခု နေပြည်တော်ကို ရောက်ရှိပြောင်းရွှေ့လာကြတဲ့ နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ဆည်းပူးနိုင်အောင်လို့ နေပြည်တော်မှာပါ ဒီပလိုမာစာရင်းကိုင်သင်တန်းများကို ဖွင့်လှစ်ပြီးတော့ ပို့ချလျက်ရှိပါတယ်။ အရေအတွက်များ တိုးချဲ့ပြီးတော့ သင်ကြားပို့ချပေးနိုင်အောင် သင်တန်းကျောင်းကိုလည်း တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ အရေအတွက်တိုးတက်ပို့ချနိုင်အောင်၊ ထုတ်လုပ် နိုင်အောင် ပြုပြင်ဆောင်ရွက်လျက်ရှိသလို အရည်အသွေးများ မကျဆင်းအောင်၊ တိုးတက်အောင် ဆောင်ရွက်ထားတာကိုလည်း ဆက်လက် ဖြေကြားပါမယ်။ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများရဲ့ သင်ရိုးညွှန်းတမ်းများကို အပြည်ပြည်ဆိုင်ရာစာရင်းပညာသင်တန်း များရဲ့ သင်ရိုးညွှန်းတမ်းများနှင့် ထိန်းညှိပြီးတော့ လိုအပ်သလိုချိတ်ဆက်ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် သင်တန်းအောင်မြင်ပြီးတော့ အလုပ်အကိုင်အသီးသီးမှာ ဆောင်ရွက်နေကြတဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအတွက် ဆက်လက်ပြီးတော့ ဖြစ်ပေါ်တိုးတက်လာတဲ့ စာရင်းပညာနယ်ပယ်မှာ အသစ်တိုးတက်လာတဲ့စံများ၊ နည်းစနစ်များ၊ သီအိုရီများ၊ အဲ့ဒါတွေနဲ့ကင်းကွာမှုမရှိအောင် Continuing Professional Education Program များချမှတ်ပြီးတော့ လစဉ်ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလို CPE နာရီပြည့်မီတဲ့ CPA များကိုသာ နှစ်စဉ် စာရင်းကိုင် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ချပေးလျက်ရှိပါတယ်။ ဒါဟာဖြင့်ရင် အရေအတွက် တိုးတက် ထုတ်လုပ်ခြင်းအပြင် အရည်အသွေးကိုပါ ထိန်းသိမ်းမြှင့်တင်ပေးနေခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါ တယ်။ အဲ့ဒါအပြင် အပြည်ပြည်ဆိုင်ရာ စာရင်းကိုင်စံများ၊ စာရင်းစစ်စံများကိုလည်းပဲ စာရင်းပညာ ဝန်ထမ်းများ၊ စာရင်းပညာအင်အားစုများ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးနိုင်အောင် မြန်မာနိုင်ငံစာရင်း ကောင်စီက ချမှတ်ပြဋ္ဌာန်းပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။

ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်