Skip to main content

မေးခွန်း အကြောင်းအရာ 

aung kyaw kyaw ooဆရာ/မလိုအပ်ချက်များပြားချိန်တွင် ယခုပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ်ဆင်းနှင့်ပညာရေး ကောလိပ်ဆင်းများကို ခန့်အပ်ခြင်းမရှိသေးပါ။ နှစ်စဉ်နှစ်တိုင်း ပညာရေးတက္ကသိုလ်တွင် ငါးနှစ်တက်ပြီး ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် နောင်နှစ်ပညာသင်နှစ်တွင် ပညာရေးကောလိပ်ဆင်းများကိုလည်း ပညာသင်နှစ်အစတွင် မူလတန်းပြများ၊ အလယ်တန်းပြများအဖြစ် တန်းခန့်ပါကြောင်း၊ ဇူလိုင်လအထိ မနှစ်ကအောင်သည့် B.Ed ဆင်းများ၊ ပညာရေးကောလိပ်ဆင်းများကို ယခုပညာသင်နှစ်အတွက် မခန့်အပ်ရသေးပါကြောင်း၊ မနှစ်ကရန်ကုန်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်ဆင်း အ‌ယောက် ၅၀၀ ခန့်၊ ပညာရေးကောလိပ်ပေါင်း ၂၀ က ၄၀၀၀ ဦး၊ PPTT သင်တန်းဆင်း ၂၀၀၀ ဦး ခန့်စုစုပေါင်း ၆၀၀၀ ခန့် ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ပုံမှန်ခန့်အပ်နေကြ မခန့်အပ်သေးသည်မှာ မြန်မာ့ပညာရေးအတွက် နစ်နာသကဲ့သို့ ဘွဲ့ရကျောင်းဆင်းများအတွက်လည်း လုပ်သက်နစ်နာပါကြောင်း၊ ပညာရေးတက္ကသိုလ်၊ ကောလိပ်တက်သည့် ကျောင်းသား/သူများအတွက်လည်း ယုံကြည်မှုပျောက်ဆုံးသလို မျှော်လင့်ချက်မဲ့ပြီး နှောင့်နှေးကြန့်ကြာ သည့်အတွက် မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရပါကြောင်း၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်တွင် တက်ရောက်နေသည့် ကျောင်းသား/သူများက ဆရာ/မဖြစ်ရန် ရည်ရွယ်ဆုံးဖြတ်ပြီး တက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၎င်း ဘာသာရပ်ဖြင့် ဆရာ/မအဖြစ် လုပ်ကိုင်ခွင့် မရရှိပါက တခြားရွေးချယ်စရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလည်းမရှိပါကြောင်း၊ နောက်တစ်ခုက အလုပ်ခန့်သော်လည်း သွားရောက်တာဝန်ထမ်းဆောင်ရန် အဆင်မပြေသည့် အခြေအနေမျိုးများလည်း ရှိသည့်အခါရရှိသည့် အလုပ်ကို လက်လွှတ်ဆုံးရှုံးရခြင်းများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးတက္ကသိုလ်ဆင်းနှင့် ပညာရေးကောလိပ်ဆင်းများ ခန့်အပ်ပေးသည့် အစီအမံများနှင့်ပတ်သက်၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

dr myo thein gyiပညာရေးဝန်ကြီးဌာနအနေဖြင့် ၃-၈-၂၀၁၇ ရက်နေ့တွင် ယခု ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ်များမှ သင်တန်းဆင်း ဆရာ/မများနှင့် ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ/မများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဖြည့်ဆည်းခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုလိုဖြည့်ဆည်းခန့်ထားပေးသည့်အခါ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ကို ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ တိုးမြှင့်ခန့်ထားမည့် နေရာများအပေါ် သဘောထားမှတ်ချက် ရယူဆောင်ရွက်သွားရခြင်း ဖြစ်သည့်အတွက် ကြောင့် အနည်းငယ် ကြန့်ကြာသွားခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ပညာရေးတက္ကသိုလ်များမှ သင်တန်းဆင်းနှင့် B.Ed ဘွဲ့ရဆရာ/မ ၄၈၂ ဦး၊ ပညာရေးကောလိပ်များမှ DTET နှင့် PPTT သင်တန်းဆင်းဆရာ/မ ၉၉၅၃ ဦး စုစုပေါင်း ၁၄၀၃၅ ဦးကို ၁-၈-၂၀၁၇ ရက်နေ့တွင် ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခန့်ထားပေးမှုမှာ ကချင်တွင် ၃၅၀ ဦး၊ ကယားတွင် ၂၀၂ ဦး၊ ကရင်တွင် ၄၉၇ ဦး၊ ချင်းတွင် ၃၈၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀၀၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၂၄ ဦး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)  ၅၃၀ ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)  ၂၈၀ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၂၄၅ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၃၆၇ ဦး၊ မွန်ပြည်နယ်တွင် ၄၄၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၄၉၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၂၁ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၄၉၁ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၅၁၄ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၁၄၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄၅၃ ဦး၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၁၈၈ ဦး စသဖြင့် စုစုပေါင်း ၁၀၄၃၅ ဦးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ရယူပြီး ခန့်ထားပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း B.Ed သင်တန်းဆင်းဆရာ/မ ၁၀၆ ဦး၊ ပညာရေးကောလိပ်များမှ DTET သင်တန်းဆင်းနှင့် နှစ်နှစ်သင်ပညာရေးကောလိပ်ဆင်း ဆရာ/မ ၁၃၇ ဦးနှင့် ဘွဲ့ရမူလတန်းပြဆရာ/မ၊ သင်တန်းဆင်းသည့်ဆရာ/မ ၃၇၈ ဦး စုစုပေါင်း ၆၂၁ ဦးအား ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး