Skip to main content

မေးခွန်း အကြောင်းအရာ 

u tun waiဖောင်းပြင်မြို့နယ်သည် ရပ်ကွက်နှစ်ခု၊ ကျေးရွာပေါင်း ၁၇၈ ရွာ ရှိပြီး အိမ်ခြေပေါင်း ၂၁၀၀၀ ခန့်နှင့် လူဦးရေ ၁၂၅၀၀၀ ကျော်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်နှစ်ခုသည် အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁၄၀၀ ရှိပါကြောင်း၊ ယခင်နှစ်ပေါင်းများစွာက ဒီဇယ်လောင်စာသုံးသည့် လျှပ်စစ်ဓာတ်အားပေးစက်နှင့် တစ်ရက် နှစ်နာရီ ဓာတ်အားပေးခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစပြီးှ 500 KVA စက်နှင့် တစ်ရက် လေးနာရီ  လျှပ်စစ်ဓာတ်အားပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ အဆိုပါဓာတ်အားပေးစက်နှင့် ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိရာ  မြို့ပေါ်အိမ်ခြေ ၇၈၅ အိမ်ကိုသာ ဖြန့်ဖြူးပေးနိုင်ပြီး လျှပ်စစ်မီးမရရှိသေးသည့် အိမ်ပေါင်း ၅၀၀ ကျော်ကျန်ရှိနေသေးကြောင်း၊ ကျေးရွာများအထိ လက်ရှိလျှပ်စစ်ဓာတ်အားပေးစက်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန် အလှမ်းဝေးနေသေးပါကြောင်း၊ ဒီဇယ်ဓာတ်အားပေးစက်များသည် ကုန်ကျစရိတ်မြင့်မားသည့်အတွက် နိုင်ငံတော်အတွက် အရှုံးပမာဏ ကြီးမားပါကြောင်း၊ ဖောင်းပြင်ဒီဇယ်သုံးလျှပ်စစ်ဓာတ်အားပေးစက်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စက်သုံးဆီ ၁ နာရီလျှင် ၁၇ ဂါလန်ခွင့်ပြုထားပါကြောင်း၊ တစ်ညလေးနာရီအတွက် ဒေသန္တရ ပေါက်ဈေးတစ်ဂါလန် ၃၀၀၀ ကျပ်နှုန်းဖြင့် တစ်ည ၂၄၀၀၀၀ ကျပ်ကုန်ကျပြီး တစ်နှစ်ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း ခုနရာလေးဆယ်‌့လေးသိန်းကျော်ပါကြောင်း၊ တစ်နှစ်အတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၂၀၂ သိန်းကျော်သာဖြစ်သည့်အတွက် စက်ချို့ယွင်းပြုန်းတီးမှုနှင့် ချောဆီတန်ဖိုးများမပါဘဲ တစ်နှစ်လျှင်ကျပ်သိန်း ၅၀၀ ကျော်ပါကြောင်း၊ ဖောင်းပြင်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အား လိုင်းမှ သွယ်တန်းရရှိနိုင်သည့် အနီးစပ်ဆုံးအခြေအနေမှာ ပင်လည်ဘူးမြို့မှ သွယ်တန်းရယူခြင်းဖြစ်ပါကြောင်း၊ ပထဝီအနေအထားအရ ကုန်ကျစရိတ်ကြီးမားသော်လည်း မဟာဓာတ်အားလိုင်းမှ ဓာတ်အားသွယ်တန်းခြင်းသည် ဒီဇယ်နှင့် ဓာတ်အားထုတ်ယူမှုနှင့် နိုင်ငံတော်အတွက် အရှုံးသက်သာပြီး ရေရှည်တွင် တွက်ခြေကိုက်လာလိမ့်မယ်ဟု ယူဆရပါကြောင်း၊

လျှပ်စစ်ဓာတ်အားကို ၂၄ နာရီပြည်‌့ဝစွာရရှိရေးသည် ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာ အထောက်အကူ ဖြစ်စေနိုင်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပြည်‌့ဝစွာရရှိခြင်းသည် ထင်း၊ မီးသွေး၊ လောင်စာကိုသာ သုံးစွဲနေကြရသည့် လူမှုဘဝမှ ကျွတ်လွတ်ပြီး သဘာဝပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုကိုပါ ကာကွယ်ထိန်းသိမ်းပြီးသားဖြစ်သည့်အတွက်ကြောင့် ဖောင်းပြင်မြို့နယ်အား ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ပင်လည်ဘူးမြို့မှ လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်း၍ ဓာတ်အားပို့လွှတ်ပေးနိုင်ရန် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်‌့အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

dr tun naingဖောင်းပြင်မြို့နယ်အား အနီးဆုံးလျှပ်စစ်ဓာတ်အားရောက်ရှိနေသည်‌့ ပင်လည်ဘူးမြို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရန် စဉ်းစားတွက်ချက်ပါကြောင်း၊ လက်ရှိပင်လည်ဘူးမြို့တွင် လျှပ်စစ်ဓာတ်အားရရှိထားသည်မှာ ၃၃ ကေဗွီလိုင်းမိုင်ပေါင်း ၆၅ မိုင်အထိ ရှည်လျားစွာတည်ဆောင်ထားရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပင်လည်ဘူး မြို့တွင် ရောက်ရှိနေသည့်လျှပ်စစ်ဓာတ်အား၏ အရည်အသွေးနှင့် ဗို့အားအခြေအနေသည် နည်းပညာစံ သတ်မှတ်ချက်နှင့်ကိုက်ညီရန် ထိန်းသိမ်းနေရသည့်အနေအထား ဖြစ်ပါကြောင်း၊ ဖောင်းပြင်မြို့ကို မိုင်အရှည်ပေါင်း များစွာ ဆက်လက်တည်ဆောက်သွားမည်ဆိုလျှင် ဖောင်းပြင်ကိုရောက်သည့်အခါ ဗို့အားအလွန်နိမ်‌့ကျဆင်းခြင်း ဖြစ်သည့်အပြင် မူလလျှပ်စစ်ဓာတ်အားရရှိနေသည့် ပင်လည်ဘူးမြို့များတွင်လည်း ဗို့အားများ ယခုထက်ကျကာ ပျောက်ဆုံးမှုများ အလွန်များပြားလာမည်ဖြစ်သည့်အတွက် ပင်လည်ဘူးမြို့မှ ဖောင်းပြင်သို့ ဓာတ်အားလိုင်း တည်ဆောက်သည့်အစီအစဉ်သည် နည်းပညာအရ သင့်လျော်မှုမရှိသည့်အတွက် ဖောင်းပြင်မြို့ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှင် နည်းပညာအရ ကောင်းမွန်အောင်တည်ဆောက်သင့်သည့် အစီအစဉ်မှာ ၂၃၀ ကေဗွီ ကလေးပင်မဓာတ်အားခွဲရုံမှ တမူးမြို့ကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်း မိုင် ၉၀ ဦးစွာတည်ဆောက်ရမည် ဖြစ်ပါကြောင်း၊  တမူးမြို့တွင် ၂၃၀/၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံကြီးတစ်ရုံ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ တမူးမြို့ကိုလည်း ဓာတ်အားစနစ်မှ ဓာတ်အား ၂၄ နာရီ ရရှိလာမည်ဖြစ်ပါကြောင်း၊  ထိုကဲ့သို့ အနီရောင်လိုင်းနှင့် ဖော်ပြထားသည့်လိုင်းကို တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင် တမူးမြို့မှ မြို့သစ်မြို့ကို  ၆၆ ကေဗွီ လိုင်း ၂၈ မိုင် လိုင်းအစိမ်းဖြင့် တင်ပြထားပါကြောင်း၊ မြို့သစ်မြို့တွင် ၆၆ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ပြီး မြို့သစ်မြို့ဓာတ်အားခွဲရုံတည်ဆောက်ကာ မြို့သစ်မြို့လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ရာတွင် မြို့သစ်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံတည်ဆောက်ပြီးလျှင် အဆိုပါခွဲရုံမှ  မြို့သစ်-ဖောင်းပြင် ၆၆ ကေဗွီလိုင်း နောက်ထပ် မိုင် ၅၁ မိုင်တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ ဖောင်းပြင်မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်‌ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများတည်ဆောက်နိုင်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်း မိုင် ၉၀ နှင့် တမူးမြို့ရှိ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းကို ဘတ်ဂျက်လျာထားတောင်းခံသွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါလုပ်ငန်းများတည်ဆောက်ပြီးစီးရန် ရည်မှန်း ဆောင်ရွက်နေပါကြောင်းနှင့် လုပ်ငန်းများတည်ဆောက်ပြီးလျှင် ကျန်လုပ်ငန်းများကို နောက်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာထား တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။


 

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်