Skip to main content

မေးခွန်း အကြောင်းအရာ 

khin than nuမင်းတုန်းမြို့၏ မြို့နယ်လျှပ်စစ်မှူးရုံးသည် လွန်ခဲ့သော ၁၉၆၇ ခုနှစ်ကတည်ဆောက်ခဲ့သည့် ဒီဇယ်ဖြင့် အသုံးပြုသော မီးစက်ထားရှိရာ မီးစက်ရုံဖြစ်ပါကြောင်း၊ ဒီဇယ်မီးစက်ထားရှိရန်အတွက် သွပ်မိုးသွပ်ကာ အဆောက် အဦသည် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီး အလွန်အိုဟောင်းနေသော အဆောက်အအုံတစ်ခု ဖြစ်ပါကြောင်း၊ ယခုလက်ရှိမြို့နယ်လျှပ်စစ်မှူးရုံးခန်းသည် မီးစက်ရုံကြီး၏ညာဘက်ဘေးတွင် အခန်းကျဉ်းလေးကန့်ထားပြီး အလျား ပေ ၂၀၊ အနံ ၁၀ ပေ ရှိသော အခန်းကျဉ်းလေးတစ်ခုဖြစ်သည့်အတွက် စားပွဲနှစ်လုံးနှင့် ကုလားထိုင်ငါးလုံး ခန့်သာထားနိုင်ပြီး ရုံးထဲတွင်လိုအပ်လျက်ရှိသော ရုံးသုံးပရိဘောဂဟူ၍ ဗီရိုအဟောင်းတစ်လုံးသာရှိပါကြောင်း၊ ရုံးသီးသန့်မရှိသည့်အတွက် ရုံးသုံးစာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်မှာပုံထားရပါကြောင်း၊ လျှပ်စစ်ဝန်ထမ်းများ နေထိုင်ရန် လွန်ခဲ့သော ၁၉၆၈ ခုနှစ်က ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်ရာသည် နှစ်ပေါင်း ၅၀ နီးပါးကြာမြင့် ခဲ့ပြီ ဖြစ်သည့်အတွက် ကာရံထားသောပျဉ်များနှင့်တိုင်ခြေရင်းများကွာကျနေပြီး ကျားကန်ထားရပါကြောင်း၊ သို့ဖြစ် ပါ၍ ပြည်သူများ၏တာဝန်ကို အကျိုးရှိရှိထမ်းဆောင်နိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများပျော်ရွှင်စွာ အလုပ်လုပ်ကိုင် ချင်စိတ်ရှိရန်  လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်ညီသော ရုံးခန်းရှိရန်လိုအပ်သည့်အတွက် မင်းတုန်း မြို့နယ်အတွင်းရှိ မြို့နယ်လျှပ်စစ်မှူးရုံး  ဆောက်လုပ်ပေးရန်နှင့် ရုံးအတွင်းလိုအပ်လျက်ရှိသော ရုံးသုံးပရိဘောဂများ အမှန်တကယ်လိုအပ်နေသော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

dr tun naingလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၏ ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာအဆောက်အအုံများ၊ ရုံးသုံးစက် ကိရိယာပစ္စည်းများကို နှစ်စဉ်ဘတ်ဂျက်ရန်ပုံငွေတွင် လျာထားကာ တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မင်းတုန်းမြို့နယ် လျှပ်စစ်မှူးရုံးသည် သွပ်မိုးသွပ်ကာအဆောက်အအုံဟောင်းဖြင့်သာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါ ကြောင်း၊ ၃၆ ပေx ၂၄ ပေ သံကူကွန်ကရစ်အဆောက်အအုံအသစ် တည်ဆောက်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ် မူလလျာထားချက်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေဦးစားပေးရန် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ရေးအတွက် ပိုမိုဦးစားပေးလိုက်ရသည့်အတွက် အဆောက်အအုံ တည်ဆောက်ရန် ဘတ်ဂျက်ရန်ပုံငွေသည် အပြီးသတ်ခွင့်ပြုရန်ပုံငွေတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ထိုရုံးဝင်း အတွင်းရှိ လျှပ်စစ်ဝန်ထမ်းများနေထိုင်ရန်အတွက် လုံးချင်း(အုတ်ညှပ်၊သွပ်မိုး) တစ်လုံး၊ လုံးချင်း(ပျဉ်ကာ၊ပျဉ်ခင်း၊ သွပ်မိုး) တစ်လုံး၊ နှစ်ခန်းတွဲနေအိမ် (ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး) တစ်လုံး စုစုပေါင်း သုံးလုံးရှိပြီး ယခုအခါ ပျဉ်ကာ၊ သွပ်မိုးအဆောက်အအုံများသည် ယိုယွင်းနေပါကြောင်း၊

သို့ဖြစ်ပါ၍ အဆိုပါရုံးဝင်းအတွက် ၃၆ ပေx ၂၄ ပေ သံကူကွန်ကရစ်အဆောက်အအုံအသစ် တစ်လုံး၊ ဝန်ထမ်းများနေထိုင်ရန် လေးခန်းတွဲဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်တစ်လုံး၊ ရုံးအတွက်လိုအပ်မည့် ရုံးသုံးစက် ကရိယာနှင့် ပရိဘောဂများဖြည့်ဆည်းနိုင်ရန် လိုအပ်သောရန်ပုံငွေကို ၂၀၁၈-၁၉ ပြည်ထောင်စုရန်ပုံငွေတွင် ထည့် သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်သန်းနု(မင်းတုန်း)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။      

လျှပ်စစ်မှူးရုံးအတွက် ၂၀၁၇-၁၈ တွင် လျာထားသော်လည်း မပေးနိုင်သေးသည်ကို သိရှိရပါကြောင်း၊ လျှပ်စစ်မှူး ရုံးသည် ပြည်ထောင်စုဝန်ကြီးပြောကြားသည့်အတိုင်း သွပ်မိုး၊ သွပ်ကာလည်းဖြစ်နေပြီး နွေရာသီ နေအလွန်ပူပြင်း သည့်အချိန်တွင် ဥပမာ နို့ဆီခွက်ထဲဝင်ရောက် အလုပ်လုပ်နေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ အဆိုပါရုံးကို ယခု ၂၀၁၇-၁၈ တွင်လည်း လျာထားချက်မရှိသော်လည်း ၂၀၁၈-၁၉ တွင် ဝန်ထမ်းအိမ်ရာများလျာထားသည်ကို သိရှိ ရပါကြောင်း၊ ၎င်းရုံးအတွက် မည်သည့်အချိန်တွင် ချထားပေးနိုင်မည်ကို ခန့်မှန်းခြေသိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

မိမိ ကနဦးဖြေကြားချက်ထဲတွင် ၃၆ ပေx ၂၄ ပေ သံကူကွန်ကရစ်ရုံးအဆောက်အအုံတစ်လုံးကို ၂၀၁၈-၁၉ တွင် လျာထားထည့်သွင်းပြီး ဆောင်ရွက်ပေးမည်ကို မူလအဖြေကတည်းကပါရှိပါကြောင်း ဖြေကြားပါသည်။


 

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်