Skip to main content

မေးခွန်း အကြောင်းအရာ 

u htay lwinဝန်ကြီးဌာနအနေဖြင့် ကျေးရွာများမီးလင်းရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင်လည်း ကျေးရွာမီးလင်‌းရေးအတွက်  NEP၊ KFW စီမံချက်များနှင့် ဆောင်ရွက်ပေး နေပါကြောင်း၊  ယခုလိုဆောင်ရွက်ပေးသည့်အခါတွင် ၁၁ ကေဗွီလိုင်း နှင့် ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိ ကျေးရွာများကို ထည့်သွင်းဆောင်ရွက်ပေးပြီး ၃၃ ကေဗွီ လိုင်း၏ ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိသော ကျေးရွာများကို ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း၊  ၃၃ ကေဗွီလိုင်း နှင့်၂ မိုင်အတွင်းမှာရှိသော ငွေရေးကြေးရေးတတ်နိုင်သည့် ကျေးရွာများတွင် ကိုယ်ထူကိုယ်ထမီးလင်းရေးဆောင်ရွက်နိုင်ပြီး ကျေးရွာအများစုသည် ဆင်းရဲသည့်ကျေးရွာများဖြစ်သည့်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ ကြောင်း၊ ကျေးရွာတစ်ရွာနှင်‌့တစ်ရွာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် များစွာကွာဟလျက်ရှိပါကြောင်း၊ ထို့ကြောင့်ကျေးရွာများ တစ်ရွာနှင်‌့တစ်ရွာ ဆင်းရဲ ချမ်းသာကွာဟမှုမရှိဘဲ အားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၁၁ ကေဗွီလိုင်းမှ ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိ ကျေးရွာများအားလုံးကို NEP နှင့် KFW စီမံချက်များတွင် မီးလင်းရေး‌ဆောင်ရွက်ပေး သကဲ့သို့ ၃၃ ကေဗွီလိုင်းမှ ၂ မိုင်နှင့် ၅ မိုင်အတွင်းတည်ရှိသည့် ကျေးရွာများ၏ မီးလင်းရေးကိုလည်း NEP နှင့် KFW စီမံချက်များတွင် ထည့်သွင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက နမ့်စန်-မိုးနဲ ပြည်ထောင်စုလမ်းမဘေး နှစ်ဘက်တွက်ရှိသည့် လွယ်ကျန့်ကျေးရွာ၊ တွန်တီးကျေးရွာ၊ ပုတ်ပြန်ကျေးရွာ၊ လွိုင်ဖီးကျေးရွာ၊ နမ့်ကျုတ်ကျေးရွာ၊ ဝမ်လုံကျေးရွာနှင်‌့ ဟိုက်ဖက်ကျေးရွာများကို ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်များရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားချက် 

dr tun naingရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်အတွင်းရှိ လွှတ်‌တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ဧရိယာအတွင်း ၃၃ ကေဗွီ လိုင်းတစ်လိုင်းရှိပါကြောင်း၊ နမ့်စန်-မိုင်းစိတ်ဓာတ်အားလိုင်းဟုခေါ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းမှ ၃၃ ကေဗွီလိုင်းများဆွဲကာ ဓာတ်အားရယူထားသည့် ကျေးရွာငါးရွာရှိပါကြောင်း၊ကျေးရွာငါးရွာ၎င်းနည်းလမ်းဖြင့် ဓာတ်အားရယူပြီး အသုံးပြုနေသည့်အချိန်တွင် ကျေးရွာဓာတ်အား လိုင်းအပြစ်ဖြစ်မှုများ အကြိမ်များစွာဖြစ်ပေါ်သည့်အတွက် နမ့်စန်ဒေသနှင်‌့မိုင်းစိတ် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသည့်နေရာများတွင် ဓာတ်အားပြတ်တောက်မှု ကြာမြင့်ခြင်း၊ ဓာတ်အားပြတ်သည့် ဧရိယာများပြားခြင်း၊ ဓာတ်အားစနစ်ကိုထိခိုက်သည့်ဖြစ်စဉ်များပြားစွာ ဖြစ်ပေါ်သည့်အနေအထားများ ကို တွေ့ရသည့်အတွက် ယခုနောက်ပိုင်းတွင် ၃၃ ကေဗွီဓာတ်အားလိုင်းမှ ကျေးရွာများကို တိုက်ရိုက် ဓာတ်အားချိတ်ဆက် ဆောင်ရွက်ခြင်းအစီအစဉ်ကို မပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၃၃ ကေဗွီနမ့်စန်-မိုင်းစိတ် ဓာတ်အားလိုင်းမှ အနားရှိကျေးရွာများကို ၃၃ ကေဗွီလိုင်းဆွဲပြီး NEP Plan၊ KFW Plan တွင် ထည့်သွင်းရန်အစီအစဉ်မရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည် ကျေးရွာခုနစ်ရွာအပါအဝင် နောက်ထပ်ကျေးရွာ ၁၁ ရွာ စုစုပေါင်း ၁၈ ရွာ ဓာတ်အားရရှိရန် အတွက် ၆၆/၃၃ ကေဗွီ  10 MVA  နမ့်စန်ဓာတ်အားခွဲရုံမှ နားရိုင်း နှင်‌့ မိုင်းစိတ်ဒေသကို ဆက်သွယ်ထားသည့် ၃၃ ကေဗွီလိုင်းမှတစ်ဆင်‌့ လွယ်ကျန့်ရွာအနီးတွင် ၃၃ ကေဗွီ 5 MVA ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရန်စီစဉ်ထားရှိပါကြောင်း၊ အဆိုပါ ၃၃ ကေဗွီ ဓာတ်အားခွဲရုံကြီး ပြီးသွားပါက အဆိုပါခွဲရုံမှ ကျေးရွာခုနစ်ရွာကို ၁၁ ကေဗွီလိုင်းများဆက်ဆွဲပြီး ၁၁.၄ ထရန်စဖော်မာများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားရရှိအောင် စီစဉ်ထားပါကြောင်း၊ ၎င်းအစီအစဉ် ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်မည့်ငါးနှစ်စီမံကိန်း တွင် ထည့်သွင်းသွားမည်ဖြစ်သည့်အတွက် NEP Plan နှင့် KFW Plan များတွင် ပါဝင်ခြင်းမရှိခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံတည်ဆောက်ပြီးပါက ကျေးရွာများ တွင် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၈.၁၅ မိုင်နှင့် ၁၁.၄ ထရန်စဖော်မာခုနစ်လုံး တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအတွင်းထည့်သွင်းလျာထား ဆောင်ရွက် ပေးရန်သက်ဆိုင်ရာပြည်နယ်အစိုးရနှင်‌့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။


 

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်