Skip to main content

မေးခွန်း အကြောင်းအရာ 

u pet htanမတူပီမြို့နယ်၊ ဖနိုင် အ.ထ.က(ခွဲ)ကျောင်း ဆောင် အမှတ်(၁)သည် ၁၉၇၂ ခုနှစ်တွင် ပြည်သူလူထုက ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် အုတ်ညှပ်အမျိုးအစားကျောင်းဆောင်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုက ပညာကို လိုချင်သောကြောင့် တတ်နိုင်သမျှ ငွေကြေးနှင့် လုပ်အားကို စိုက်ထုတ် သုံးစွဲ၍ တည်ဆောက်ကြခဲ့သော်လည်း ဒေသထွက်သစ်များအသုံးပြုခြင်း၊ ရာသီဥတုကြမ်းတမ်းပြီး ခြပေါများခြင်းကြောင့် ကျောင်းဆောင်သည် အန္တရာယ်ကျောင်းဆောင်အဆင့်ထိ ယိုယွင်းပျက်စီးနေပြီး အသုံးမပြုသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါကြောင်း၊

 အ.ထ.က(ခွဲ)ဖနိုင် ကျောင်းဆောင်သည် အိမ်ခြေ ၂၅၅ အိမ်ခြေရှိသည့် ဖနိုင်ရွာအတွက်သာမက မတူပီအခြေ စိုက် စစ်ဗျူဟာနှင့် (၁၄၀)တပ်ရင်းတွင်ရှိသော တပ်မတော်မိသားစု၏ ကလေးငယ်များ အတွက်ပါ တည်ဆောက်ထားဖြစ်ခြင်းကြောင့် နှစ်စဉ်ကျောင်းသားဦးရေတိုးပွားလာပြီး ကျောင်းဆောင် လိုအပ်ချက်လည်းတိုးပွားလာကြောင်း၊ ၎င်းကျောင်း‌ဆောင်နှင့်ပတ်သက်ပြီး ကျောင်းဆောင်အမှုတွဲကို တည်ဆောက်ပြီး မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် ခရိုင်ပညာရေးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး နှင့် ပညာရေး(ရုံးချုပ်) နေပြည်တော်အထိ ပေးပို့ပြီးဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ အ.ထ.က(ခွဲ)ဖနိုင်ကျောင်းဆောင် အမှတ်(၁) အန္တရာယ်ဆောင်အား ဖြိုဖျက်ခွင့်ပြုရန်နှင့် လေးခန်းတွဲ နှစ်ထပ်ဆောင်(သံကူကွန်ကရစ်)ဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

win maw tunချင်းပြည်နယ်၊ မတူပီမြို့နယ်အတွက် ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်းအတွက် ကျပ်ငွေပေါင်း ၂၀၅၀ သိန်း ခွဲဝေခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အနေဖြင့် အဆောင်(၁) ၆၀ ပေ x ၂၀ ပေ သွပ်မိုး၊ အုတ်ညှပ်၊ အဆောင်(၂) ၆၀ ပေ x ၂၀ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်၊ အဆောင်(၃) ၇၅ ပေ x ၂၀ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်နှင့် အဆောင်(၄) ၁၂၀ ပေ x ၃၀ ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ်ဆောင် စုစုပေါင်း ကျောင်းဆောင် လေးဆောင် အသုံးပြုနေပါကြောင်း၊ ယိုယွင်းပျက်စီးလျက်ရှိသော အဆောင်အမှတ်(၁) စာသင်ကြားမှု မရှိသည်ကိုတွေ့ရှိရပြီး သက်တမ်းလွန်ကျောင်းဆောင်ဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက်  အခြေခံပညာဦးစီးဌာနအနေဖြင့် အန္တရာယ် ရှိဆောင်အဖြစ် သတ်မှတ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အခြေခံပညာ ဦးစီးဌာနအနေဖြင့် ကျောင်းဆောင်အမှတ်(၁)ကို ဖျက်သိမ်းပြီး  ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးနိုင်ရန် ငွေလုံးငွေရင်းရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် မူလငွေလုံးငွေရင်းရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။


 

ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း