Skip to main content

မေးခွန်း အကြောင်းအရာ 

၂၀၁၆-nay linn tun၁၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုမှာ ကော့သောင်းမြို့နယ်တွင် အထက်တန်းအဆင့်သင်ကျောင်း ၁၂ ကျောင်း၊ အလယ်တန်းအဆင့်သင်ကျောင်း ၃၅ ကျောင်း၊ မူလတန်းအဆင့်သင်ကျောင်း ၅၀ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၇ ကျောင်းရှိပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အထက်တန်းအဆင့်သင်ကျောင်း ၉ ကျောင်း၊ အလယ်တန်းအဆင့်သင်ကျောင်း ၃၄ ကျောင်းနှင့် မူလတန်းအဆင့်သင်ကျောင်း ၅၂ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၉၅ ကျောင်းရှိပြီး ခရိုင်တစ်ခုလုံးဆိုလျှင် အခြေခံပညာကျောင်းပေါင်း ၁၉၂ ကျောင်းရှိပါကြောင်း၊ နောက်ထပ်အခြေခံပညာ မူလတန်းကျောင်းများနှင့် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်နေသည့် ကျောင်းများလည်း အများအပြား ကျန်ရှိနေပါသေးပါကြောင်း၊ ယခုလက်ရှိတွင် ကော့သောင်းခရိုင် ပညာရေးလုပ်ငန်းများကို မြိတ်ခရိုင်စု ပညာရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင် ရှိပါကြောင်း၊ ခရိုင်အတွင်းရှိ နှစ်မြို့နယ်လုံးသည် ပင်လယ်ကျွန်း ကျေးရွာများနှင့် ဖွဲ့စည်းတည်ရှိသော မြို့နယ်များဖြစ်ပါကြောင်း၊ ယခုလို မိုးရာသီဆိုလျှင် ပင်လယ်ရွာများတွင် တာဝန်ကျနေသည့် ဆရာ/မများ မြို့အားသွားရောက် လစာထုတ်ရန် မလွယ်ပါကြောင်း၊ ကုန်းတွင်းပိုင်း ကျေးရွာများတွင်လည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်သာ ဆက်သွယ်ရေးကောင်းပြီး ကျေးရွာချင်းဆက်လမ်းများသည် တစ်ခုမှကောင်းမွန်ခြင်း မရှိပါကြောင်း၊ မြိတ်မြို့နှင့်ဘုတ်ပြင်းမြို့သည် ၁၄၇ မိုင် ၂ ဖာလုံ ကွာဝေးပြီး မြိတ်နှင့်ကော့သောင်းသည် ၂၇၆ မိုင်ကွာဝေးပါကြောင်း၊ မြိတ်ခရိုင်ပညာရေးမှူးသည် ကော့သောင်းခရိုင်အတွင်း ခရိုင်အဆင့်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်မှုမရှိဘဲ အားနည်းခက်ခဲနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ရေး လျှောက်ထားခြင်းနှင့် အခြားပညာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်သည့်အခါ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် မြိတ်ခရိုင်ပညာရေးမှူးရုံးများကို သွားရသည့်အခါမျိုးများတွင် ပညာရေးဝန်ထမ်းများ ဘုတ်ပြင်းမှတောင်ဘက် ကော့သောင်းမြို့သို့ မြောက်ဘက်နားက မြိတ်မြို့သို့လည်းကောင်း ပင်ပန်းကြီးစွာ လုပ်ငန်းဆောင်ရွက် ရပါကြောင်း၊ စတုတ္ထတန်းခရိုင်စစ် စာမေးပွဲများကိုလည်း ကော့သောင်းခရိုင်စုအနေဖြင့် စစ်ဆေးခြင်းဖြစ်သည့်အတွက် ခရိုင်ပညာရေးမှူးမရှိခြင်းကြောင့် အခက်အခဲဖြစ်နေရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကော့သောင်းခရိုင်ပညာရေးမှူးရုံးကို အမြန်ဆုံးဖွင့်လှစ်ပေးမည်ဆိုပါက ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုလွယ်ကူလျင်မြန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် ပညာရေးကဏ္ဍအဆင့်အတန်း မြင့်မားလာအောင် အထူးကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ ကော့သောင်းခရိုင်ရှိ ပင်လယ်ဒေသသည် ပညာရေးပိုင်းတွင် နိမ့်ကျလျက်ရှိခြင်းကြောင့် ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ခွင့်ရမည်ဆိုလျှင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အခြားသောဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပညာရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသဖြင့် ခရိုင်ပညာရေးမှူးရုံး ဖွင့်လှစ်ပေးနိုင်ပါရန် ကော့သောင်းခရိုင်ပညာရေး ဝန်ထမ်းများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားချက် 

တနwin maw tunင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် ထားဝယ်မြို့နယ်၊ ရေကြည်မြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်  မြို့နယ်လေးမြို့နယ်ပါဝင်ပြီး မြိတ်ခရိုင်တွင် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ် မြို့နယ်ပေါင်းခြောက်မြို့နယ်တို့ ပါရှိပါကြောင်း၊ ပညာရေးစီမံခန့်ခွဲမှုလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးတစ်ရုံး၊ ခရိုင်ပညာရေးမှူးရုံးနှစ်ရုံးနှင့် အဆင်ပြေစွာဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့အတွက် ခရိုင်ပညာရေးမှူးရုံးဖွဲ့စည်း ဖွင့်လှစ်ပေးရမည်ဆိုပါက ဦးစွာဖွဲ့စည်းပုံအသစ် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးထံ တင်ပြမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအသစ်ရရှိမည်ဆိုပါက ရုံးအသုံးအဆောင်များ၊ ပရိဘောဂပစ္စည်းများ၊ ယာဉ်နှင့်စက်ပစ္စည်းများ၊ မြေနှင့်အဆောက်အအုံများ၊ ခရိုင်ပညာရေးမှူးဖွဲ့စည်းပုံအတွက် ခန့်ထားမိန့် ဝန်ထမ်းများလစာနှင့် စရိတ်များစသဖြင့် ရန်ပုံငွေကိုသက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များအလိုက် ထည့်သွင်းလျာထားရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်ရရှိပြီးမှသာ ဆောင်ရွက်နိုင်ပါကြောင်း၊ လက်ရှိအားဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လက်ရှိဖွဲ့စည်းပုံအရ ခရိုင်ရုံး နှစ်ရုံးနှင့် ပညာရေးလုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နေနိုင်ခြင်း၊ ယခုလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ခရိုင်ပညာရေးမှူးရုံးအတွက် ဘတ်ဂျက်လျာထားခြင်း မရှိသည့်အတွက် ကော့သောင်းခရိုင်ပညာရေးမှူးအဖြစ် လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးနေလင်းထွန်း (ဘုတ်ပြင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုမိမိတို့ဘက်မှ ခရိုင်ပညာရေးမှူးရုံးကို တောင်းဆိုသည်မှာ အောက်ခြေပညာရေးဝန်ထမ်းများက တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မဖြစ်ဖြစ်အောင်လုပ်ပေးစေချင်ပါကြောင်း၊ လောလောဆယ် ခရိုင်ပညာရေးမှူးရုံး မဖွင့်ပေးနိုင်ခင်စပ်ကြားတွင် ကော့သောင်းမြို့နယ် ပညာရေးမှူးရုံးနှင့်တွဲဖက်ပြီး ခရိုင်ပညာရေးမှူး တာဝန်ပေးအပ်နိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာရုံးဝန်ထမ်းများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပေါင်းစပ်ဆောင်ရွက်ပါမည် လိုအပ်ချက်အရ ဖွဲ့စည်းပုံရရှိရေးအတွက် ဦးစွာဆောင်ရွက်ပြီးမှ ကျန်ရှိသည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။