Skip to main content

မေးခွန်း အကြောင်းအရာ 

u win aungမန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရန် အဘက်ဘက်ကမြှင့်တင်ချင်သည်ဆိုပါက ပညာရေးမြှင့်တင်မှုသည် အလွန်ပင်အရေးကြီးလှကြောင်းနှင့် ပညာရေးမြှင်တင်ရန် မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်နိုင်ရန် လိုအပ်ပါကြောင်း၊ နောင်တစ်ချိန် လူ့စွမ်းအား အရင်းအမြစ်၏ အဓိကဖြစ်သည့် ကျောင်းသား ကျောင်းသူလူငယ်များအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အရာတွေကိုလည်း ယခုကပင် ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် (၄) တန်းနှင့်‌ (၈) တန်းကို ပြည်နယ်အဆင့် စစ်ဆေးပြီး ၁၀၀ ရာခိုင်နှုန်း အောင်ပေးခဲ့ကြောင်း၊  အဆိုပါကိစ္စရပ်များအပေါ် လေ့လာကြည့်မည်ဆိုပါက (၄)တန်းနှင့်‌(၈)တန်းမေးခွန်းများကို ခရိုင် သို့မဟုတ် ပြည်နယ်များတွင် စစ်ပါကြောင်း၊ ကျောင်း အသီးသီးတွင် မေးခွန်းတိုက်များထားရှိသည့်အတွက်လည်း ကုန်ကျစရိတ်ကအလွန် များပြားလှသည့် အပြင် ဆရာဆရာမများအတွက် အဖြေလွှာစစ်ရန် မေးခွန်းယူ၊ မေးခွန်းပို့ခြင်းသည်လည်း အလွန် တာဝန်ကြီးလှပါကြောင်း၊ ထို့နောက် (၄) တန်းနှင့်‌ (၈) တန်းကို ၁၀၀ ရာခိုင်နှုန်းအောင်ပေးသည့် အတွက် ကျောင်းတွင်လည်း စာမေးပွဲစစ်နိုင်ပါကြောင်း၊

တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စပ်လျဉ်း၍လည်း ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာမေးခွန်း  တချို့ မှားနေသည်ဟုသိရပါကြောင်း၊  အကြံပြုချက်အနေဖြင့် တင်ပြချင်သည်မှာ အခြေခံပညာတက္ကသိုလ်ဝင်တန်းမေးခွန်းများကို အဆင့်မြှင့်‌ပညာဦးစီးဌာနမှတာဝန်မယူဘဲ အခြေခံ ပညာက ဆရာဆရာမကြီးများ တာဝန်ယူမည်ဆိုပါက ယခုကဲ့သို့ မေးခွန်းမှားယွင်းမှု သည့် ကိစ္စရပ်မျိုး ဖြစ်ပေါ်နိုင်ခြင်း မရှိဟု ထင်မိပါကြောင်း၊ ထို့ကြောင့် အခြေခံပညာက ဆရာကြီး၊ ဆရာမကြီးများ တာဝန်ယူ၍ ရ/မရ ကိုသိရှိလိုပါကြောင်း၊

တက္ကသိုလ်ဝင်တန်းတွင် စာမေးပွဲမေးခွန်း ဘာသာတွဲ(၈)တွဲရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များသည် ဘာသာတွဲတိုင်းတွင် ပါရှိပါကြောင်း၊ ကျောင်းသူကျောင်းသားများ အဓိက သင်ယူနေသည့် ဘာသာရပ်သည် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်တွဲကိုလည်းကောင်း၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကိုလည်းကောင်း၊  ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွဲကိုလည်းကောင်း သင်ကြားနေလျက်ရှိပြီး စိတ်ကြိုက်မြန်မာစာဟူ၍ ဘာသာတွဲ သုံးတွဲ ရှိပေသော်လည်း မနှစ်က ယင်းဘာသာရပ်ကို  သင်ကြားသည့်ကျောင်းသားဦးရေသည် တစ်ဦးသာရှိသည်ဟု သိရှိရပါကြောင်း၊

ထို့ပြင် ကျောင်းများ၌ စာသင်ခန်းများ၊ ဆရာဆရာမများ လုံလောက်ခြင်းမရှိသည့်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီ၊ ရူပဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သမိုင်း ဘာသာတွဲကို သင်ကြားသည့်ကျောင်းသားများသည် အခန်း(၁)ခန်းဖြင့် သီးသန့်သင်ယူနိုင်ခြင်းမရှိဘဲ  အခန်းပြောင်း သင်ကြားနေရပါကြောင်း၊ အဆိုပါ ဘာသာတွဲ(၈)တွဲမှ တက္ကသိုလ်စာမေးပွဲ အောင်မြင်ပါကလည်း တက္ကသိုလ်တက်ရောက်ရန်ကိုသာ ရွေးချယ်ခွင့်ပေးထားခြင်းဖြစ်သည့်အတွက် မလိုအပ်သည့် ဘာသာတွဲကို ဖြုတ်သိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

win maw tunအခြေခံပညာကဏ္ဍတွင် အခြေခံပညာအရည်အသွေးမြင့်မားရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး အခြေခံပညာမူလတန်းအဆင့်၏ နောက်ဆုံး အတန်းဖြစ်သည့် Grade 5 ၊ အခြေခံပညာအလယ်တန်းအဆင့်‌၏ နောက်ဆုံးအတန်းဖြစသည့် Grade 9 တို့ကို ခရိုင်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် စာမေးပွဲများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပလျက်ရှိပါကြောင်း၊ အဆိုပါစာမေးပွဲများ ကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှု အကဲဖြတ်နိုင်ရန်နှင့် သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားစေရန်သာ ရည်ရွယ်ကျင်းပခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ ‌ဖြေဆိုနိုင်မှုအပေါ်မူတည်ပြီး အောင်/ရှုံးသတ်မှတ်ကာ အတန်းချရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ပါကြောင်း၊ ယခင်က အခြေခံ ပညာအဆင့်တွင် အဆင့်အလိုက် ပြီးဆုံးချိန်ရောက်ပါက နောက်ဆုံးအတန်းများတွင် ကျောင်းများ၏ အစီအစဉ်ဖြင့် စစ်ဆေးအတန်းတင်ပေးသည့် စနစ်ကို ကာလ ကြာရှည်စွာ ကျင့်သုံးခဲ့ပါကြောင်း၊ ထိုသို့ ကျင့်သုံးခဲ့ရာတွင် အခြေခံပညာအရည်အသွေမြင့်မားရေးအတွက် အကဲဖြတ်စစ်ဆေးသည့် စံ သတ်မှတ်မှုဖြင့် စစ်ဆေးဆောင်ရွက်ပြီးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်ကို တွေ့ရှိ ရသည့်အတွက် တင်ပြပါယခုစနစ်ကို ပြောင်းလဲကျင့်‌သုံးခဲ့ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဖွဲ့စည်းပုံအသစ် (KG+12) စနစ်ကို ပြုပြင်ပြောင်း လဲအကောင်အထည်ဖော်လျက်ရှိရာတွင် သင်ရိုးသစ်များ၊ သင်ကြားနည်းအသစ်များနှင့် စစ်ဆေးအကဲ ဖြတ်သည့်စနစ်သစ်များကို ဆက်လက်ပြပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အမျိုးသားအဆင့် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ မူဝါဒများကို ရေးဆွဲပြုစု ဆောင်ရွက်လျက် ရှိပြီး စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ မူဝါဒနှင့်အညီဆောင်ရွက်ရာတွင် အတန်းတွင်း သင်ယူမှု နေ့စဉ် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း၊ ကျောင်းအဆင့်‌စစ်ဆေး အကဲဖြတ်သည့် တတ်မြောက်မှုစစ်ဆေးခြင်း၊ နိုင်ငံတော်အဆင့်‌စားမေးပွဲအဆင့်‌များ အဆင့်အလိုက်စနစ်တကျ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် Grade 5  နှင့် Grade 9 စာမေးပွဲများကို သက်ဆိုင်ရာကျောင်းများတွင်သာ စစ်ဆေးသည့် ကျောင်းစစ်အတန်းတင် စာမေးပွဲများအဖြစ် ယခင် စနစ်များအတိုင်း ပြန်လည်စစ်ဆေးနိုင်ရန် ယခုအချိန်တွင်အစီအစဉ် မရှိပါကြောင်း၊  

အခြေခံပညာအဆင့်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ကြီးကြပ်မှုနှင့်ဆောင်ရွက်သည့် နိုင်ငံတော်အဆင့်စာမေးပွဲဖြစ်ပြီး တက္ကသိုလ်မှသင်ရိုးညွှန်းတမ်းဆိုင်ရာ ဘာသာရပ်ဥက္ကဋ္ဌ၊ ဘာသာရပ်စာစစ်မှူးချုပ်များက မေးခွန်းများပြုစု စစ်ဆေးဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်စာမေးပွဲဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော အထက်တန်းအဆင့်‌သင်ဆရာဆရာမကြီးများသည် ဘာသာရပ်အလိုက် အဖြေလွှာ စစ်ဆေးည့် တာဝန်ကိုသာယူရပါကြောင်း၊ တက္ကသိုလ်ဝင်စားမေးပွဲသည် နိုင်ငံတော်အဆင့်‌တက္ကသိုလ် ဝင်ခွင့်‌ကို ရည်ရွယ်ပြီးစစ်ဆေးသည့် စာမေးပွဲဖြစ်ပါသဖြင့် မိမိတို့ကိုယ်တိုင်သင်ပြီး မိမိတို့ကိုယ်တိုင် မေးခွန်းပြုစု စစ်ဆေးခြင်းထက် ယခုလက်ရှိဆောင်ရွက်နေသည့် စနစ်သည် ပိုမ ကောင်းမွန်သော စနစ်ဖြစ်ပါ သောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများကို အခြေခံပညာအဆင့်တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာဆရာမကြီးများကို တာဝန်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း၊

အခြေခံပညာအထက်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူများ ရွေးချယ်သင်ယူနိုင်ရန် ဘာသာ တွဲ(၈)တွဲ သတ်မှတ်ထားသော်လည်း အခြေခံပညာအထက်တန်းအဆင့်‌၏ ဒသမတန်းတွင် ကျောင်းသားကျောင်းသူများ အမှန်တကယ်သင်ယူလျက်ရှိသော ဘာသာတများအတွက်သာ မေးခွန်းတွေက ပြုစုစစ်ဆေးခြင်းဖြစ်သည့်အတွက် မလိုအပ်သည့် ဘာသာရပ်ဟူ၍ သတ်မှတ်၍မရပါ ကြောင်း၊ တင်ပြပါဘာသာတွဲ(၈)ခုနှင့် စပ်လျဉ်းပြီး အခြေခံပညာဖွဲ့စည်းပုံအသစ် KG+12 (KG+5+4+3) စနစ်သစ်အရ အခြေခံပညာအထက်တန်းအဆင့်တွင် အတန်းဆင့် (၃) တန်းဖြစ် လာမည်ဖြစ်သည့်အတွက် လိုအပ်သည့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်အသစ်နှင့်အညီ မသင်မနေရ ဘာသာရပ်များ ရွေးချယ်သင်ယူခွင့်‌ရှိသော ဘာသာရပ်များအဖြစ် သတ်မှတ်လာမည်ဖြစ်သည့်အတွက် အဆိုပါသတ်မှတ်ချက်များအပေါ်မူတည်ပြီး လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပါမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။


 

ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း