(စ)-ဧရာဝတီတံတား(ထီးချိုင့်)၏ ရေလယ်တိုင်များကြောင့် မြစ်ကမ်းအနီးရှိကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုတိုက်စားခြင်းမှကာကွယ်ရန် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းခြင်းကို မည်သို့ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ထီးချိုင့်မြို့နယ် ဧရာဝတီတံတား(ထီးချိုင့်)၏ ရေလယ်တိုင်များကြောင့် တံတား၏အထက်နှင့် အောက်ဘက်တို့တွင် သောင်များဖြစ်ထွန်းလာပြီး မြစ်ကမ်းအနီးရှိကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုတိုက်စားခြင်းမှကာကွယ်ရန် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းခြင်းကို မည်သို့ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်ရှိသည့် ဧရာဝတီတံတား (ထီးချိုင့်) ကို ၂၂-၁၀-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေး-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းတို့ကို ဆက်သွယ်သည့် လမ်းပေါ်တွင် တည်ရှိပြီး အလွန်အသုံးဝင်လှသည့် တံတားတစ်စင်း ဖြစ်ပါကြောင်း၊ တစ်ဖက်ကအသုံးဝင်သကဲ့ တစ်ဖက်ကလည်း သက်ရောက်မှုများ ရှိနေပါကြောင်း၊ တံတား၏ ရေလယ်တိုင်အောက်ခြေက ပိုင်ရိုက်ထားသည့်အတွက် ရေများချိန်တွင် ရေခိုပြီးမြစ်၊ သဲနုန်းပို့ချမှုဖြစ်သဖြင့် ရေလယ်တွင် သောင်ထွန်းကျွန်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ တံတားအောက်ဘက်တွင်မက တံတား၏ အထက်ဘက်ကိုပါ သောင်များ ဖြစ်ထွန်းလာခြင်း ဖြစ်ပါကြောင်း၊ ကိုင်းပင်များ ပေါက်ရောက်ရာမှ ကျွန်းဧရိယာကြီးမားလာပြီး မြစ်ကြောင်းသည် နံဘေးဝဲ/ယာကို စီးဆင်းပါကြောင်း၊ မြစ်ရေကျချိန် အောက်တိုဘာလမှ စတင်ပြီး မြစ်ကြောင်းသည် ရေလယ်ကျွန်းကို အလယ်ထားပြီး မြစ်နှစ်ခွအဖြစ် စီးဆင်းပါကြောင်း၊ ထိုအခါ မြစ်ရေကျလေ မြစ်ကြောင်းသည် မြစ်၏အလယ်တွင် မစီးဆင်းဘဲ ရေလုံးပြီးကမ်းနားကို ဦးတည် တိုက်စားသည့်အတွက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာများကမ်းပါးပြိုခြင်းနှင့် အနောက်ဘက်ကမ်း တစ်လျှောက် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ထီးချိုင့် မြို့နယ်ရှိ ဧရာဝတီတံတား (ထီးချိုင့်) ၏ ရေလယ်တိုင်များကြောင့် ဧရာဝတီမြစ်ရေ များချိန်တွင် မြစ်ရေစီးဆင်းမှုကို ဟန့်တား ထားသကဲ့သို့ဖြစ်ပြီး ရေစီးနှုန်းလျော့နည်းလာစေပြီး တံတား၏ အထက်ဘက်ရှိ မဲဇာချောင်းကလည်း အနည်အနှစ်များ ပို့ချလာမှုကြောင့် တံတားအောက်ဘက် မြစ်အလယ်ခေါင်တွင် မြေနုကျွန်းကြီး ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ရေလမ်း (ထီးချိုင့်) တွင် ၂၀၁၃ ခုနှစ်ခန့်မှစပြီး ထီးချိုင့်မြို့အထက်ဘက်ကမ်းမှ မြတောင်ဘက်ကမ်းကို ကန့်လန့်ဖြတ်စီးဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြတောင်ဘက် ကမ်းသို့သာ ရေလမ်းကြောင်း ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် မြတောင်ကမ်းပါးနှင့် အလွန်နီးကပ်စွာ ရေလမ်းကြောင်း ပြောင်းလဲလာခဲ့ပြီး ရေလမ်းကြောင်းမှာလည်း ကျဉ်းမြောင်းလာခဲ့ပါကြောင်း၊

၂၀၀၉ ခုနှစ်က ရေလမ်းကြောင်းသည် မြတောင်ဘက်ခြမ်းနှင့် ဧရာဝတီ၏ အရှေ့ဘက်ခြမ်းနှင့် ခပ်ကွာကွာ ရှိပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင်လည်း ထိုနည်း၎င်း ရေလမ်းကြောင်းက သိပ်ပြောင်းလဲမှု မရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစပြီး ရေလမ်းကြောင်းက ထီးချိုင့်ဘက်ကမ်းမှ မြတောင်ဘက်ကမ်းကို ကပ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အရှေ့ဘက်ကမ်းကို ပိုကပ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တော်တော်ကပ်နေသည်ကိုလည်း တွေ့ရပါသည်။ ၂၀၁၉ ခုနှစ်၏ နောက်ဆုံးအခြေအနေ၊ ရေလမ်းကြောင်းမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းတာရရှိထားသော တိုင်းတာရေး ရေလမ်းမြေပုံအရ မြစ်၏ရေနက်စီးကြောင်း ဦးတည်ရာလမ်းကြောင်းနှင့် တံတား Alignment ၏ Angle က ၄၅ ဒီဂရီခန့် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အမှန်တကယ် တံတား Alignment နှင့် ရေစီးကြောင်းတို့သည် ထောင့်မှန်ကျဖြစ်ပါက ပိုပြီးကောင်းသည့် အနေအထား ဖြစ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တံတားအောက်ဘက်ရှိ သောင်ခုံနေရာသို့ ရေစီးကြောင်းပြောင်းလဲ စေရန်အတွက် တံတားအထက်ဘက် မြတောင်ကျေးရွာ ဘက်အခြမ်းရှိ မျောတိုင်တန်း ကျောက်ဖြည့်ရေကာ သို့မဟုတ် သဲအိတ်ခံကျောက်စီရေကာများ တည်ဆောက်၍ ရေလမ်းတည်ငြိမ် စေရေးအတွက် ထိန်းသိမ်းပေးရမည် ဖြစ်ပါကြောင်း၊

၁၉၈၇-၈၈ နှစ်များအတွင်း နယ်သာလန်နိုင်ငံ Royal Haskoning ကုမ္ပဏီက လေ့လာထားသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အောက်ပိုင်း ပြုပြင်ထိန်းသိမ်းရေး ပင်မစီမံချက် Master Plan အပေါ် အခြေခံပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထိုအချိန်က ရေလမ်းကြောင်းအခြေအနေကို ထည့်သွင်းစဉ်းစားပြီး Master Plan တစ်ရပ် ရေးဆွဲခဲ့ပါကြောင်း၊ ၎င်း Master plan အရ ဗန်းမော်-ထီးချိုင့်ရေလမ်းပိုင်းတွင် ကျောက်မှော်မှ ကျွန်းကြီးအထိ ရေလမ်းကောင်းမွန် စေရေးအတွက် မျောတိုင်တန်းကျောက်ဖြည့် ရေကာ ၅၆၅၀ မီတာ၊ သဲအိတ်ခံကျောက်စီရေကာ ၃၁၅၀ မီတာနှင့် သောင်ထိန်း ၇၅၀ မီတာတို့ကို ဆောင်ရွက်ရန် လျာထားခဲ့ပါကြောင်း၊

ယခုကဲ့သို့ Master Plan အရ လျာထားမှု ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေပေါ် မူတည်ပြီး နိုင်ငံတစ်ဝန်းရှိ ရေလမ်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် လည်းကောင်း၊ ဦးစားပေးအစီအစဉ်များအရ အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်၍ ဧရာဝတီတံတား (ထီးချိုင့်) အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုခြင်းအတွက် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိသေးပါကြောင်း၊

ဧရာဝတီမြစ်ရေလမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဗန်းမော်-ထီးချိုင့် ရေလမ်းပိုင်း၊ ထီးချိုင့်-မန္တလေး ရေလမ်းပိုင်း၊ မန္တလေး-ညောင်ဦး ရေလမ်းပိုင်း၊ ညောင်ဦး-မကွေး ရေလမ်းပိုင်း၊ မကွေး-ပြည် ရေလမ်းပိုင်း၊ ပြည်-ဟင်္သာတ ရေလမ်းပိုင်းနှင့် ဟင်္သာတ- ညောင်တုန်း ရေလမ်းပိုင်းဟူ၍ အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ရေလမ်းပြောင်းလဲမှု မြန်ဆန်ပြီး ရေကြောင်းသယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်ပေါ် လေ့ရှိသည့် ရေလမ်းပိုင်းများ၊ ရေလမ်းတိမ်ကော ပျက်စီးမှုများနှင့် ကမ်းပါးများ ထိခိုက်မှု ဖြစ်ပေါ်နေသည့် ရေလမ်းပိုင်းများကို ဦးစားပေးအဆင့် သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ဧရာဝတီမြစ်ရေလမ်း ဖွံ့ဖြိုးရေးသည် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  မဖြစ်မနေ ဦးစားပေးဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများအတွက် ရန်ပုံငွေ လျာထားတင်ပြ တောင်းခံလျက်ရှိပြီး ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ လိုအပ်ချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် နေရပါသဖြင့် ထီးချိုင့်မြို့နယ် ဧရာဝတီတံတား (ထီးချိုင့်) ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ လျာထားတောင်းခံ ထားသည့်စာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မြစ်ကြောင်းကလည်း ယခုကဲ့သို့ တကယ်စနစ်တကျ ထိန်းသိမ်းမှလည်း အဆင်ပြေမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း လောလောဆယ်တွင် မိမိတို့က အခက်အခဲဖြစ်နေသည်မှာ ဧရာဝတီတံတား၏ အောက်ဘက် ဧရာဝတီမြစ်၏အနောက် ဘက်ခြမ်းတွင်ရှိသော ဆင်ကျွန်းကျေးရွာ၊ အထက်တွင် ကျေးရွာများသုံးလေးရွာရှိပါကြောင်း၊ လောလောဆယ် အရေးကြီးသည်က အနောက်ဘက်ခြမ်းကို ဆက်ပြီးပြိုဖို့ရာလည်း အလားအလာရှိပါကြောင်း၊ နောက်ထပ် ရေလယ်တွင် သောင်များပေါ်လာလေလေ မြစ်ကြောင်းက အောက်ဘက်ကို ရောက်လာသည့်အတွက် တိုက်စားနေခြင်း၊ ယခုလည်း စားနေပါကြောင်း၊ အဆိုပါကိစ္စကို ကမ်းထိန်းနံရံဆိုလည်း ၎င်းနေရာက မြေနုကျွန်းဖြစ်သည့်အတွက် သွင်းရန်မလွယ်ပါကြောင်း၊ ရေကြောင်းလွှဲသည့် ရေကာတာက အသေးစားမျိုးများကို ဝန်ကြီးဌာနအနေဖြင့် လုပ်ပေးနိုင်ခြင်းရှိ/မရှိ၊ ကသာကရေအရင်းအမြစ်က ဦးစီးအရာရှိကို ခေါ်ပြီးမှ မြစ်ချောင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ကနေချပြီး လုပ်ပေးရခြင်းများ ရှိပါကြောင်း၊ ရှေ့နှစ်ကိုလည်း ဆက်ပြိုနိုင်စရာ အကြောင်းရှိပါကြောင်း၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက တောရကျေးရွာ၏ ဘုန်းကြီးကျောင်းသည်လည်း တစ်ဖက်နံရံ ကပ်ပြီးမှ ရေလွှဲ/ရေကာတာလေး လုပ်ပေးလျှင် အဆင်ပြေနိုင်ပါကြောင်း၊ အကုန်အကျများသည့် ကျောက်စီမျိုးမဟုတ်လျှင် အသားသို့မဟုတ်ဝါးဖြင့် လုပ်၍ရသည့်ကိစ္စမျိုးကို ဌာနမှအနည်းဆုံး ရေကြောင်းလေးကို ထိန်းနိုင်သည့် ကိစ္စမျိုးလုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်တိုင်းတစ်ပြည်လုံးတွင် ရှိသည့်ရေသည် ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပြိုသည့်ကိစ္စများ၊ သဘာဝဘေးကြောင့် ကမ်းပြိုသည့်ကိစ္စများ၊ ရေကြီးရေလျှံကိစ္စများကို မိမိတို့အနေဖြင့် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေများဖြင့် ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် ဦးစားပေးအစီအစဉ်အရသာ ပိုပြီးအရေးကြီးသည့် နေရာများကို လူအင်အား၊ ရန်ပုံငွေအင်အားပေါ် မူတည်ပြီး မိမိတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့်လည်း ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း တင်ပြခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အဆိုပါနေရာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ထပ်မံပြီး အခြေအနေများကို သေသေချာချာ လေ့လာသုံးသပ်ပြီး တင်ပြသည့်အခြေအနေ ဖြစ်ပါကြောင်း၊ ထိုအပေါ်တွိင် မိမိတို့အနေဖြင့် စဉ်းစားပြီးမှ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေထည့်သွင်းနိုင်ရေးအတွက်ကို ထည့်သွင်းစဉ်းစားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။