Skip to main content

ပဲခူတိုင်းဒေသကြီး ရွှေတောင်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းဆရာများနှင့် ပညာရေးမှူး များအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရွှေတောင် မြို့နယ် ပြည်သူ့ဆေးရုံ၌ တာဝန် ထမ်းဆောင်ရန် ရောက်လာကြသော ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု၊ အလုပ်သမားများအတွက် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ဝန်ထမ်းအိမ်ရာ တောင်းဆိုရရှိဆောက် လုပ်ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးသည့်နည်းတူ ရပ်ဝေးမှ ပြောင်းရွှေ့ လာရောက် တာဝန်ထမ်းဆောင်နေရသော ကျောင်းဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေရန်နှင့် တာဝန် ထမ်းဆောင်နေသည့် အရည်အသွေးပိုမို တိုးတက်နိုင်သဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ မိမိ တောင်ငူတက္ကသိုလ်ကို မြန်မာစာပါမောက္ခဌာနမှူး တာဝန်ဖြင့် ပြောင်းရွှေ့ရစဉ် လစာကျပ် ၁၈၀၀ သာရစဉ်က မိမိငှားနေသော စားပွဲတစ်လုံး၊ ခုတင်တစ်လုံးသာဆံ့သည့် အိမ်ခန်းငှားရမ်းခသည် တစ်လလျှင် ၁၅၀၀ ပေးရပါကြောင်း၊ မိမိ မိဘနှစ်ပါး၏ အထောက်အပံ့ ကျေးဇူးကြောင့် ဝန်ထမ်းသက် ရှည်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုမျက်မှောက်အချိန်တွင် လစားတိုးသည်နှင့်အမျှ အိမ်ခန်းငှားခ များလည်း တိုးမြှင့်လာသဖြင့် ပညာရေးဝန်ထမ်းကျောင်းဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ အမှန်တစ်ကယ် လိုအပ်နေပါသောကြောင့် ပညားရေး ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ဆောင်ရွက်ရန်သာမက ဆရာများ၊ ကျောင်းသား/ကျောင်းသများ စိတ်ဓာတ်မြင့်မားလာရေး အတွက်လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကသင်ကြားပို့ချသူများဖြစ်သည့် ဆရာ/ဆရာမများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို ထည့်သွင်းစဉ်းစားလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည်မှာလည်း အလွန်လျော်ကန်သင့်မြတ် ပါကြောင်း၊ မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအသစ်ခန့်ထားသည့်နေရာတွင် သက်ဆိုင်ရာဒေသနှင့် အနီးဆုံးဖြစ်စေရန် ရွေးချယ်ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်းရှိသကဲ့သို့ ပြောင်းရွှေ့ ချထားရေးလုပ်ငန်း များ ဆောင်ရွက်သည့်နေရာ တွင်လည်း အနီးစပ်ဆုံး မိမိဒေသတွင်သာ မိမိတာဝန်ပြန်ကျရောက်ခဲ့မည်ဆိုပါက ငှားနေရသောကိစ္စများသည် ပြေလည်သွားနိုင်သည့်အတွက် ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နေရာထိုင်ခင်း သာမက သွားရေးလာရေး လွယ်ကူချောမွေ့စေရန် အချို့သော လမ်းပန်းဆက်သွယ်ရေးခက်သည့်နေရာများတွင် ဖယ်ရီများဆွဲပေးရန်အတွက် စီမံချက်များ စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထားချက်စာရင်းတွင် မပါသေးသော်လည်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ပညာရေးမှူးရုံးက စိစစ်ပြီးတင်ပြရန် အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။