Skip to main content

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်သည် ရပ်ကွက်ကျေးရွာအုပ်စု ၃၂ အုပ်စုရှိပြီး လူဦးရေ ၃၄၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ကျောက်ထု (အ.ထ.က) တွင် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် ကျောင်းသား ၁၇၃၈ ဦး ရှိပြီး ၁၀ တန်း ကျောင်းသား ၁၁၅၀ ရှိပါကြောင်း၊ ထို့ကြောင့် ကျောက်ထု (အ.ထ.က) တွင် ကျောင်းသားအရေအတွက်နှင့် စာသင်ခန်းအရေအတွက် မမျှတသည့်အတွက် ကျောင်းသားများက ကြပ်တည်းစွာ စာသင်ကြားလျက်ရှိပါကြောင်း၊ ၁၀ တန်းစာမေးပွဲ ဖြေစဉ်ကလည်း အ.ထ.က အပြင် ရပ်ကွက်နှစ်ကွက်က ကျောင်းနှစ်ကျောင်းတွင် Center သုံးခုခွဲပြီးမှ ၁၀ တန်းစာမေးပွဲကို စစ်ခဲ့ရပါကြောင်း၊ စာရေးခုံများကိုလည်း ၆ မိုင်လောက်ဝေးသည့် ကန်ကြီးကျောင်းက သယ်ယူပြီး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျောက်ထုမြို့ အ.ထ.ကတွင် စာသင်ခန်းများ လိုအပ်နေသဖြင့် မည်သည့်ကာလတွင် ဆောင် ရွက်ပေးနိုင် မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်အသစ်များကို တည်ဆောက်ရန်အတွက် လျာထားပေးရာတွင် ကျောင်းသားများ၏ ဝင်ဆံ့မှု၊ ကျောင်းခန်း၏အနေအထား၊ ဘာသာရပ်တွဲမှုများဖြင့် လျာထားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ယခုနှစ်မှစ၍ စာသင်ဆောင်များသာမက စာသင်ခုံများ၊ ရေ၊ မီးများကို ပါဝင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဆောင်သစ်များကို လျာထားပေးရာတွင်လည်း ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အခြေပြုပြီး ဒေသခံပုဂ္ဂိုလ်များ၏ တင်ပြချက်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးဝန်ကြီးဌာနနှင့်လည်း ကြိုတင်ပြီး စီမံဆောင်ရွက်ထားသည်များလည်း ရှိပါကြောင်း၊ ကျောင်းဆောင်သစ်များကို လျာထားပေးသည့်နေရာတွင် ရာသီဥတုနှင့် ဒေသန္တရကိုက်ညီသည့် ပုံစံဒီဇိုင်းများဖြစ်ရန် သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များနှင့်  ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ကြိုတင်ဆောင်ရွက်ချက်နှင့် သတ်မှတ်ထားသောမူများနှင့် ကိုက်ညီသည့်အတွက် ကိုယ်စားလှယ်တော်ကြီးတင်ပြထားသော ကျောင်းဆောင်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်မှ ကျပ်ငွေ ၃၂.၄ သန်း လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။