Skip to main content

ယခုအခါ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များမှ လုပ်ငန်းစီမံကိန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ရာတွင် အများသိသာမြင်သာ ရှိစေရန် လုပ်ငန်းတင်ဒါခေါ်ယူခြင်းသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု ရှိသော်လည်း ၎င်းစနစ်၏ အားနည်းချက်၊ အားသာချက်များကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊  အားနည်းချက်များအနေဖြင့် မူလစီမံကိန်း တန်ဖိုး ထက် လျော့၍ တင်ဒါများခေါ်ယူခြင်း၊ လုပ်ငန်းတင်ဒါ အောင်မြင်ပြီးသော လုပ်ငန်းရှင်အဖွဲ့အစည်းများသည် နည်းမျိုးစုံဖြင့် ချိတ်ဆွဲခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ခါနီးမှ လုပ်ငန်းများ စတင်ဆောင်ရွက်ကြခြင်း၊ စက်ကန်ထရိုက် များ ပေးခြင်းမှ  Labor ကန်ထရိုက်များထံသို့ တစ်ဆင့် လွှဲပေးခြင်းစသော အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် မူလစီမံကိန်းလုပ်ငန်းတန်ဖိုးများသည် ပြည်သူလူထုထံ အပြည့်အဝရောက်ရှိခြင်းမရှိဘဲ ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ပျောက်ဆုံးစေပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း တင်ဒါစည်းမျဉ်း စည်းကမ်း များနှင့် ညီညွတ်မှုရှိ/မရှိ မသိနိုင်သည့်အပြင် လုပ်ငန်းပြဿနာများ ပေါ်ပေါက်ပါက တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေး မည့်သူမရှိခြင်းစသည့် ရှုပ်ထွေးသောပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပွင့်လင်း မြင်သာသော လုပ်ငန်းတင်ဒါခေါ် ယူခြင်းသည် ပွင့်လင်းမြင်သာသည် မှန်ပါသော်လည်း ပြည်သူလူထုထံ အမှန် တကယ် အကျိုးသက် ရောက်မှုရှိ/မရှိနှင့် မည်သို့တည့်မတ် ထိန်းကျောင်းပေးမည်ကို သိရှိလို၍ မေးမြန်းပါသည်။


အစိုးရဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့မှ တည်ဆောက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင်လည်းကောင်း၊  ပစ္စည်းများ၊ ဝယ်ယူရာတွင်လည်းကောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေး၊ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်ဝစေရေး၊ အလေအလွင့် မသမာမှုများ ကင်းရှင်းစေရေးနှင့် စနစ်တကျစီမံခန့်ခွဲအသုံးပြုနိုင်ရေးတို့အတွက် ဗဟိုစီမံခန့်ခွဲရေး အမှုဆောင် အဖွဲ့နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီ၊ ပြည်ပသို့စေလွှတ်မည့် သူများ နိုင်ငံခြားသုံးငွေခွင့်ပြုမှု စိစစ်ရေးကော်မတီများကို နိုင်ငံတော်သမ္မတရုံးမှ ၂၀-၄-၂၀၁၁ ခုနှစ်၊ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၁၁) ဖြင့်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီများ အနေဖြင့် တင်ပြလာသော တည်ဆောက်ရေးကိစ္စရပ်များ၊ ဝယ်ယူရေးကိစ္စရပ်များကို နိုင်ငံတော်၏ ဦးတည်ချက်နှင့် အညီ ဦးစားပေးကဏ္ဍအလိုက် အတည်ပြုခြင်း၊ ဆိုင်းငံံ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်အတည်ပြုခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း၊

ထို့နောက် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအရ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ ပစ္စည်းဝယ်ယူမှုကိစ္စ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ဝန်ကြီးချုပ်များအား လွတ်လပ်စွာလုပ်ကိုင်ခွင့်နှင့် တာဝန်ယူခွင့် ပေးထားခဲ့ပါကြောင်း၊  ထို့နောက် အမိန့်ကြော်ငြာစာ အမှတ် (၃၂/၂၀၁၁) ဖြင့် ဖွဲ့စည်းထားခဲ့သော ကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၇/၂၀၁၁)နှင့် ဖျက်သိမ်းခဲ့ပါကြောင်း၊  ၂၃-၉-၂၀၁၁ ခုနှစ်၊ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် ဌာနတွင်း ပစ္စည်းဝယ်ယူရေးကော်မတီ၊ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီများကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့များက စိစစ်ကာ ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူ ခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့မှ ဒေသဈေးနှုန်းစိစစ်ရေးအဖွဲ့၊ တည်ဆောက် ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့တို့မှ စိစစ်ခြင်းဖြင့်လည်းကောင်း၊  တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးများသို့ တင်ပြအတည်ပြုချက်ရယူခြင်းဖြင့် လည်းကောင်း ဝယ်ယူရေး၊ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပါကြောင်း၊

ထို့ပြင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတို့အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် အမှတ်(၁/၂၀၁၃) ကိုထုတ်ပြန်ခဲ့ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် လိုက်နာရမည့် တင်ဒါစည်းကမ်းများပင် ဖြစ်ပါ ကြောင်းနှင့် အဆိုပါ တင်ဒါစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

ထို့သို့ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့မှ ပစ္စည်းဝယ်ယူရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်ပါကြောင်း၊ အိတ်ဖွင့်တင်ဒါ ရွေးချယ်ရာတွင်လည်း တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးစိစစ်တွက်ချက်ရေးကော်မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေးစိစစ်ရေး ကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊

အစိုးဌာနအဖွဲ့အစည်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေုဖြင့် ဦးဆောင်ရေးဆွဲထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်များနှင့်လည်း တိုက်ဆိုင်စစ်ဆေးစိစစ် ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်း စစ်ချုပ်ရုံးများကလည်း ခြောက်လတစ်ကြိမ်လုပ်ငန်းနှင့် စာရင်းများကို ပုံမှန်စစ်ဆေးလျက် ရှိပါကြောင်း၊

ထို့အပြင် လုပ်ငန်းစီမံကိန်း ပြီးစီးမှုအတွက် အရည်အသွေးစစ်ဆေးခြင်း၊ စာချုပ်ပါ လုပ်ငန်းအပ်နှံချက်အရ လုပ်ငန်းကျေနပ်ဖွယ်ရှိ/မရှိ၊ လုပ်ငန်းအာမခံချက်ပါ အချိန်အတွင်း ပြီးစီးခြင်းရှိ/မရှိတို့ကို လုပ်ငန်း ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်နှင့် စိစစ်ဆောင်ရွက်ခြင်းအားဖြင့် ထိန်းကျောင်းလျက်ရှိပါကြောင်း၊

တည်ဆောက်ရေးလုပ်ငန်း၊ ဝယ်ယူရေးလုပ်ငန်းများတွင် ထင်သာမြင်သာရှိသော တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးပြည့်ဝကောင်း မွန်သော ပစ္စည်းအမျိုးအစားများရရှိခြင်း၊ တည်ဆောက် ရေးစီမံကိန်းများ စံချိန်စံညွှန်းနှင့်အညီ ပြီးစီးဆောင်ရွက်နိုင်ခြင်း၊ အများပြည်သူပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လွတ်လပ်စွာ တရားသဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း၊ ဒေသခံပြည်သူ များအတွက် စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသောကြောင့် အများပြည်သူအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။