Skip to main content

ဦးအေးမောက် (မလှိုင်) မိမိတို့နိုင်ငံအနေဖြင့် ယနေ့တွင် အခွန်နဲ့ပတ်သက်၍ များစွာ ရရှိရန်ကျန်ရှိနေသည့်အခွန်များ အများအပြား ကျန်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်အနေဖြင့် အိမ်ခြံမြေရောင်းဝယ်ဆောက်လုပ် ငှားရမ်းသည့် ကိစ္စရပ်များတွင် ရသင့်ရထိုက်သော ဝင်ငွေများ ကျန်ရှိနေပြီး ထိုကဲ့သို့ ကျန်ရှိနေသည်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အခွန်နှုန်းထားများ တွက်ချက်ရာတွင် အခက်အခဲရှိခြင်း၊ ပြည်သူများသည် အခွန်ယဉ်ကျေးမှုအားနည်းခြင်း၊ ရုံးပြင်ကနားသွားရာတွင် စိုးရိမ်မှုများရှိနေခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်ခြံမြေ ရောင်းဝယ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို တန်ဖိုးတွက်ချက်ရာတွင် မြေ၊ အဆောက်အအုံ၊ တန်ဖိုးများ ငှားရမ်းမှု၊ ငှားရမ်းခများ သတ်မှတ်ပေးသင့်ပါ ကြောင်း၊ ထို့အပြင် SAS စနစ်များကို မိမိကိုယ်တိုင် တွက်ချက်ပြီး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ အိမ်ခြံမြေ အဆောက်အအုံ ငှားရမ်းခြင်းများကို အဖွဲ့ဖြင့် သတ်မှတ်ထုတ်ပေး မည်ဆိုပါကလည်းကောင်း၊ အဆိုပါတန်ဖိုး သို့မဟုတ် အမှန်တကယ် ဆောင်ရွက်ရမည့် တန်ဖိုးအတိုင်း တွက်ချက်ထားသောအခွန်များကို ဘဏ်များတွင် သတ်မှတ်ထားသောနည်းလမ်းအတိုင်း ချလံများဖြင့် ပေးသွင်းအခွန်ထမ်းဆောင်ခြင်းဖြင့် အခွန်ရုံးများတွင် ဝန်ထမ်းများအတွက် လုပ်ငန်းပိုမိုမြန်ဆန်လာသကဲ့သို့ အခွန်ထမ်းများအတွက်လည်း စိတ်လက်ချမ်းသာစွာ အခွန်ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်များ ပိုမိုရရှိလာရန် အိမ်ခြံမြေရောင်းဝယ်ငှားရမ်းခြင်းအပေါ် အခွန်ငွေတွက်ချက်ရာ အိမ်ခြံမြေတန်ဖိုး၊ ဈေးနှုန်းသတ်မှတ်ခြင်း ကိစ္စရပ်အား နေရာဒေသအလိုက် သက်ဆိုင်ရာ တာဝန်ရှိအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သတ်မှတ်ဆောင်ရွက် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိနှင့် သတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ဖြစ်သည်၊ သတ်မှတ်ဆောင်ရွက် ပေးနိုင်ပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်၊ အခွန်ထမ်းဆောင်ရွက် ရမည့်နည်းလမ်း (Procedure) ကို ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေများရရှိရေးအတွက် အိမ်ခြံမြေရောင်းဝယ်ခြင်းအပေါ် အခွန် စည်းကြပ် ကောက်ခံရာတွင် စနစ်တကျနှင့် ညီညွတ်မျှတမှုရှိစေရေးအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၏ ၁၈-၆-၂၀၀၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၃/၂၀၀၇)ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ကြေးတိုင်နှင့်မြေစာရင်းစားဦးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော မြို့နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ပါကြောင်း၊ ထို့အပြင် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေရောင်းဝယ်ခြင်းအပေါ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁၅-၂-၂၀၀၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၃/၂၀၀၈) ဖြင့် တိုင်းဒေသကြီးအဆင့်ရှိ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဘဏ္ဍာရေးနှစ်အလိုက် အိမ်ခြံမြေရောင်းဝယ်ခြင်းအပေါ် အတည်ပြုစံနှုန်းများကို အခွန်ထမ်းပြည်သူများ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးများတွင် မြို့နယ်အလိုက် အတည်ပြုစံနှုန်းများကို ချိတ်ဆွဲထားရှိ ပါကြောင်း၊ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်းများအပေါ် မြို့နယ်အလိုက် ငှာရမ်းခတန်ဖိုးအနီးစပ်ဆုံးအပေါ်တွင် အခြေပြု၍ အခွန်ကို တွက်ချက်ကောက်ခံလျက်ရှိပြီး စံနှုန်းများ ထားရှိဆောင်ရွက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

မည်သူမဆို အခြေပစ္စည်းတစ်ခုခုကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးများရှိ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံသို့ စာရွက်စာတမ်းအထောက်အထားများ နှင့်တကွ တန်ဖိုးသတ်မှတ်ခံယူရမည်ဖြစ်ပါကြောင်း။

တင်ပြလာမှုအပေါ် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ အိမ်ခြံမြေရောင်းဝယ်လွဲပြောင်းခြင်းအတွက် သတ်မှတ်စံနှုန်း များဖြင့် တန်ဖိုးစိစစ်သတ်မှတ်ပြီးပါက ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းရှိ/မရှိ ဆောင်ရွက်ကာ ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တန်ဖိုးများ တွက်ချက်ရန် ငွေသွင်းချလန်များ ထုတ်ပေးပြီး သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်သို့ အခွန်ငွေများ ပေးသွင်းစေပါကြောင်း၊ ငွေသွင်းချလန်ပြန်လည်တင်ပြသည်နှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်တံဆိပ်ခေါင်းများ တန်ဖိုးအတိုင်းထုတ်ပေးပြီး အခွန်ထမ်းမှ ထုတ်ယူရရှိသော အခွန်တံဆိပ်ခေါင်းစာရွက်များနှင့် စာချုပ်စာတမ်းမှတ်ပုံတင်နိုင်ရေး၊ ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနတွင် ဆောင်ရွက်ပြီး အမည်ပြောင်းဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့ရွာဖွံ့ဖြိုးရေးနှင့် အိုးအိမ်ဦးစီးဌာနတို့တွင် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အိမ်ခြံမြေရောင်းဝယ် လွှဲပြောင်းခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ ရှင်းလင်း လွယ်ကူစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ရမည်များကို သတင်းစာများတွင် ထုတ်ပြန်ကြေညာပြီး ဖြစ်ပါကြောင်း။

အိမ်၊ ခြံ၊ မြေ ရောင်းဝယ်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ၂၀၀၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် တန်ဖိုးသတ်မှတ်မှုစနစ်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အိမ်၊ ခြံ၊ မြေ၊ ငှားရမ်းခြင်းအပေါ် စံနှုန်းသတ်မှတ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေပစ္စည်းများဝယ်ယူရောင်းချခြင်း၊ တည်ဆောက်ပြုပြင်ခြင်းများအပေါ် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ပေးဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အခွန်ဦးစီးဌာနမှူးရုံးများတွင် ချိတ်ဆွဲ ကြေညာထားပြီး ဖြစ်သည့် အပြင် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်းကောင်း၊ ကြေးမုံသတင်းစာ၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နေ့တွင်လည်းကောင်း ကြေညာပြီးဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

 ဦးအေးမောက် (မလှိုင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မေးခွန်းဖြေကြားချက်တွင် ကျသင့်သောနှုန်းများကို တွက်ချက်ပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနက ကြော်ငြာသင်ပုန်းတွင် ချိတ်ဆွဲထားသည်ထက် အများပြည်သူသိရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း သတင်းစာများတွင် အပိုင်းလိုက် ထည့်သွင်းသွားရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်