Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ သခွတ်ပင်ကွင်း ကွင်းအမှတ် (၅၁၆) ဦးပိုင်အမှတ် (၇/၁၇)နှင့်၊ မြေဧက ၁၇.၈၄ ဧကကို ဦးချစ်နှင့် ဦးဆိုင်က  အခွန်များပေးဆောင်ပြီး နှစ်ပေါင်းမြောက်များစွာ လုပ်ကိုင်လာခဲ့ပါကြောင်း၊ ၁၉၇၉ ခုနှစ်တွင် ၎င်းမြေဧကကို အမှတ်(၂၆၂) တန် ၁၀၀ ဆန်စက် တည်ဆောက်ရန်အတွက် မြေ ၁၇.၈၄ ဧကကိုသိမ်းဆည်းပြီး ဆန်စက်ဆောက်ခဲ့ပါကြောင်း။ ထို့နောက်  ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကနေပြီးမှ ၂၀၀၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပုဂ္ဂလိကကို လေလံတင် ရောင်းချခဲ့ပါကြောင်း၊ ထိုသို့ လေလံယူခွင့်ရပြီးနောက် ၂၀၀၈ ခုနှစ် နာဂစ်ကို အကြောင်းပြုပြီး၍ ကျပ်သန်း ၂၃၀.၀၄ အစား ၁၄၇.၀၀၁ သန်းဖြင့် လျော့ပေါ့ ဝယ်ယူခွင့်ပြုခဲ့ပါကြောင်း၊ လွဲပြောင်းရောင်းချသည့်အမိန့်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကို ကျပ် ၂၃၀.၀၄ သန်းနှင့် အပြီးအပြတ်ရောင်းချခံကြောင်း သိရှိရသော်လည်း မြေရောင်းချခြင်းကို တိကျစွာဖော်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့်  ဝယ်ယူ ရရှိ သူအနေဖြင့်  မြေ ကိုပါရရှိရန် ဆောင်ရွရာတွင်  မူလပိုင်ရှင်ဖြစ်သော ဦးချစ်နှင့် ဦးဆိုင်ကလည်း ကန့်ကွက် လျှောက်ထား၍ မြေပြန်လည်ရရှိရေးကို  အငြင်းပွားလျက်ရှိပါကြောင်း၊ 

ထို့သို့ မြေအငြင်းပွားဆဲကာလမှာပင် ဝယ်ယူခွင့်ရသူကို မြေခွန် ဆောင်လိုက်ခြင်းကြောင့် အငြင်းပွားမှုများ ဆက်လျက်ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သိရှိလိုသည်မှာ (၁) ၎င်း ဆန်စက်အမှတ်(၂၆၂) တန် ၁၀၀ စက်အား ပုဂ္ဂလိကပိုင်ပြုလုပ် ရေးကော်မရှင်မှ ၁၈-၁၀-၂၀၀၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၀၈)ဖြင့် အပြီးအပြတ်ရောင်းချခဲ့ရာတွင် ဥပဒေအရ စက်ရုံမြေ ၁၇.၈၄ ဧကကို မူလလုပ်ပိုင်ခွင့်ရသူထံပြန်ပေးရန် ချန်ထားခဲ့သည့်အတွက် အဆိုပါချန်ထားခဲ့သောစက်ရုံမြေအား ဦးချစ်နှင့် ဦးဆိုင်တို့ထံ မည်သည့်အချိန်တွင် ပြန်လည်လွှဲပေးမည်ကိုလည်းကောင်း၊  မေးခွန်း(၂) စက်ရုံအားရောင်းချစဉ်က အထက်ပါအမည်မပါသော်လည်း စက်ရုံကိုဝယ်ယူခွင့်ရသူမှ အဆိုပါရရှိရေးအတွက် လယ်ယာစိုက်ပျိုးမှုနှင့်  အထောက်အထားမရှိဘဲ ကော့မှူးမြို့နယ် မြေစာရင်း ဦးစီးမှ မြေခွန်ပြေစာထုတ်ပေးခြင်းသည် ဥပဒေပါလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းမရှိပါက တာဝန်ရှိသူတို့အား မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာရှိ တန် ၁၀၀ ကျဆန်စက် အမှတ်(၂၆၂)ကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ၂၀၀၆ ခုနှစ်၊ ၁ လ ၁၃ ရက်နေ့ နေ့စွဲဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့ လွှဲပြောင်းအပ်နှံခဲ့ရာတွင် ဆန်စက်မြေ ၁၇.၈၄ ဧကလည်း အပါအဝင်ဖြစ်ပါကြောင်း၊  လွှဲပြောင်းစာမှအရ ဆန်စက်မြေသည်  လန/၃၉ လျှောက်ထား ဆဲ ဖြစ်ကြောင်းကို လည်း သိရှိရပါကြောင်း၊

အဆိုပါဆန်စက်အမှတ်(၂၆၂)ကို ၂၀၀၈ ခုနှစ်၊ ၂ လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့သော (၁/၂၀၀၈) ကြိမ်မြောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တန်ဖိုး ကျပ်သန်း ၂၃၀.၀၄ ရောင်းချပေး ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၀၈ ခုနှစ်တွင် တိုက်ခိုက်သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဆန်စက်နှင့် ဖွဲနု ဆီစက်တို့မှ ပျက်စီးထိခိုက်မှုများ ရှိခဲ့သည့်အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ (၂/၂၀၀၈) ကြိမ် မြောက် အစည်းအဝေးမှ ပျက်စီးမှု၏ တန်ဖိုး ကျပ် ၈၃.၀၃၉ သန်း လျှော့ပေးရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဝယ်ယူသူ အမည်ပေါက် ဂရန်ထုတ်ပေးရာတွင် ဝယ်ယူခွင့် ရရှိသူလေးဦးသည် တစ်ဦးတည်းသောအမည်ဖြင့် ပြောင်းပေးရန် တင်ပြခဲ့သည့်အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ (၁/၂၀၀၉) ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းတို့၏ ဆန္ဒအတိုင်း ဝယ်ယူသူအမည်ကို ဦးဇော်ဇော် အဖြစ် သတ်မှတ် ပြောင်းလဲခွင့်ပြုခဲ့ပါကြောင်း၊ ဝယ်ယူသူက တန်ဖိုးငွေကျပ် ၁၄၇.၀၀၁ သန်းကို အကြေပေးသွင်းပြီး နောက် ဆန်စက်မြေ ၁၇.၈၄ ဧက အပါအဝင် ဆန်စက်အမှတ်(၂၆၂)ကို ၁၆-၃-၂၀၀၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ဦးဇော်ဇော်ကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ဦးဇော်ဇော်က ဆန်စက်မြေအဖြစ် အသုံးပြုရန် လျှောက်ထားချိန်တွင် ဦးချစ်နှင်‌့ ဦးဆိုင်တို့က ကန့်ကွက်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းအဆုံးအဖြတ်ခံယူပြီးမှ ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က)အရ လယ်မြေကို ဆန်စက်မြေအဖြစ် အသုံးပြုခွင့်ရရေး လျှောက်ထားရန် အကြောင်း ကြားပြီး ဖြစ်ပါကြောင်း၊  ၎င်းမြေသည် နှစ်ပေါင်း ၃၀ ကျော်ကြာ  ဆန်စက်မြေအဖြစ် အသုံးပြခဲ့သော်လည်း လယ်ယာမြေကို အခြားနည်းအသုံးပြုမှု ခွင့်ပြုမိန့်ရယူထားခြင်း မရှိသေးသည့်အတွက်  မြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၆၀၄အရလည်းကောင်း၊   အောက်မြန်မာနိုင်ငံ မြေခွန်နှင့် အခွန် နည်းဥပဒေအပိုဒ် ၇၆ နည်းဥပဒေခွဲ(က) အရ လည်းကောင်း သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနက ၂၀၀၉-၂၀၁၀ ခုနှစ်အထိ အစိုးရဆန်စက်မြေအဖြစ် မြေခွန် စည်းကြပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆန်စက်အမှတ်(၂၆၂) မြေဧရိယာ ၁၇.၈၄ ဧကသည် ၁၉၇၉ ခုနှစ်က စတင်ကာ အစိုးရဆန်စက်မြေအဖြစ် အသုံးပြုခဲ့သော်လည်းပဲ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ် ရေးအက်ဥပဒေ ၃၉ အရ ခွင့်ပြုပေးအပ်ထားခြင်းမရှိသည့်အတွက် နိုင်ငံတော်ဘဏ္ဍာအခွန်ရရှိစေရန် ဥပဒေနှင့်အညီ လက်ဝယ်တွင် ပိုင်ဆိုင်ထားသူ ဦးဇော်ဇော်၏ အမည်ဖြင့်ဆက်လက် မြေခွန်စည်းကြပ်စေခဲ့ခြင်းဘဲ ဖြစ်ပါကြောင်း ပြန် လည် ဖြေကြားပါသည်။

 အထက်ပါဖြေကြားချက်များအပေါ် ဦးအောင်သိန်းလင်း (တောင်ဥက္ကလာ) မှ ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ စီမံကိန်းအတွက်အသုံးပြုထားသော မြေများကို အသုံးမပြုတော့ပါက မူလပိုင်ရှင်များကိုပြန်ပေးရန် အတွက်  ဥပဒေပြဋ္ဌာန်းထားပြီးသား ဖြစ်ပါကြောင်း၊ ယခုကိစ္စကိုလည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ခုံရုံးဖွဲ့စိစစ်ပါက မူလလက်ငုတ်လယ်သမားသာ ပြန်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ဆက်လက်ဆောင်ရွက် စိစစ် ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မူလလယ်သမားများ နစ်နာမှု မရှိစေရန် မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကိုပါ သိရှိလိုပါကြောင်း ထပ်ဆင့် မေးမြန်းပါသည်။

အမျိုးသားစီမံကိန်းနှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်

မိမိတစ်ယောက်တည်း ပြန်လည်ဖြေရှင်း၍ မလုံလောက်ကြောင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ     

မိမိတို့အနေဖြင့် လိုအပ်မည်ဆိုပါက ကော်မရှင်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် အကောင်းဆုံးအဖြေရရှိနိုင် ပါကြောင်း ပြောကြားပါသည်။