Skip to main content

ဦးရဲထွဋ်ဦး (နတ်တလင်း)မိမိတို့နိုင်ငံမှ အောင်ဘာလေသိန်းထီဖွင့်ပွဲကို လစဉ် လဆန်း(၁)ရက်နေ့တွင် ကျင်းပပေးလျက် ရှိပါသည်။ လေ့လာသိရှိမှုအရ တင်ပြရလျှင် အောင်ဘာလေသိန်းထီရောင်းရငွေ အားလုံး၏ ၄၀% ကို နိုင်ငံတော်အခွန်အဖြစ်ထားရှိပြီး ၆၀ ရာခိုင်နှုန်းကို ပြည်သူများအတွက် ဆုငွေအဖြစ် ပြန်လည်ထုတ်ပေးကြောင်း သိရှိရပါသည်။ ဆုငွေအဖြစ် သတ်မှတ်ဖော်ပြခြင်း ခံရသော ထီလက်မှတ်များထဲမှ အကြောင်း အမျိုးမျိုးကြောင့် လာရောက် မထုတ်ယူနိုင်သည့် ဆုငွေများကို သတ်မှတ်ထားသော ကာလတွင် အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခဲ့ခြင်းကြောင့် ပြည်သူများ၏ရပိုင်ခွင့် ၆၀ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ရပါကြောင်း၊

သို့ဖြစ်ပါ၍ မေးခွန်း(၁) လစဉ်အလိုက်ရောင်းရငွေနှင့် ထီအုပ်ရေများကို အများပြည်သူများ သိရှိနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာပေးနိုင်ခြင်း ရှိ/ မရှိ၊ မေးခွန်း(၂) ဒီမိုကရေစီအစိုးရတက်ပြီး (၃)နှစ် ကျော် ကာလအတွင်း အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ဆုငွေမည်မျှရှိသနည်း။ မေးခွန်း(၃) သိမ်းဆည်းထားသော ဆုငွေများကို မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ဖွင့်လှစ်ရောင်းချပေးလျက် ရှိသောအောင်ဘာလေထီ ဆုမဲရောင်းရငွေ၏ ၄၀% အား နိုင်ငံတော်အခွန် ရငွေအဖြစ်လည်းကောင်း၊ ၆၀% အား ဆုငွေအဖြစ်လည်းကောင်း  ခွဲဝေပေးလျက်ရှိပါသည်။ အောင်ဘာလေထီ စာအုပ်များရိုက်နှိပ်ရောင်းချရာတွင် ဈေးကွက် လိုအပ်ချက်များအရ ရောင်းချသည့် အုပ်ရေများမတူညီခြင်း၊ ဝယ်လိုအားအပေါ်တွင် မူတည်၍ အက္ခရာစဉ် တိုးမြှင့်/လျှော့ချ ရိုက်နှိပ်ရောင်းချ ပေးရခြင်းဖြစ်သဖြင့် လစဉ်ထီရောင်းချငွေနှင့် အက္ခရာစဉ် ထီစာအုပ် အရေအတွက်အား ထုတ်ပြန် ကြေညာပေးခြင်း မရှိသော်လည်း အကြိမ်စဉ်အရေအတွက် ထီဆုငွေခွဲဝေပေးမည့် အမျိုးအစားနှင့် ဆုမဲအရေအတွက်များကို အများပြည်သူ သိရှိစေရန် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ထီဖွင့်ပွဲမကျင်းပမီ လစဉ်ပုံမှန်နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းကြေညာပေးလျက်ရှိပါသည်။ လစဉ်အလိုက် ရောင်းရငွေနှင့် အက္ခရာစဉ် ထီအုပ်ရေတို့ကိုလည်း ၁-၈-၂၀၁၄ ခုနှစ် ရက်နေ့တွင် ဖွင့်လှစ်မည့် (၃၀၇)ကြိမ်မြောက်မှ စတင်၍ နိုင်ငံပိုင်သတင်းစာများတွင် လစဉ်ပုံမှန် ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ပါကြောင်း။

ဒုတိယမေးခွန်းဖြစ်သည့် ဒီမိုကရေစီအစိုးရတက်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ထီဆုငွေများ လာရောက်ထုတ်ယူခြင်းမရှိသည်‌့အတွက် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းထားသည်မှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်၏ ဆုမဲပေါင်း ၁၆၉၀၈၉ ဆုအနက် လာရောက်ထုတ်ယူခြင်း မရှိသည့် ဆု ၁၅၅၆၈ ဆုမှ ကျပ်သန်းပေါင်း ၂၀၃၉.၅၀ သန်းကိုလည်းကောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်၏ ဆုမဲပေါင်း ၁၇၇၃၁၉ ဆုအနက် လာရောက်ထုတ်ယူခြင်းမရှိသည်‌့ဆု ၁၆၉၁၃ ဆုမှ ကျပ်သန်းပေါင်း ၂၁၄၇.၃၀ သန်းနှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဆုမဲပေါင်း၂၄၈၈၃၅ ဆုအနက် လာရောက်ထုတ်ယူခြင်းမရှိသည်‌့ ဆု ၂၁၂၁၉ ဆုမှကျပ်သန်းပေါင်း ၂၇၃၀.၅၀ သန်းရှိသည့်အတွက်ဆုမဲစုစုပေါင်း ၅၃၇၀၀ ဆုမှ ကျပ်သန်းပေါင်း ၆၉၁၇.၃၀ သန်းဖြစ်ပါကြောင်း၊ ထီဖွင့်သည့် ရက်မှ တစ်နှစ်အတွင်းလာရောက် ထုတ်ယူခြင်းမရှိသည့် ဆုမဲများအား (၁၁) လတွင် နိုင်ငံပိုင်သတင်းစာ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ စည်ပင်သာယာရေးကော်မတီရုံးများ အသီးသီးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ Internet Web-Page များတွင် ထည့်သွင်းကြေညာပေးလျက်ရှိပါကြောင်းနှင့် (၁)နှစ်အတွင်း လာရောက်ထုတ်ယူခြင်း မရှိမှသာ ထီဆုငွေများအား ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဆက်လက်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ဆုငွေများကို နိုင်ငံတော်၏အခွန်ရငွေ (ဘဏ္ဍာသိမ်း) အဖြစ် နိုင်ငံတော်ရငွေစာရင်းသို့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအတိုင်း ပေးသွင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်