Skip to main content

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဝိတိုရိယာတောင် (ခေါ်) နတ်မတောင်ဟု ခေါ်သော  ခေါနူးစုမ် တည်ရှိပါကြောင်း၊ ၎င်း တောင်ကို အင်္ဂလိပ်အစိုးရက  ဝိတိုရိယာတောင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထပ်မှ စ၍ မြန်မာဘာသာနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး နတ်မတောင်ဟု သုံးစွဲခေါ်ဝေါ်လာခြင်းဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားတို့၏ တိုင်းရင်းသားစကားအရ ခေါနူးစုမ်၏ အဓိပ္ပာယ်ဖွင်‌့ဆိုချက်မှာ ခေါဆိုသည် ကမ္ဘာကြီး၊ နူးဆိုသည်မှာ ကြီးမားခြင်း၊ စုမ်ဆိုသည်မှာ တောင်ဟု အဓိပ္ပာယ်သက်ရောက်ပါတယ်။ ခေါနူးစုမ် အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန်သည် တောင်တို့၏ အထွတ်အထိပ်၊ ကြီးမားသောတောင်၊ တောင်ကြီးဖြစ်ဖြစ်ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဝိတိုရိယတောင်ကို မြန်မာဘာသာနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး မြန်မာအမည်နှင့် ခေါ်ရန်ဖြစ်လာသည့်အခါ ဒေသခံ အချို့ကို မေးမြန်းရာ ခေါဆိုသည်မှာ နတ်၊ နူးဆိုသည်မှာ မ၊ စုမ်ဆိုသည်မှာ တောင်ဟူ၍ ရှင်းပြခဲ့သည့်အတွက် ယင်း တောင်ကို နတ်မတောင်ဟု အလွယ်တကူ တိုက်ရိုက်ခေါ်ယူသုံးစွဲလာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နယ်မြေခံတိုင်းရင်သားတို့၏ တကယ့်အခေါ်သည် ခေါကို သက်မဲ့အတွက် ကမ္ဘာကြီး၊ သက်ရှိအတွက် နတ်၊ နူကို သက်မဲ့အတွက် ကြီးမားသော၊ သက်ရှိအတွက် အမဟု ခေါ်ဝေါ်သုံးစွဲခြင်း ရှိသည့်အတွက် ခေါနူးစုမ်ကို နတ်မတောင်ဟု သုံးစွဲခေါ်ဝေါ်ခြင်းကို လက်ခံနိုင်ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝိတိုရိယတောင် ခေါ် နတ်မတောင် ခေါ် ခေါနူးစုမ်ကို နယ်မြေခံတိုင်းရင်းသားတို့၏ မူလအခေါ်အဝေါ်နှင့် အဓိပ္ပာယ်မကွဲလွဲစေရန် ခေါနူတောင် ဟု သုံးစွဲခေါ်ဝေါ်ခွင့် ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယာတောင်(ခေါ်) နတ်မတောင်(ခေါ်) ခေါနူးစုမ်းကို နတ်တောင် ဟု မြန်မာဘာသာဖြင့် ခေါ်ယူခြင်းမှာ မှန်ကန်ပါကြောင်း၊ နယ်မြေခံတိုင်းရင်းသာအများစုက လက်ခံရရှိကြောင်း စိစစ်သိရှိရပါကြောင်း၊ ဒေသခံ၊ ချင်းတိုင်းရင်းသားတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ ခေါ်ဆိုသည်မှာ နတ်ဟူ၍ လည်းကောင်း၊ ရေမြေတောတောင်ဟူ၍လည်းကောင်း သူတို့မှာအမျိုးသမီး အမ၊ မိခင်ကိုယ်ကိုယ်စားပြုခြင်းဖြင့် လည်းကောင်း၊ ခေါနူးမှာ တောင်ကြီးဟူ၍လည်းကောင်း၊ နတ်မောက်ဟူ၍လည်းကောင်း အဓိပ္ပာယ်ရရှိကြောင်း၊ စုမ်ဟူသော စကားလုံးမှာလည်း ချင်းတိုင်းရင်း သာများအပေါ် တောင်ဟု အဓိပ္ပာယ်ရသော ဒေသခံတိုင်းရင်းသားများ ခေါနူနှင့် စုမ်ကိုတွဲပြီး ခေါနူးစုမ်ဟုခေါ်ဆိုခဲ့ကြောင်း စိစစ်သိရှိရပါကြောင်း၊ အဆိုပါ ခေါနူးစုမ်ကို ခေါနူးတောင်ဟူ၍ ချင်းတိုင်းရင်းသားများအခေါ် စုမ် ကိုပယ်ဖျက်ပြီး မြန်မာဘာသာဖြင့် တောင်ဟု ပြင်ဆင်သုံးစွဲပါက အဓိပ္ပာယ်ပြောင်းလဲမှု မရှိကြောင်း ချင်းတိုင်းရင်းသားများသည် ရှေးဦးပိုင်းတွင် နတ်ကိုးကွယ်ခဲ့ကြသည့်အတွက် နတ်နှင့် သက်ဆိုင်သော ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများရှိခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါ ခေါနူးစုမ်ခေါ် နတ်မတောင်ထိပ်သည် ကန်ပက်လက်မြို့တွင် တည်ရှိပြီး နတ်မတောင်စပ် တောင်စောင်‌့နတ်များကိုလည်း မြို့ထိပ်တွင် တည်ဆောက်ထားပြီးဖြစ်ရာ နတ်မတောင်ဟူသည့် အခေါ်အဝေါ်ကို ပယ်ဖျက်ပြီး ခေါနူးတောင်ဟူ၍ ပြောင်းလဲခေါ်ဝေါ်ပါက ကန်ပက်လက် မြို့နယ်အတွင်းရှိ ချင်းတိုင်းရင်းသားကြားတွင် မကြည်လင်မှုများဖြစ်ပွားလာနိုင်ပါကြောင်း၊ ဥပမာအားဖြင့် ကချင်ဘာသာရပ် ဗုံးဟူသောစကားသည် ဗုံးဟု အဓိပ္ပာယ်ရသော်လည်း ကချင်ပြည်နယ်ရှိ တောင်ဖြစ်သော အီမောဗုံးကို အီမောတောင်ဟု ခေါ်ဆိုခြင်းမရှိသကဲ့သို့ ချင်းတိုင်းရင်းသားများအနေဖြင့်လည်း ချင်းတိုင်းရင်းသားအခေါ်အဝေါ် စောကို ပယ်ဖျက်လိုခြင်း မရှိကြောင်း စိစစ်သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခေါနူးစုမ်းနှင့် ခေါနူးတောင်တို့မှာ အဓိပ္ပာယ်ကွဲလွဲမှုမရှိသော်လည်း စုမ်အခေါ်အဝေါ်အား ဒေသခံချင်းတိုင်းရင်းသာအများစုအား ပယ်ဖျက်လိုခြင်းမရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့တင်ပြချက်အရ ဝိတိုရိယာတောင်(ခေါ်) နတ်မတောင်(ခေါ်) ခေါနူးစုမ်အား ခေါနူးတောင်ဟူ၍  ပြောင်းလဲ ခေါ်ဝေါ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။