Skip to main content

ဦးဇော်ဝင်းအောင် (မြင်းမူ) မြန်မာ့လက်ဝှေ့သည် မြန်မာ့ရိုးရာအားကစားဖြစ်သည့် အမျိုးသားကိုယ်ခံပညာအဖြစ် ကမ္ဘာတွင်ရပ်တည်နိုင်ပြီး ကမ္ဘာ့ချန်ပီယံများနှင့်လည်း စိန်ခေါ်ထိုးသတ် အနိုင်ရခဲ့သူများအတွက် မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်း အဆင့်အတန်း ပိုမိုမြင့်မားလာစေလိုသည့် ရည်ရွယ်ချက်များဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။

မေးခွန်း(၁) ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပခွင့်ရရှိရန်အတွက် အားကစားဝန်ကြီးဌာန သို့မဟုတ် ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ ရိုးရာလက်ဝှေ့ကောင်စီသို့ ရန်ပုံငွေပေးသွင်းရခြင်းရှိ/မရှိနှင့် ပေးသွင်းရခြင်းရှိပါက ရာခိုင်နှုန်းမည်မျှ ပေးသွင်းရသည်ကို သိရှိလိုပါကြောင်း၊ ရိုးရာလက်ဝှေ့ အားကစားသမားများအတွက် ခံစားခွင့်ရာခိုင်နှုန်းမည်မျှ ရှိသည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း (၂) ရိုးရာလက်ဝှေ့အားကစားသည် သာမန်အားဖြင့် အင်တိုက်အားတိုက် စွယ်စုံထိုးသတ် အားကစားနည်းဖြစ်သည့်အတွက်ကြောင့် ရိုးရာလက်ဝှေ့ အားကစားသမားများကို အသက်အာမခံထားရှိရန် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပြည်ပမှ လာရောက်ယှဉ်ပြိုင်ကြသော လက်ဝှေ့သမားများအတွက် အသက်အာမခံမည်ကဲ့သို့ ထားရှိပေးမည်ကို သိရှိလိုပါကြောင်း၊ ရိုးရာလက်ဝှေ့ဒိုင်လူကြီးများအနေဖြင့် အမှတ်စဉ်ရေတွက်ပြီး အရှုံး/အနိုင် ဆုံးဖြတ်ပေးခြင်းသာမက အရေးပေါ်အသက်ကယ် ကုသစောင့်ရှောက်ပေးသော နည်းလမ်းများကို ထားရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆရာဝန်များအသင်း၏ ခွင့်ပြုချက်အတွင်းတွင် ရှိသင့်သည့် အဆုံးအဖြတ်များကို လိုအပ်သလို အဆုံးအဖြတ်ပေးနိုင်သော ဒိုင်လူကြီးများ ပေါ်ထွက်လာရေးအတွက် အားကစားဝန်ကြီးဌာနအနေနှင့် ရိုးရာလက်ဝှေ့ ဒိုင်လူကြီး သင်တန်းဖွင့်လှစ်ပြီး လေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း၊ မေးခွန်း(၄) မြန်မာနိုင်ငံအတွင်း အားကစားရုံ၊ အားကစားခန်းမများ တည်ဆောက်ပေးထားသည့်အတွက် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပလိုပါက အဆိုပါ အားကစားရုံ၊ အားကစားကွင်းများကို ဈေးကြီးပေးပြီး ငှားရမ်းရခြင်း၊ ရုံဝင်ကြေးများဈေးကြီးနေခြင်းရှိနေပါသည်။        

သို့ဖြစ်ပါ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရိုးရာလက်ဝှေ့အားကစားရုံများ သီးသန့်တည်ဆောက်ပေးပြီး မြန်မာ့ရိုးရာ လက်ဝှေ့၏အားကစားနည်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပခွင့်ပြုလုပ်ရန်အတွက် အားကစားဝန်ကြီးဌာနသို့ ရိုးရာအားကစားအဖွဲ့ချုပ်များမှ တင်ပြခြင်း ရှိသော်လည်း ပြိုင်ပွဲများအတွက် ရန်ပုံငွေများပေးသွင်းရခြင်း မရှိပါကြောင်း၊ အားကစားကွင်းရုံများ ငှားရမ်းခြင်းကို နိုင်ငံတော်သို့ ပေးသွင်းရပါကြောင်း၊ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှလည်း ၂၀၁၂-၁၃ ခုနှစ်များတွင် ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများ၊ လက်ဝှေ့ပွဲများ၊ ဘုရားပွဲတော်လက်ဝှေ့ပွဲများ၊ မျိုးဆက်သစ်များဖော်ထုတ်ရန် ရည်ရွယ်ပြီး ကျင်းပသော ပွဲများကို ကောက်ခံခြင်းမရှိကြောင်း၊ နိုင်ငံတကာပြိုင်ပွဲကြီးများ၏ ရန်ပုံငွေအဖွဲ့ချုပ်ကို (၃)သိန်းဖြင့် ပြည်တွင်းစိန်ခေါ်ပွဲများ (၂)သိန်း၊ မော်လမြိုင်-ပုသိမ်-တောင်ငူ ကဲ့သို့ တိုင်းမြို့ကြီးများတွင် ရန်ပုံငွေ (၁)သိန်း ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရန်ပုံငွေ အဖြစ် အဖွဲ့ချုပ်များကို ပေးသွင်းကြောင်းသိရှိရပါသည်။ လက်ဝှေ့သမားများ၏ ဆုကြေးခံစားခွင့်တွင် ပြည်တွင်းဝင်ငွေ ရာခိုင်နှုန်း မဟုတ်ဘဲ ညှိနှိုင်းသတ်မှတ်ကြေးအတိုင်းရရှိကြောင်းနှင့် ရန်ကုန်မြို့တွင် ကျင်းပသည့် လက်ဝှေ့သမားများရရှိသော ဆုကြေးသည် ပြိုင်ပွဲ၏ ၅၀% နှင့် ၆၅% ပါရှိကြောင်း၊

ပြည်တွင်းရိုးရာလက်ဝှေ့သမားများကို ၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့ကစတင်ပြီး အသက်အာမခံကြေးကို KBZ, GRAND GUARDIAN (ဂရင်းဂါဒီယန်)နှင့် ဧရာဝတီအာမခံကုမ္ပဏီများတွင် တစ်ပွဲချင်းမဟုတ်ဘဲ တစ်နှစ်သက်တမ်းအတွက် သုံးယူနစ်ပေးခြင်းအားဖြင့် ထိခိုက်ဒဏ်ရာရရှိလျှင် ထောက်ပံ့ကြေးငွေများ ရရှိမှာဖြစ်ပါကြောင်း၊ ပြည်ပအားကစားသမားများ အတွက် အသက်အာမခံထားရှိခြင်း မရှိသော်လည်း အသက်အာမခံ ထားရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

ရိုးရာလက်ဝှေ့ပွဲများတွင် စွယ်စုံရဒိုင်လူကြီးများပေါ်ထွက်ရေးအတွက်လည်း နိုင်ငံတကာအဆင့်မီ ဒိုင်လူကြီးများကို ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်ခင် နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲမကျင်းပမီ ဒိုင်မွန်းမံသင်တန်းများ ဆက်လက်ဖွင့်သွားရန် အစီအစဉ်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားရုံများတွင် ယခုလက်ရှိ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သည့်အတွက် လက်ဝှေ့အားကစားရုံ သီးခြား ဆောက်လုပ်ပေးနိုင်ခြင်း အစီအစဉ်မရှိသေးပါကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်း ကို အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက်  မြန်မာ့ရိုးရာ လက်ဝှေ့အားကစားအဖွဲ့ချုပ် ပထမအဆင့်အနေနှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်ရေးအတွက် မျိုးဆက်သစ်ရိုးရာ လက်ဝှေ့အားကစားသမားများကို မွေးထုတ်ပြီး အခြေခံရိုးရာ လက်ဝှေ့ကလပ်များ လိုအပ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ရိုးရာလက်ဝှေ့ကလပ် အသင်းများကို ကူညီထောက်ပံ့ရန် အတွက်  စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီများ၊ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၊ ဒေသခံလက်ဝှေ့ရိုးရာဝါသနာရှင်များ ပူးပေါင်းပြီး မြန်မာ့ရိုးရာလက်ဝှေ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် မြန်မာ့ရိုးရာလက်ဝှေ့ အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း