Skip to main content

မိမိ၏မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံတော်အခွန်ဝင်ငွေလည်း မလျော့နည်းမသွားစေချင်ပါကြောင်း၊ အရက်နှင့် ဆက်နွယ်သော ဆိုးကျိုးများလည်း လျော့ကျစေခြင်းပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် မြို့ရောတောပါ တရားဝင်၊ တရားမဝင် အရက်ရောင်းဆိုင်များ များပြားလာပါကြောင်း၊ လူစည်ကားရာဆိုင်များသည် အများအားဖြင့် အရက်ဆိုင်များ ဖြစ်နေပြီး အရက်ကိုမည်သူကမျှ ရိုက်ပြီး သောက်ခိုင်းနေခြင်း မဟုတ်သော်လည်း အတုမြင် အတတ်သင် ငယ်ရွယ်သူများကပင် လွယ်လွယ်တွေ့ပြီး လွယ်လွယ်သောက်နေကြခြင်းဖြစ်ပါကြောင်း၊ အင်တာနက်သတင်းများအရ မြန်မာနိုင်ငံတွင် အရက်နှင့် ပတ်သက်သည့် သုတေသန ပြုလုပ်မှု မရှိသလောက် နည်းပါနေကြောင်း FDA စစ်ဆေးချက်မရှိသော ကျန်းမာရေးအတွက် အာမခံချက်မရှိသော စားသောက်ကုန်များကို သုံးစွဲစားသောက်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) အရက်ဆိုင်အရေအတွက် လျော့ချနိုင်ပြီး အခွန်ဝင်ငွေလျော့နည်းမသွားရေးအတွက် မည်ကဲ့သို့အစီအစဉ်များ ရှိ/မရှိ၊ (၂) အရက်ပုန်းဆိုင်များ ပပျောက်ရေးတိုးမြှင်‌့စိစစ်ရန် အစီအစဉ်များ ရှိ/မရှိနှင့် (၃) လက်ရှိအခြေအနေတွင် အရက်တုများပေါများနေခြင်းကို ကာကွယ်တားဆီးရန် တိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ယစ်မျိုးစီမံခန့်ခွဲ ရေးလုပ်ငန်းများကို ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးဥပ‌ဒေ၊ ၁၉၂၈ ခုနှစ်၊ မြန်မာနိုင်ငံ ယစ်မျိုးနည်းဥပဒေတို့ဖြင့် ကိုင်တွယ်ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၂၉ ခုနှစ်၊ မြန်မာနိုင်ငံတော် ယစ်မျိုးအမိန့်ဆင့်ဆိုချက်များအရ အရက်သေစာသောက်စားခြင်း၊ အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်း မရှိစေရန် သေရည်သေရက်ရောင်းချရာတွင် တရားဝင်ထုတ်လုပ်မှု၊ ရောင်းချမှုမရှိစေဘဲ အရက်များပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန် မူးယစ်ဆေးဝါး သေရည်သေရက်ကို ရောင်းချခြင်းတွင် ခွန်ငွေရရှိရန် မဟုတ်ဘဲ သောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန်၊ သေရည်သေရက်ရောင်းချခြင်းကို အခွန်ကောက်ခံရသည်ဟု နှလုံးသွင်းရမည်ဆိုပြီး ယစ်မျိုးမူဝါဒသုံးရပ်ကို ချမှတ်ထားကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အတူ ပေါင်းဖိုဖြင့် ချက်လုပ်ခြင်းကို ဖြစ်နိုင်သမျှ ဖျက်သိမ်းစေရန်၊ ဗဟိုအရက်ချက်စက်ရုံ၊ တည်ထောင်ချက်လုပ်ခြင်းကို တဖြည်းဖြည်းအားပေးသွားရန်၊ ပြည်တွင်းဖိုထွက် ချက်အရက်အပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန်၊ သို့ရာတွင် ပြည်ပမှ တင်သွင်းလာသော အရက်ထက် မများစေရန်နှင့် အရက်ဆိုင်အရေအတွက်သတ်မှတ်ထားရန်  ယစ်မျိုးအခြေခံမူ (၄) ချက် ကိုလည်း ချမှတ်ထားပါကြောင်း၊ ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံတော်ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၆၅ နှင့် ၁၉၂၈ ခုနှစ်၊ ယစ်မျိုးနည်းဥပဒေအရယစ်မျိုးလိုင်စင်များ ထုတ်ပေးခြင်း၊ ယစ်မျိုးများ သယ်ဆောင်ခြင်း၊ ထားသိုခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ကြီးကြပ်စစ်ဆေးခြင်းများကို ပြဋ္ဌာန်းထားရှိပါကြောင်း၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၁၉-၅-၁၉၈၉ ရက် ရက်စွဲပါစာအမှတ် ဘဏ္ဍာတော်မင်းကြီး၏ လုပ်ပိုင်ခွင့်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အားအပ်နှံခြင်း၊ ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ခရိုင်အုပ်ချုပ်ရေးမှူးအား အပ်နှင်းခြင်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ယစ်မျိုးနည်းဥပဒေ ၄ တွင် လိုင်စင်အမျိုးအစားပေါင်း ၄၁ မျိုး၊ ပြဋ္ဌာန်းထားသော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အမျိုးအစားပေါင်း ၂၈ မျိုးကိုသာ ခွင့်ပြုချက်ချထားလုပ်ကိုင်လျက် ရှိပါကြောင်း၊ နှစ်စဉ်ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုချက်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် လိုင်စင်အရေအတွက် ၄၁၃၀၃  ခု၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် ၄၁၂၉၃ ခု၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် ၄၁၂၆၃ ခုကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် ၄၁၂၁၀ ခုကို လည်းကောင်း တစ်နှစ်ထက်တစ်နှစ် ယစ်မျိုးလိုင်စင်အရေအတွက်များကို လျော့ချပြီးခွင့်ပြုပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအတွင်းထုတ်လုပ်သော အရက်များကို ဖြန့်ဖြူးရောင်းချရာတွင် အရက်သောက်သုံးသူများကို ကျန်းမာရေးနှင့် ညီညွတ်သော အရက်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်သုံးနိုင်ရန်အတွက် ထုတ်လုပ်သော အရက်နမူနာများကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဓါတုဗေဒစစ်ဆေးရေးဌာန သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ကွပ်ကဲရေးဦးစီးဌာနတို့မှာ သောက်သုံးရန်သင့်/မသင့် စစ်ဆေးခံရန်နှင့် သောက်သုံးရန် သင့်ကြောင်း ထောက်ခံချက်ရရှိမှသာ အရက်များကို ဖြန့်ဖြူးရောင်းချစေလျက်ရှိပါကြောင်း၊ အလားတူ တရားမဝင် အရက်ပုန်းဆိုင်များမရှိစေရေးအတွက် အရည်အချင်းပြည့်မီသော အရက်များကိုသာ ရောင်းနိုင်ရေးအတွက် ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေး အဖွဲ့ငယ်၊ သတင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ငယ်နှင့် တားဆီးနှိမ်နှင်းရေးအဖွဲ့ငယ်များ ဖွဲ့စည်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း။

၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေပုဒ်မ ၃၀ နှင့် ၃၁ တို့တွင် တရားမဝင် ယစ်မျိုး ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ဆောင်ခြင်းတို့နှင့်ပတ်သက်သည့် ပြစ်ဒဏ်နှင့် ဒဏ်ငွေများကို ပြဌာန်းထားရှိပြီး ခေတ်ကာလနှင့် လျော်ညီသော ဒဏ်ငွေများချမှတ်နိုင်ရန်နှင့် တရားမဝင် ယစ်မျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အား ဇယား (၂) တွင်ပါဝင်သည့် ယစ်မျိုးခွန်နှင့်ပတ်သက်သောဥပဒေ ပြဌာန်းခွင့် ရှိသည်ဟုဖော်ပြထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ ကို ရည်ညွှန်းသည့် ဇယား ၅ တွင် ယစ်မျိုးခွန်ပါဝင်သည့်အတွက် ခေတ်ကာလနှင့် ဒေသအခြေအနေတို့နှင့် ကိုက်ညီသော ယစ်မျိုးခွန်နှုန်းထားများကို တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များက ယစ်မျိုးခွန်ကောက်ခံခြင်းဆိုင်ရာ ဥပဒေပြဌာန်း၍ တိုးမြှင့်ကောက်ခံလျက်ရှိပါကြောင်း။

နေပြည်တော် ပြည်နယ်/တိုင်းဒေသကြီးများတွင် ယစ်မျိုးအက်ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့မှုများမှာ ၂၀၁၁ ခုနှစ်တွင် ၁၅၅၅၈ မှု၊ တရားခံပေါင်း ၁၅၅၅၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၂၉၅ မှု၊ တရားခံပေါင်း ၁၆၃၀၈ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၇၄၀၁ မှု၊ တရားခံပေါင်း ၁၇၄၁၅ ဦး၊ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့အထိ ၉၃၇၀ မှု၊ တရားခံပေါင်း ၉၃၇၉ ဦးနှင့် အရက်တုဖမ်းဆီးမှုများအနေဖြင့် ၂၀၁၁ခုနှစ်တွင် ၁ မှု၊ တရားခံ ၁ ဦး၊ ၂၀၁၂ခုနှစ်တွင် ၁၁ မှု၊ တရားခံပေါင်း ၁၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၈ မှု၊ တရားခံပေါင်း ၁၀ ဦး၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့အထိ ၅ မှု၊ တရားခံပေါင်း ၆ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရက်ဆိုင်အရေအတွက် လျှော့ချပြီး အခွန်ငွေတိုးမြှင့်ကောက်ခံရေး၊ အရက်ပုန်းဆိုင်များပပျောက်ရေး၊ သတ်မှတ်စံချန်စံညွှန်းနှင့် ကိုက်ညီသော အရက်များကိုသာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးများနှင့် စပ်လျဉ်း၍ ယစ်မျိုးအက်ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။