Skip to main content

ဦးထန်းလိန်း (မင်းတပ်) ၃၀-၃-၂၀၁၄ ရက်နေ့ထုတ် ချင်းဝေါဝိကရိဂျာနယ်၏ ရေးသားဖော်ပြချက်အရ ချင်းပြည်နယ် ပိန်းဥဧက စုစုပေါင်း ၁၅၆၂ ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ပိန်းဥအလေးချိန် ၅၃၅၃၂၂ ပိဿထွက်ရှိကြောင်း၊ လွန်းဆန်းမြို့နယ် တစ်မြို့နယ်တည်းတွင် ၁၁၆၂ ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် ပိန်းဥစိုက်ပျိုးရေးကို အသုံးချသည့် မြေအတွက် မြေခွန်ရရှိထားမှုအခြေအနေ သိရှိလိုပါကြောင်း၊ နောက် ချင်းပြည်နယ်တွင် ထွက်သည့် ပိန်းဥ ၅၃၅၃၀၀၁၂ ပိဿတန်ချိန်အားဖြင့် ၈၆၀၀ တန် ခန့်လည်း တစ်ဧကအတွင်းစားသုံးမှုနှင့် အခြားသို့ တင်ပို့ရောင်းချသည့်အတွက် ဝင်ငွေရရှိမှုအခြေအနေ သိလိုပါကြောင်း၊ ချင်းပြည်နယ်တွင် ပြည်ပနိုင်ငံများကနေပြီး ပိန်းဥဝယ်ဒိုင်များဖွင့်လှစ်၍ ဈေးနှုန်းမှန်နှင့် ပုံမှန်ဝယ် ယူပေးနိုင်စေရန် ပြည်ထောင်စုအစိုးရမှ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း မိမိတို့ မြန်မာနိုင်ငံတွင် ပိန်းဥစိုက်ပျိုးရေးကို စီးပွားဖြစ်စနစ်ဖြင့် စိုက်ပျိုးလာနိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ အဓိက ပိန်းဥစိုက်ပျိုးရသည့် အကြောင်းအရင်းမှာ ကျန်းမာရေး ရှုထောင့်ကကြည့်မည်ဆိုပါက ပိန်းဥကိုစားသုံးခြင်းဖြင့် ရရှိလာသည့် ကောင်းကျိုးများသည် အဆုတ်နှင့် နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်နှင့် အရေကြည်အိမ်များကို သက်တမ်းရှည်စေခြင်း၊ သွေးတိုးနှင့် နှလုံးရောဂါများကို သက်သာစေခြင်း၊ အရေပြားနှင့်ခံတွင်းကင်ဆာများ ကာကွယ်နိုင်ခြင်းနှင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်းတို့ကြောင့် ဒီနေ့ပိန်းဥစိုက်ပျိုးမှု တိုးတက်ခေတ်မီလာခြင်း ဖြစ်ပါကြောင်း၊  အလားတူ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးရှုထောင့်များအပေါ် မူတည်ပြီး စိုက်ပျိုးထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဓိကတော့ Fruit Secures and Nutrition ဆိုသည့် ခေါင်းစဉ်ဖြင့် ပြောင်းလဲလာခြင်းဖြစ်ပါသည်။ ထို့အပြင် ပိန်းဥစိုက်ပျိုးရေးနှင့် ပတ်သက်၍ ကြည့်မည်ဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ ပိန်းဥတစ်ဧက စိုက်ပျိုးမည်ဆိုလျှင် (၃)သိန်းမှ (၅)သိန်းအထိ ကုန်ကျပြီး ၎င်း၏ ထွက်ရှိမူပေါ်တည်ပြီး ဝင်ငွေသည် ၁၀ သိန်းမှ ၁၅ အထိ ထွက်ရှိပါကြောင်း၊  ပိန်းဥစိုက်ပျိုးရေးကို မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုလည်း တွန်းအားပေးပြီး သင်တန်းများပေးခြင်း၊ မျိုးကောင်းမျိုးသန့် ဖြန့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ် ချင်းပြည်နယ်အတွင်း ပိန်းဥစိုက်ပျိုးမှုမှာ တီးတိန်မြို့နယ်တွင် ၃၁၅ ဧက၊ တွန်းဇံမြို့နယ်တွင် ၁၁၆၂ ဧက၊  ကျီခါးမြို့နယ်တွင် ၁၅၀ ဧက၊ ထန်တလန်မြို့နယ်တွင် ၂၃၅ ဧက၊ ဖလမ်းမြို့နယ်တွင် ၆၅ ဧက၊ ရိခေါဒါရ်မြို့နယ်တွင် ၁၀ ဧက၊ ဟားခါးမြို့နယ်တွင် ၉၉ ဧက၊ ကန်ပက်လက်မြို့နယ်တွင် ၂၈ ဧက၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံး ပိန်းဥစိုက်ဧက ၂၅၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။

တောင်ယာမြေ ၁၆၈၇ ဧကအား အခင်းလိုက်စိုက်ပျိုးပြီး အိမ်ခြံဥယျာဉ်မြေများတွင် သီးညှပ်အဖြစ် ၈၇၅ ဧက စိုက်ပျိုးကြောင်းတွေ့ရှိရပါသည်။ မြေခွန်စည်းကြပ်ရာတွင်လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ၁၀-၁၁-၁၉၆၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂၅ အရ လိုက်နာဆောင်ရွက်ရသည့်အတွက် အမိန့်ကြော်ငြာစာ ပြဌာန်းချက်ပါအတိုင်း တစ်ဧကစိုက်လျှင် မြေခွန်အဖြစ် ၁ ကျပ်နှုန်းဖြင့်သာ စည်းကြပ်ကောက်ခံရပါသဖြင့် အခင်းလိုက်စိုက်ပျိုးသည့် ၁၆၈၇ ဧကအတွက် (ခိုင်ကြေးငွေမပါ) မြေခွန် ၁၆၈၇ ကျပ် စည်းကြပ်ခဲ့ပါတကြောင်း လက်ရှိဘဏ္ဍာရေးဝန်ကြီးဌာန၏ မြေခွန်စည်းကြပ်ခြင်းအတွက် အမိန့်ပြဌာန်းချက်တွင် တည်ဆဲဖြစ်လျက်ရှိပါကြောင်း၊

ချင်းပြည်နယ်အတွက် ပိန်းဥ၊ ကန်စွန်းနှင့် ဝဥများကိုသာ ဒေသတွင်းဖြည့်စွက်စားသုံး နိုင်ရန်အတွက် တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ် ရောင်းချနိုင်ရန်အတွက် စိုက်ပျိုးခြင်းမရှိသေးပါကြောင်း၊ ဈေးကွက်ဝင် ရောင်းချနိုင်ရန်အတွက် ပိန်းဥအရည်အသွေး မြင့်မှသာလျင် ရောင်းတန်းဝင် ဈေးကွက်ရရှိနိုင်မည်ဖြစ်သဖြင့် မျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးရန် ချင်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပိန်းဥမျိုးကောင်းများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ပိန်းဥနှင့်ပတ်သက်ပြီး လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးသည် ၂၆-၅-၂၀၁၄ ရက်နေ့ မင်းတပ်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် တောင်သူ ၇၄ ဦးနှင့် တွေ့ဆုံပြီး ဝဥနှင့်ပိန်းဥ စနစ်တကျစိုက်ပျိုးရေး တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးပြီး သင်တန်းပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊

ချင်းပြည်နယ်မှထွက်ရှိသည့် ပိန်းဥများကို အိန္ဒိယနိုင်ငံသို့လည်း တင်ပို့မှုမရှိကြောင်း တွေ့ရှိရသည့် အပြင် မြန်မာနိုင်ငံအတွင်းရှိ  တိုင်းဒေသကြီး/ပြည်နယ် များသို့တင်ပို့လျှင် အစဉ်မပြေမှုများ တွေ့ရှိရပါကြောင်း၊ အရည်အသွေးပြည့်မီသည့် ပိန်းဥကို ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ နှစ်စဉ်တန်ချိန် ၂ သိန်းကျော် ဝယ်ယူလိုကြောင်း၊  ချင်းပြည်နယ်မှ ထွက်ရှိသည့် ပိန်းဥများနှင့်ပတ်သက်ပြီး ဒေသတွင်းရှိ ကုန်သွယ်လုပ်ငန်းရှင် များအနေနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သွယ်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများနှင့် ချိတ်ဆက်ပြီး ပိန်းဥအပါအဝင် မိမိဒေသမှ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ ဈေးကွက်ရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လက်ရှိအခြေအနေအရ ပြည်ပနိုင်ငံများမှ ချင်းပြည်နယ်တွင် ပိန်းဥအဝယ်ဒိုင်များ လာရောက်ဖွင်‌့လှစ်ဝယ်ယူမည့် အစီအစဉ် လောလောဆည်ဆည် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း