Skip to main content

ဦးဝင်းဆွေ (ညောင်ရွှေ) ဆက်သွယ်ရေးနှင့် Internet စာမျက်နှာများကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများ၊ လူကြီးလူငယ်မကျန် ခေတ်နှင့်အညီ သုံးစွဲလျက်ရှိရာ အချို့တွင် အင်္ဂလိပ်ဘာသာမှ အစပြု၍ အခြား ဘာသာများကိုပါ တတ်မြောက်ကြသဖြင့် လိုအပ်သည်များကို ရှာဖွေဖတ်ရှုနေနိုင်ကြပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ အချို့ တောင်သူဦးကြီးများသည် အင်္ဂလိပ်စာဖြင့် သိလိုသည်များကို ရှာဖွေဖတ်ရှုနိုင်ကြသော်လည်း အချို့မှာ ဘာသာအခက်အခဲများ ရှိနေကြပါသဖြင့် စိုက်ပျိုးရေးအဓိက နိုင်ငံဖြစ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် လွယ်လွင့်တကူ စိုက်ပျိုးရေးနည်းပညာများကို Internet မှတစ်ဆင့် မြန်မာစာဖြင့် ကြည့်ရှုလေ့လာနိုင်ရန် လိုအပ်သော စိုက်ပျိုးနည်း၊ သီးနှံစုံစိုက်ပျိုးနည်း၊ စိုက်ပျိုးရေး၊ နည်းပညာများကို လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ Internet Website ပေါ်တွင်  တင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ တောင်သူဦးကြီးများ၏ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရန် ဒေသ ရာသီဥတုနှင့် ကိုက်ညီသက်တမ်းတို ဈေးကွက်ဝင်သည့် အထွက်ကောင်းသီးနှံမျိုးများ စိုက်ပျိုးထုတ်လုပ် နိုင်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စံပြစိုက်ကွင်းကြီးများ တည်ထောင်စိုက်ပျိုးပြသ ဆောင်ရွက်လျက် ရှိပါကြောင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ နှင့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးနည်းပညာများကို တောင်သူ လယ်သမားများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း (Famer Channel)တစ်ခုအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ထုတ် လွင့်ပြသ ပေးလျက်ရှိပါကြောင်း၊

သီးနှံအမျိုးအမည်အလိုက် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများ၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ၊ ရေမြေဒေသ အခြေခံအလိုက် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ သိုလှောင်ခြင်းနည်းပညာများ၊ ဈေးနှုန်း သတင်းအချက်အလက်များအား Internet စာမျက်နှာပေါ်တွင်  http://www.moai.gov.mm လိပ်စာနှင်‌့ ၂၀၀၅ ခုနှစ်တွင် Website တည်ထောင်၍ လွှင့်တင်ခဲ့သော်လည်း ၁၆-၈-၂၀၁၃ ရက်နေ့တွင် Web Server  မှ Hard Disk ပျက်စီးခြင်းကြောင့် လွှင့်တင်မှုကိုရပ်နားခဲ့ရပါသည်။  ယခုအချိန်တွင် ၂၀၁၄ ခုနှစ်၊ မတ်လမှစ၍ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် http://www.moai. gov.mm လိပ်စာနှင့် ပြန်လည်လွှင့်တင် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း