Skip to main content

ဦးသန်းဦး (မြဝတီ)

ဦးသန်းဦး (မြဝတီ) နိုင်ငံတော်အလံအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ အထိမ်းအမှတ်အလံများ၊ အဖွဲ့အစည်းအလံများနှင့် သာသနာတော်ဆိုင်ရာ အလံများကို လွှင့်ထူအသုံးပြုကြရာတွင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာကြရသည်ဟု သိရှိထားပါကြောင်း၊ သို့သော် အချို့သော ပြည်သူများ အနေဖြင့် နိုင်ငံတော်အလံ အပါအဝင် အခြားအထိမ်းအမှတ်အလံများ အသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းမရှိဘဲ လွဲမှားစွာ အသုံးပြုခြင်းများရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ဥပမာ သာသနာ့အလံကို နိုင်ငံတော် အဆင်‌့ သာသနာရေးဆိုင်ရာ ကိစ္စများတွင် အသုံးပြုခွင့်ရှိသော်လည်း အချို့သောဘုရားဖူးယာဉ်များတွင် တပ်ဆင်အသုံးပြုခြင်း၊ တိုင်းရင်းသားအလံများကို သြင်္ကန်ကဲ့သို့သော နေ့ရက်များတွင် အသုံးပြုခြင်း၊ အခြားနိုင်ငံ အလံများကိုလည်း အလွဲသုံးစားပြုလုပ်ခြင်းများ တွေ့မြင်ရသည့် အတွက်ကြောင့် နှစ်ဖက်အုပ်စု အငြင်းပွားမှု ပြဿနာများတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိ မေးမြန်းလိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအပါအဝင် အခြားအထိမ်းအမှတ်အလံများ တလွဲအသုံး ပြုခြင်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော်က အရေးယူ ဆောင်ရွက်နိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၇ တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ပြဋ္ဌာန်း သတ်မှတ်ထားရှိပြီး ၂၀၁၀ ခုနှစ်၊ နိုင်ငံတော် အလံဥပဒေအရလည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အထိမ်းအမှတ်ကို ၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ် ဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အသုံးပြုသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ သို့မဟုတ် လက်အောက်ခံနိုင်ငံတစ်ခု၏ သို့မဟုတ် ထိုနိုင်ငံတစ်စိတ်တစ်ဒေသ၏ အလံတံခွန်၊ အခြားအထိမ်းအမှတ် အမျိုးသားခေါင်းဆောင်များပုံ၊ နိုင်ငံတော်အထိမ်းအမှတ်နှင့် ဆင်တူယိုးမှားဖြစ်စေသော အရာဝတ္ထုများနှင့်စပ်လျဉ်း၍ ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ စီရင်ပြသမှု ကန့်သတ်ရေးအက်ဥပဒေအရလည်းကောင်း စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော် အလံ ဥပဒေပုဒ်မ ၇ တွင် နိုင်ငံတော်အလံကို ရုံးဖွင့်ရက်များနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့က သတ်မှတ် ထားသော နေ့ကြီး ရက်ကြီးများတွင် လွှင့်ထူရမည်ဟုလည်းကောင်း၊ ပုဒ်မ ၈ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အခါအားလျော်စွာ ကြေညာသည့် နေ့ရက်များ၌ နိုင်ငံတော်အလံကို သတ်မှတ်သည့် နည်းလမ်းများအတိုင်း လွှင့်ထူရမည်ဟုလည်းကောင်း၊ ယင်းဥပဒေ၏ ပုဒ်မ ၉ တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ကြေညာသည့်နေ့ရက်များ၌ နိုင်ငံတော်တစ်ဝှမ်းရှိ အစိုးရအဆောက် အအုံများနှင့် နေအိမ်များ၊ ဥပစာများ၊ မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ လေယာဉ် စသည်တို့တွင် လွှင့်ထူနိုင်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၁၃ တွင် နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း၊ နိုင်ငံတော်အလံကို အဆင်း အရွယ်ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစားပျက်ပြားစေရန် ပြုခြင်း၊ ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသည်‌့နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း၊ မလေးမစားပြုခြင်း၊ နိုင်ငံတော် အလံ၏ အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့ အစည်းများ၏အလံ လွှင်‌့ထူခြင်း မပြုရ ဟူ၍လည်း ကောင်း၊ ပုဒ်မ ၁၄ တွင် မည်သူမျှ နိုင်ငံတော်အလံ လွှင်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမိန့်မရဘဲ နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်ထူခြင်း၊ ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်ထု အစရှိသော အထိမ်းအမှတ်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်း၊ နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သြင်္ဂိုလ်ရာတွင်မှအပ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော် အလံနှင့် ဖုံးလွှမ်းခြင်း၊ ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သြင်္ဂိုလ်ခြင်း၊ နိုင်ငံတော်အလံနှင့် သင်္ချိုင်း မြေထိခြင်း၊ နိုင်ငံတော်အလံအား အတင်အချပြုရာနှင့် အသုံးပြုရာတွင် နိုင်ငံတော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင် တို့နှင့်ထိခြင်း၊ နိုင်ငံတော်အလံကို ဆုတ်ဖြဲဖျက်ဆီးခြင်း၊ ဂုဏ်ကျက်သရေပျက်ပြားစေရန် တမင်သက်သက်ပြုခြင်းများကို မဆောင်ရွက်ရန် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အဆိုပါ ဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ နိုင်ငံတော်အလံကို ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုး၊ အခင်းအဖြစ်အသုံးပြုခြင်း၊ နိုင်ငံတော်၏ကိုယ်စား သော်လည်းကောင်း၊ ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်လည်းကောင်း၊ အဝတ်အထည်ချယ်လယ်မှုဖြင့် လည်းကောင်း၊ ဆင်ယင်မှုအဖြစ် လည်းကောင်း၊ သုံးစွဲခြင်းမပြုရန်၊ ပုဒ်မ ၁၆ တွင် မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟူ၍လည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊

၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၆ တွင် မည်သူမျှ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတော်အထိမ်း အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ ဖျက်စီးခြင်း သို့မဟုတ် ဖျက်စီးစေခြင်း၊ အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ အသုံးပြုစေခြင်း၊ ကြော်ငြာအရဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ်အမှတ်အသားပြုလုပ်ရန်ဖြစ်စေ၊ အသုံး ပြုခြင်းမပြုလုပ်ရဟူ၍ ပြဋ္ဌာန်းထားရှိပြီး ထိုသို့ဆောင်ရွက်ပါက ယင်းဥပဒေ ပုဒ်မ ၇ မှာ ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဟူ၍လည်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါကြောင်း၊

၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး)အက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်အထိမ်းအမှတ် ဆိုသည်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ သို့တည်း မဟုတ် လက်အောက်ခံနိုင်ငံတစ်ခု၏ သို့တည်းမဟုတ် ထိုနိုင်ငံ၏ တစ်စိတ်တစ်ဒေသ၏ အလံ သို့တည်းမဟုတ် တံခွန်နှင့် အခြားအထိမ်းအမှတ်ကိုဆိုလိုသည် ဟူ၍ ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်နယ်/ တိုင်းဒေသကြီးများ၏ အလံများသည် နိုင်ငံတော်အထိမ်းအမှတ်ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်ဟု မှတ်ယူရမည်ဖြစ်သည့်အပြင် ယင်းဥပဒေပုဒ်မ ၇ ပုဒ်မခွဲငယ်(ကက)အရ မည်သူ မဆို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အသုံးပြုသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ သို့မဟုတ် လက်အောက်ခံနိုင်ငံတစ်ခု၏ သို့မဟုတ် ထိုနိုင်ငံတစ်စိတ်တစ်ဒေ၏ အလံ၊ တံခွန်၊ အခြားအထိမ်း အမှတ်၊ အမျိုးသားခေါင်းဆောင်များ၏ပုံ၊ နိုင်ငံတော် အထိမ်းအမှတ်နှင့် ဆင်တူယိုးမှားဖြစ်စေသော အရာဝတ္ထုများအား နိုင်ငံတော်သမ္မတ၏ ကင်းလွတ်ခွင့် အမိန့်အားဆန့်ကျင်၍ ပြည်သူအများ သို့တည်း မဟုတ် ပြည်သူအချို့ သွားလာခွင့်ရှိသည့် လမ်းကြီး၊ လမ်းငယ်၊ တံတား၊ လမ်းကြား သို့တည်းမဟုတ် လူသွားလမ်းပေါ်တွင်လည်းကောင်း၊ ပြည်သူများက သို့မဟုတ် ပြည်သူအချို့က အခကြေးငွေပေး၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ဝင်ထွက်နိုင်သည့် ဥပစာတွင်သော်လည်းကောင်း၊ နိုင်ငံတော်အထိမ်း အမှတ်တစ်ခုခုကို ဆင်ယင် ပြသလျှင် သို့တည်းမဟုတ် အဆိုပါလမ်းကြီး၊ လမ်းငယ်၊ တံတား၊ လမ်းကြား၊ လူသွာလမ်း သို့တည်းမဟုတ် ဥပစာ တစ်ခုခုတွင် သွားလာဝင်ထွက်နေသော သို့တည်းမဟုတ် ရှိနေ သော ပြည်သူများအနက် တစ်ဦးဦးမြင်သာအောင် ပြင်ဆင် ပြသလျှင် ထိုသူအား ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည် ဟူ၍လည်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ သို့သော် ယင်းဥပဒေပုဒ်မ ၇ ပုဒ်မခွဲငယ်(ခခ) ပြစ်မှုကျူးလွန်သူ သည် တရားဝင်အဖွဲ့ဖြစ်လျှင် ကျပ်တစ်ထောင်ထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည် ဟူ၍လည်း ပြဋ္ဌာန်းထားရှိပါကြောင်း။

သာသနာရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော သံဃနာယကလက်စွဲအပိုဒ် ၃၁၇ တွင် သာသနာ့အလံ ကို ရဟန်းတော်များပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘုရားဖူးယာဉ်အမျိုးမျိုး၌ တပ်ဆင်ခြင်း၊ လမ်းဘေး၊ လမ်းဆုံ၊ လမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေး စသော ဌာနတို့၌ အကြောင်းမဲ့ သက်သက် အသုံးပြုခြင်း၊ မော်တော်ယာဉ်များကို သာသနာ့အလံတော်များဖြင့် ရပ်တန့်တားဆီး၍ ခရီးသွားများထံမှ အလှူခံခြင်း၊ သာသနာ့အလံတော်ကို မရိုမသေ မလေးမစားပြုခြင်း၊ သာသနာ့အလံကို မည်သူသို့မျှ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ ညွှတ်ခြင်း၊ အလံတော်ကို တစ်နည်းနည်းဖြင့် အလွယ်တကူစုတ်ပြတ်အောင်၊ ညစ်ထေးစွန်းထွက်အောင်၊ ပျက်စီးအောင်၊ လွှင့်ထူခြင်း၊ ဆင်ယင်ပြသ ခြင်း၊ အသုံပြုခြင်း၊ နဖူးစည်းအဖြစ် အသုံးပြုခြင်း၊ အလံတော်နှင့် ပစ္စည်းထုတ်ရန်၊ ကုန်အမှတ်တံဆိပ် ကြော်ငြာအဖြစ် အသုံးပြုခြင်း၊ သာသနာ့အလံ လွှင့်ထူထားသော အလံတိုင်တွင် ကြေညာစာများကပ်ခြင်း၊ ချိပ်ခြင်း၊ အလံတော်နှင့် ချည်နှောင်ရစ်ပတ်ထုံးဖွဲ့ခြင်း၊ မြေပြင်၊ ကြမ်းပြင်၊ အခြားဝတ္ထုတို့နှင့် ထိစေခြင်း၊ အခင်းအဖြစ် အသုံးပြုခြင်း၊ သာသနာ့အလံ၏ အထက်တွင် အလံတစ်ခုခုကို လွှင့်ထူခြင်း၊ ကျောက်ရုပ်၊ ကျောက်တိုင်၊ ရုပ်တုတို့ကို အလံတော်ဖြင့် ဖုံးအုပ်ထားခြင်း၊ စွန့်ပစ်ခြင်းတို့ကို မပြုလုပ်ရ ဟူ၍ ပြဋ္ဌာန်းထားပါတယ်။ ယင်းလက်စွဲအပိုဒ် ၃၁၈ အရ အထက်ပါ တားမြစ်ချက်များကို မလိုက်နာ လျှင် ဓမ္မဝိနာယနှင့်အညီ အရေးယူပေးရန် သံဃနာယကအဖွဲ့များက အာဏာပိုင်အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံရမည် ဟူ၍ ပြဋ္ဌာန်းထားရှိပါကြောင်း၊

သာသနာအလံများနှင့်စပ်လျဉ်း၍ အလွဲသုံးခြင်း၊ မဖွယ်ရာပြုခြင်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅ ပုဒ်မခွဲ(က) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသော်လည်း တိုင်းရင်းသားလူမျိုးများ၏ အထိမ်းအမှတ်အလံများ၊ အဖွဲ့အစည်းအလံများ၊ အသင်းအဖွဲ့အလံများ၊ အခြားအလံများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများအရ လွှင့်ထူဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အဆိုပါအလံများနှင့်စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် အလွဲသုံးခြင်း၊ စွန့်ပစ်ခြင်းအပါအဝင် မဖွယ်ရာပြုလုပ်ခြင်းခံရပါက နစ်နာဆုံးရှုံးသည့် သက်ဆိုင်သူများ၏ တိုင်ကြားချက်အရ ပြစ်မှုဆိုင်ရာဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင် မည်ဖြစခြင်းကြောင့် နိုင်ငံတော်အလံနှင့် အခြားအထိမ်းအမှတ်များ အလံများနှင့်စပ်လျဉ်း၍ အလွဲအသုံးပြုခြင်းများအပေါ် နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်(ဆင်ယင်ပြသမှု ကန့်သတ်ရေး)အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်   ၂၀၁၃ ခုနှစ် အတွင်းတွင် နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှု နှစ်မှု၊ တရားခံနှစ်ဦးနှင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့အထိ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅ ဖြင့် တစ်မှု၊ တရားခံတစ်ဦးတို့ကို အရေးယူဆောင်ရွက် နိုင်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်