Skip to main content

ဦးအေးမောက် (မလှိုင်) ယခုအချိန်တွင် နိုင်ငံတော်အစိုးရနှင့် မိမိတို့လွှတ်တော်အနေဖြင့် ကိစ္စအဝဝ ဆောင်ရွက်သည့်နေရာတွင် လျင်လျင်မြန်မြန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်း အကြောင်းအရင်းသည် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသည့်အတွက် ချေးငွေများရယူသည့်နေရာတွင် အချိန်မီရရှိရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ အချက်အလက်များ မပြည့်စုံပါက မိမိတို့လွှတ်တော်ကို တင်ပြသည့်အခါ လွှတ်တော်က အဆုံးအဖြတ်ပေးရန်မှာလည်း ခဲယဉ်းသည့်အတွက် ကြန့်ကြာသွားပါက အခက်အခဲရှိနိုင်ပါကြောင်း၊ အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်နိုင်၍ ကြန့်ကြ သွားပါက ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းသို့ဆောင်ရွက်ရာတွင် တင်ပြလာသည့် ဌာနများမှ ပြည့်စုံစွာ တင်ပြရမည်ဖြစ်ပြီး ရှင်းလင်းရန်လိုအပ်သည့် ချက်အလက်များကို ပြည့်စုံစွာထည့်သွင်းပေးရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ဘဏ်(OECF) စသည့် နိုင်ငံတကာဘဏ်များမှ လုပ်ငန်းများအတွက် ငွေချေးယူရာတွင် အဆင့်ဆင့်ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်ရွက်ရသည့်အချက်များ၊ MOU စတင်လက်မှတ်ထိုးခြင် မှ လွှတ်တော်သို့ တင်ပြသည်အထိ သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ခြင်းအထိ ဆောင်ရွက်ပုံများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းစီမံကိန်းတစ်ခုကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများ၏ ချေးငွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနကို တင်ပြလာပါက ရှေးဦးစွာ အောက်ခြေအဆင့်တွင် မိမိတို့ ချေးငွေရယူမည့်နိုင်ငံ၊ အဖွဲ့အစည်းများနှင့် အတိုးနှုန်း(Rate of Interest)၊ ဆိုင်းငံ့ကာလ (Grace Period)၊ ပြန်ဆပ်ကာလ(Repayment Period)၊ ကတိခံဝန်ကြေး (Commitment Charge) ရှိ/မရှိ စသဖြင့် ချေးငွေဆိုင်ရာအချက်အလက်များ (Terms and Conditions) များကို ချေးငွေရယူနိုင်မှု အခြေအခြေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက ချေးငွေနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းသည်လည်း အမျိုးသားစီမံကိန်း၏ ကာလလပ် စီမံကိန်း၊ နှစ်စဉ်စီမံကိန်းများတွင် ပါဝင်မှုရှိ/မရှိကို စိစစ်ပါကြောင်း၊ ချေးငွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်  လုပ်ငန်းစီမံကိန်းများကို စိစစ်ရာတွင် အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနက စီမံကိန်းများ၏ အရေးပါမှု၊ နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းကဏ္ဍတွင် ပါဝင်ခြင်း ရှိ/မရှိ၊ ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် အကျိုးအမြတ်ပြန်ပေါ်နှုန်း (Internal Rate Of Return)၊ အကျိုးကျေးဇူးနှင့် စရိတ် နှိုင်းယှဉ်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုများ (Cost-Benefit Analysis)၊ ချေးငွေများ ပြန်လည်ပေးဆပ်ရန် အစီအစဉ် (Repayment Plan) များကို စိစစ်ပါကြောင်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖြစ်မည်ဆိုပါက သက်ဆိုင်ရာဒေသ ပတ်ဝန်းကျင်ပေါ်တွင် သက်ရောက်မှုဆန်းစစ်ခြင်း (EIA)၊ လူမှုရေးအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း(SIA) တို့ကို ဆောင်ရွက်ပါကြောင်း၊  ထိုသို့စိစစ်မှုများ ပြုလုပ်ပြီးသည့်အခါ ချေးငွေရယူရေးနှင့် ပတ်သက်ပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီကို တင်ပြပြီး လုပ်ငန်းကော်မတီက စိစစ်ပြီး ခွင့်ပြုချက် ရရှိမည်ဆိုပါက နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြပြီး ခွင့်ပြုချက်ရယူပါကြောင်း၊ ဗဟိုကော်မတီက သဘောတူခွင့်ပြုမည်ဆိုပါက မိမိတို့က ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တင်ပြပြီး ခွင့်ပြုချက်ရရှိနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ယင်းချေးငွေသည် သက်သာသောချေးငွေ (Concessional Loan)၊ သက်သာမှုမရှိသောချေးငွေ (Non Concessional Loan) ဆန်းစစ်သည့်အပြင် နိုင်ငံတော်က ပြည်ပချေးငွေရယူထားသောအခြေအနေ၊ နိုင်ငံတော်၏ ကြွေးမြီခံနိုင်ရည်ရှိမှုအခြေအနေ လေ့လာသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြနိုင်ရန်အတွက် နိုင်ငံတော်သမ္မတသို့ တင်ပြပါကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပို့ပြီးတော့ အကြောင်းကြားပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတက ပေးပို့ထားသော သဝဏ်လွှာပေါ်တွင် ဆွေးနွေးသည့်အခါ သက်ဆိုင်ရာချေးငွေရယူလိုသော ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်က ရှင်းလင်းတင်ပြပါကြောင်း၊ ပြည်ထာင်စုလွှတ်တော်က အတည်ပြုပြီးသည့်အခါ နိုင်ငံတော်သမ္မတထံ ထပ်မံပေးပို့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီးမှသာ ချေးငွေစာချုပ်ညှိနှိုင်းခြင်းကို ဆောင်ရွက်ပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစီးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့နှင့် သက်ဆိုင်ရာစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ချေးငွေသုံးစွဲမည့်ဌာန အဖွဲ့အစည်းတို့ပါဝင်သော ချေးငွေစာအုပ်ညှိနှိုင်းရေးကော်မတီနှင့် ချေးငွေပေးမည့် နိုင်ငံ၊ ဘဏ်၊ အဖွဲ့အစည်း၏ကြားတွင် အသေးစိတ်ညှိနှိုင်းဆောင်ရွက်ပါကြောင်း၊ ချေးငွေစာချုပ်များကို နှစ်ဦးနှစ်ဖက်အတည်ပြုပြီးသည့်အခါ လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခွင့်ပြုချက်ယူပါကြောင်း၊ ခွင့်ပြုချက်ရပြီးပါက ချေးငွေစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ပါကြောင်း၊ ချေးငွေစာချုပ် အသက်ဝင်ပြီး ချေးငွေ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ငွေထုတ်ယူသုံးစွဲခြင်း၊ ကျသင့်သော အတိုးငွေများကို ပြန်လည်ပေးဆပ်ခြင်း၊ အရင်းငွေများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ပြန်လည်ပေးဆပ်ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း ရရှိမည့်ချေးငွေ၊ ပြန်လည်ပေးဆပ်ရမည့်အတိုးငွေ၊ အရင်းငွေတို့ကို ရသုံးမှန်းချေစာရင်းတွင် နိုင်ငံခြားငွေ၊ မြန်မာငွေတို့ဖြင့် ထည့်သွင်း လျာထားရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပချေးငွေရယူနိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ရသည့်နည်းတူ ချေးငွေပေးမည့် နိုင်ငံအဖွဲ့အစည်းသည် အစိုးရအဖွဲ့အစည်းဖြစ်ပါက သူတို့နိုင်ငံ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ရကြောင်းကိုလည်း သိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှသာ ချေးငွေရယူနိုင်သကဲ့သို့ လွှတ်တော်ကအတည်ပြုမှသာ ထုတ်ချေးနိုင်ပါကြောင်း၊ အစိုးရချေးငွေမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ စသဖြင့် သူတို့၏ ချေးငွေတွင် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှ အမှုဆောင်ဘုတ်အဖွဲ့ကို တင်ပြပြီး ဘုတ်အဖွဲ့က အတည်ပြုမှသာ ချေးငွေကို ထုတ်ချေးနိုင်ပါကြောင်း၊ နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ (Financial Institution) ချေးငွေများကို အစိုးရချေးငွေများ၊ နိုင်ငံတကာအဖွဲ့အစည်းချေးငွေများနှင့် နှိုင်းယှဉ်မည်ဆိုပါက လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူမြန်ဆန်ပါကြောင်း၊ သို့သော် ၎င်းတို့သည် သက်သာမှုမရှိသည့် အခြေအနေ (Non Concessional Loan) သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးအခြေအနေ (Commercial Loan) များ၊ အတိုးနှုန်းကြီးမားသော ချေးငွေများဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း