Skip to main content

ဦးအုန်းငွေ (မြောင်) နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၀၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ရာ ဒီဥပဒေနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် နည်းဥပဒေများကိုလည်း ၂၀၁၄ ခု မတ်လတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီနည်းဥပဒေတွင် ဖော်ပြ ထားသော နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူခြင်းအပိုင်းတွင် သက်ပြည့်ပြင်စင်ယူရမည့် အသက်ကန့်သတ်ချက်ကို အသက် ၆၀ ဟူ၍ကန့်သတ်ထားခြင်းဖြစ်ပါကြောင်း၊ သို့သော် ယခု လောလောဆယ်တွင် မည်သည့် ဝန်ကြီးဌာနတွင် စာရောက်ရှိပြီ၊ မည့်သည့်ရုံးတော့ စာထုတ်ပြီနှင့် မည်သည့်ဝန်ကြီးဌာနတွင် ၆၃ ပင်စင်ပေးပြီဆိုသည့် ကောလဟာလ များဖြစ်နေပါသောကြောင့် ထိုကိစ္စကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိရန်အတွက် သက်ပြည့်ပင်စင်ကို မူလ သတ်မှတ်သည့် အသက် ၆၀ မှ ၆၃ နှစ်အထိ ပြောင်းလဲသတ်မှတ်ခြင်းဆိုသည်မှာ ဟုတ်/မဟုတ် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅) အဖြစ် နိုင်ငံ့ဝန်ထမ်းဥပဒေကို ၈-၃-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ၏ အခန်း(၁၂) အငြိမ်းစားယူခြင်း ခေါင်းစဉ်အောက်တွင် ပုဒ်မ ၅၆ ဝန်ထမ်းတစ်ဦးအနေဖြင့် ခံစားခွင်‌့ရှိသည့် ပင်စင်အမျိုးအစား (၇)မျိုးကို သတ်မှတ်ထားပါကြောင်း၊ ၎င်း (၇)မျိုးအနက် ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တွင် သက်ပြည့်ပင်စင်ဟူ၍ သတ်မှတ်ဖော်ပြထားရှိပါကြောင်း၊ တစ်ဆက်တည်း နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ(၅၇) တွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည်‌့သောအခါ အငြိမ်းစားယူရမည်။ ထိုသို့အငြိမ်းစားယူရသည့်အခါ ဝန်ထမ်းသည် သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင်‌့ရှိစေရမည် ဆိုပြီး ပြဋ္ဌာန်းထားပါသည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကိုလည်း ၂၆-၃-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေ ၂၃၀ တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်သည် ယင်း ဝန်ထမ်းအသက် ၆၀ နှစ်ပြည့်သည့်နေ့ရက် ဖြစ်သည်ဆိုပြီး အတိအကျဖော်ပြထားရှိပါကြောင်း၊ ထို့ကြောင့် တည်ဆဲဖြစ်သည့်နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများအရ လောလောဆယ်တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် အသက်သည် ၆၀ ပြည့် နှစ်ဖြစ်ပြီး သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည့် ဝန်ထမ်းအသက်ကို ၆၀ ပြည့်ဟု သတ်မှတ်ထားရာမှ ၃ နှစ်တိုးပြီး ၆၃ နှစ် ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်မည်ဖြစ်ကြောင်း ကြားသိရသည့် သတင်းစကားများ မှန်ကန်မှုမရှိပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူ