Skip to main content

ဦးအေးမောင် (ဘောလခဲ)ယနေ့မြန်မာနိုင်ငံသည် အဖက်ဖက်မှပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်ဖြစ်၍ တိုးတက်ပြောင်းလဲမှုများ ရှိရာ လုပ်ငန်းစီမံကိန်းများသည် ယခင်ကထက်  အများအပြားတိုးတက်လာခဲ့ပါသည်။ ထို့ကြောင့် လုပ်ငန်းများ စစ်ဆေးကြပ်မတ်ရာတွင် ဝန်ထမ်းအင်အားအပြည့်အဝဖြင့် ဦးစီးဌာနတစ်ခု သီးသန့်ထားရှိရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်နေရာတွင် ယခင်အစိုးရများလက်ထက်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနအောက်ရှိစီမံကိန်းများဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနမှ ပြည်ထောင်စု အစိုးရအဆင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ၏ လုပ်ငန်းစစ်ဆေးကြပ်မတ်ခြင်းကို တိုက်ရိုက်စစ်ဆေး အစီရင်ခံခြင်းများ ဆောင်ရွက်သည်ဟု သိရှိရပါသော်လည်း ယခုအစိုးရလက်ထက်တွင် အဆိုပါ ဦးစီးဌာနအနေဖြင့် စစ်ဆေး အစီရင်ခံတင်ပြမှုမရှိသလောက် နည်းပါးသည်ကို သိရှိရပါကြောင်း၊

သို့ပါသောကြောင့် မည်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းများမှ လုပ်ငန်းစစ်ဆေးကြပ်မတ်ခြင်းကို တာဝန်ယူ ဆောင်ရွက်နေပါသနည်း၊ အကယ်၍ အခြားသောဝန်ကြီးဌာနတစ်ခုခုမှ စစ်ဆေးစီရင်ခံ တင်ပြခြင်းများ ဆောင် ရွက်နေခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနမှ လုပ်ငန်းစစ်ဆေးစီရင်ခံ တင်ပြခြင်းများကို ဆောင်ရွက်ပါကြောင်း၊ နောက်ပိုင်းတွင် အချိန်ခတ္တခဏသာ ရပ်ဆိုင်းမှုရှိခဲ့၍ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြန်လည်ဆောင်ရွက်နေ ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း လေးလတစ်ကြိမ်လည်း ကွင်းဆင်းပြီး တိုးတက်မှု၊ ပြီးမြောက်မှုများကို အစီရင်ခံတင်ပြခြင်းများပြုလုပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ပြင် စီမံကိန်း မစတင်ခင် စီမံကိန်းဖြစ်မြောက်နိုင်မှု စစ်ဆေးခြင်း၊ စီမံကိန်း အထည်ဖော်နေစဉ်ကာလတွင် လည်း စီမံကိန်း တိုးတက်မှုများကို စစ်ဆေးခြင်း၊ နိုင်ငံပိုင်အဖွဲ့အစည်းများ၏ စက်ရုံ/အလုပ်ရုံများ တိုးတက်မှု အခြေအနေများ စစ်ဆေးခြင်းကို ပုံမှန်အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း။ အလားတူ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော တည်ဆောက်ရေး လုပ်ငန်း စိစစ်မှုကော်မတီအနေဖြင့် စီမံကိန်းတွင် တည်ဆောက်ရေး လုပ်ငန်းကြီးများ၊ ငွေလုံးငွေရင်းနှင့် တည်ဆောက်သည့် လုပ်ငန်းကြီးများကို စိစစ်ပြီး ခွင့်ပြု မိန့်ချပေးခြင်း၊ လုပ်ငန်းအကောင်အထည်မဖော်မီ ကြိုတင်၍ ဖြစ်မြောက်နိုင်စွမ်းကို နည်းပညာနှင့် Billability များကို စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ် ရုံးများပါ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေအရ ပေးအပ်ထားသော တာဝန်တစ်ခုဖြစ်သည့် လုပ်ငန်း အကောင်အထည်ဖော်မှု တာဝန်ကိုဆောင်ရွက်သည့် နေရာတွင် ဘတ်ဂျက်ခွင့်ပြုငွေ တည်ဆောက်ရေး လုပ်ငန်းကော်မတီ၏ စိစစ်ခွင့်ပြုချက် Technical Section၊  ယင်းလုပ်ငန်းနှင့် ပတ်သက်သော Bill of Quantity (BQ) Estimate  စာရင်းများကို အခြေခံပြီး မိမိတို့ တတ်နိုင်သမျှ ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံတင်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ကြောင့် စီမံကိန်းများလုပ်ငန်းများ အကောင်အထည်ဖော်မှု စိစစ်ကြပ်မတ်လျက်ရှိရာတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန ကို သတ်သတ်မှတ်မှတ်ဖြင့် ဖွဲ့စည်းတာဝန်ပေး၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါ သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်