Skip to main content

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၁၃-၁၄ ခု ဘဏ္ဍာနှစ်တွင် အမှတ်(၃၁)ရဲတပ်ရင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် လယ်ယာမြေများသိမ်းဆည်းရာတွင် လယ်သမား ၁၂ ဦးထံမှ လယ်မြေ ၇၂ ဧက ပါရှိခဲ့သည်ကို နိုင်ငံတော်မှ လယ်သမားများ နစ်နာမှုမရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် သိမ်းဆည်းခံလယ်မြေတစ်ဧကအတွက် ငွေကျပ် ရှစ်သိန်းနှုန်း ပေးလျော်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြောက်ဦးမြို့နယ်ရှိ ဒေသအာဏာပိုင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲမှူးတို့မှ လယ်မြေသိမ်းဆည်းခံ လယ်သမား ၁၂ ဦးအား လယ်မြေလျော်ကြေးအဖြစ် တစ်ဧကလျှင် ခြောက်သိန်းကျပ်သာ ယခုအချိန်တွင် လက်ခံရမည်ဖြစ်ကြောင်းနှင့် ကျန်ငွေများကို ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ စာဖြင့်ရေးပြီး ပြန်လည်တောင်းဆိုကြရန်နှင့် တောင်းဆို တင်ပြသည့်စာကိုလည်း မိတ္တူများပေးခဲ့ရန် အကြံပြုဆွေးနွေးပြီး တစ်ဧကအတွက် ငွေကျပ် ခြောက်သိန်းစီ ထုတ်ပေးခဲ့ပါကြောင်း၊

ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ မရိုးမဖြောင့်သော သဘောသက်ရောက်နေခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးမပြည့်စုံမှုကြောင့် အလွန်အခက်အခဲ ကြုံတွေ့ခဲ့ခြင်းများ ကျန်ငွေများကို အလျင်အမြန်ရရှိလိုပါကြောင်း၊ ထို့ကြောင့် မြောက်ဦးမြို့နယ်၌ ရဲတပ်ရင်း(၃၁) တည်ဆောက်ရာတွင် လယ်မြေသိမ်းဆည်းခံ လယ်သမားများအတွက် နိုင်ငံတော်မှ လယ်မြေတစ်ဧက လျော်ကြေးငွေ ရှစ်သိန်းပေးရန် ခွင့်ပြုထားပြီးဖြစ်သော်လည်း ဒေသအာဏာပိုင်များက ကျပ်ခြောက် သိန်းသာ လျော်ကြေးပေးထားသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ သိရှိခြင်းရှိ/မရှိ၊ သိရှိပါက လယ်သမားများ နစ်နာမှုမရှိစေရေးနှင့် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရေး လုပ်ကိုင်နိုင်ရန် အတွက် ကျန်ငွေများကို မည်သည့်အချိန်တွင် အပြေအလည် ထုတ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ဖွင့်လှစ် အသုံးပြုမည့်မြေသည် မြောက်ဦးမြို့ ရွာဟောင်းတောကျေးရွာအုပ်စု ကွင်းအမှတ်(၈၈၉-အေ) ခေါင်းဖြူ တောင်ကွင်းရှိ စားကျက်မြေအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါ စားကျက်မြေတွင် လုပ်ကိုင်နေသော လယ်သမား ၄၀ ဦးမှ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည့်အတွက် သိမ်းဆည်းခံရပါက လုပ်ကိုင်စားသောက်ရန် မြေမရှိ၍  ဒုက္ခရောက်ရှိနိုင်ပါကြောင်း၊ တင်ပြချက်အရ ၁၉-၇-၂၀၁၃ ရက်နေ့တွင် မြေလျော်ကြေး ပေးရေးကော်မတီ ဥက္ကဋ္ဌ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များက လယ်သမားများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် စားကျက်မြေ ၁၆၅.၁၆ ဧက အနက် ၉၃.၁၅ ဧကကို ပိုင်ဆိုင်သော လယ်သမားများမှ သဘောမတူ နိုင်သည်ကို တင်ပြခဲ့ပါကြောင်း၊

အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တည်ဆောက်ရန် မြေနေရာရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ခဲ့ရာ ဦးကျော်ဝင်းပါ လယ်သမား ၁၂ ဦးတို့က ၎င်းတို့ပိုင်ဆိုင်သော လယ်မြေ ၇၂ ဧကပေါ်တွင် တည်ဆောက်မည်ဆိုပါက တရားဝင်စာချုပ်စာတမ်းများဖြင့် နစ်နာကြေးအဖြစ် လယ်တစ်ဧကလျှင် ကျပ် ခြောက်သိန်းနှုန်း ပေးလျော်ပါက သဘောတူညီပါကြောင်း၊ ညှိနှိုင်းချက်အရ သဘောတူညီမှု ဝန်ခံကတိပြုစာချုပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်မြေစာရင်း ဦးစီးအရာရှိများနှင့် ရွာဟောင်းတောကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြပါကြောင်း၊ မြေလျော်ကြေးငွေ ပေးရေးကော်မတီအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊              ရွာဟောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမှတ်(၃၁) လုံခြုံရေး        ရဲတပ်ဖွဲ့ခွဲမှူးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော ကော်မတီအား ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂-၁၀-၂၀၁၃ ခုနှစ်၊ ရက်စွဲပါ စာအမှတ်၊ ၄/၃-၃/ဦး၁(၁၃၄၇)ဖြင့် ဖွဲ့စည်း၍ အပြည့်အဝ စနစ်တကျပေးလျော်ခဲ့ပြီး ၎င်းမြေနေရာပေါ်တွင် အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တည်ဆောက် လျက်ရှိပါကြောင်း၊

ဦးကျော်ဝင်းပါ လယ်သမား ၁၂ ဦးက နိုင်ငံတော်မှ လယ်တစ်ဧကလျှင် လျှော်ကြေးငွေ ကျပ်ရှစ်သိန်းပေးမည်ဟု ကြားသိရချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာမှ တစ်ဆင့်  ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြချက်အရ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ဥက္ကဋ္ဌအဖြစ်ပါဝင်သော  စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေး ခဲ့ပါကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ဦးကျော်ဝင်းပါ လယ်သမား ၁၂ ဦးသည် ပြင်ပသတင်းများအရ နိုင်ငံတော်မှ လယ်မြေတစ်ဧကလျှင် ၈ သိန်းကျပ် ခွင့်ပြုထားသည်ဟု ကြားသိရသဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်ကို စိစစ်ပေါက်ခဲ့ပါကြောင်း၊

တောင်သူ ၁၂ ဦးလုပ်ကိုင်ခဲသောမြေသည် စားကျက်မြေတွင် ကျူးကျော်စိုက်ပျိုးထားခြင်းဖြစ်၍ သာမန်အားဖြင့် မြေလျော်ကြေးပေးချေရန် မရှိသော်လည်း တောင်သူများ နစ်နာမှုမရှိစေရေး အတွက်ကို တောင်သူများနှင့် ညှိနှိုင်းသဘောတူညီချက်အရ နိုင်ငံတော်ဘဏ္ဍာခွင့်ပြုငွေဖြင့် မြေတစ်ဧကလျှင် ကျပ်ခြောက်သိန်းနှုန်းဖြင့် နစ်နာကြေး ပေးအပ်ခဲ့ခြင်းသာဖြစ်ပါကြောင်းနှင့် ကျန်ငွေများကို ထပ်မံထုတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။