Skip to main content

မိမိတို့ ဒေသတွင် မြန်မာဘာသာ စကားနှင့်ပတ်သက်၍ ကျွမ်းကျင်မှုနည်းပါးခြင်း၊ ပညာအရည်အချင်းနှင့်ပတ်သက်၍ တိုးတက်အောင် မြင်မှုနည်းပါးခဲ့ခြင်း၊ ကိုးကန့်ဒေသသို့ ရောက်ရှိလာကြသော ဝန်ထမ်းအသီးသီး တို့သည်လည်း ဒေသ ဘာသာစကားနှင့် နယ်မြေကျွမ်းကျင်မှု အခက်အခဲများ တွေ့ကြုံရခြင်းများ ရှိပါကြောင်း၊ နိုင်ငံတော်မှ ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံရဲ ၅၀ ဦးကိုလည်း ခန့်ထားပြီးဖြစ်သည့်အပြင် ကျန်းမာရေးကဏ္ဍ အလိုက်အထောက် အကူပြုနိုင်စေရန် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကိုလည်း ဆေးတက္ကသိုလ်ဝင်ခွင့် အထူးအစီအစဉ်ဖြင့် လျှောက်ထားစေခြင်းများကို ဆောင်ရွက်ပေးခဲ့သည်ကိုလည်း သိရှိနားလည် ထားပါကြောင်း၊

ထိုနည်းတူ စီမံခန့်ခွဲရေးကဏ္ဍ အထွေထွေ အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဒေသခံများ တာဝန် ထမ်းဆောင်ခွင့်ရရှိပါက ပိုမိုအောင်မြင်တိုးတက်မည်ဟု  ယုံကြည်မျှော်လင့်မိသည့်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်းသို့ ဝင်ရောက်လျှောက်ထားနိုင်ရန် ဒုတိယဦးစီးမှူးအဆင့် ရာထူး လျှောက်ထားခြင်းဝင်ခွင့်စာမေးပွဲများ ခေါ်ယူကျင်းပခြင်းနှင့် ရွေးချယ်ခန့်ထားခြင်းတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊  ယခုအခါ ဒေသဘွဲ့ရ ပညာတတ်များလည်း ရှိနေကြပြီဖြစ်သောကြောင့်လည်း ၎င်းအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချခွင့်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မြို့နယ်အထွေထွေ ဦးစီးလိုင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်သည့် ဒေသခံတိုင်းရင်းသားများအား ဦးစားပေး အစီအစဉ်ဖြင့် ဒုတိယ ဦးစီးမှူးရာထူး ဝင်ခွင့်လျှောက်ထားခြင်းကို ခေါ်ယူဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေး နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် လစ်လပ်လျက်ရှိသော စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁) ဒုတိယဦးစီးမှူးရာထူးနေရာများခန့်ထားရာတွင် ၁၃-၃-၂၀၁၃ ရက်နေ့တွင်  ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သော နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၃) ရွေးချယ်ခန့်ထားခြင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)ရာထူးအား ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးသော ဝန်ထမ်းအမျိုးအစားမဟုတ်ဘဲ သက်ဆိုင်ရာ  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးမှ ခန့်ထားရသော စတင်ခန့်ရာထူးအဆင့်ဖြစ်ပါကြောင်း၊ အဆိုပါ ရာထူးအတွက် ၂၆-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ပုဒ်မ ၂၂ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထားရှိသော စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ် ရေး/လူမှုရေး)အဆင့်(၁)ရာထူးများအတွက်ကို ပြင်ပမှပုဂ္ဂိုလ်များအား ခေါ်ယူရွေးချယ်ခန့်အပ်ရန် နည်းဥပဒေ အပိုဒ် ၂၀ အပိုဒ်ခွဲ(ဃ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်ခန့်အပ်ပေးလျက်ရှိရာတွင် ဝန်ထမ်း ရွေးချယ်ရေးအဖွဲ့သည် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်နှင့် လိုအပ်သော ကျား/မအရေအတွက်ကို အတည်ပြုချက်ရယူခြင်း၊ နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် လျှောက်လွှာ ကြော်ငြာခေါ်ယူခြင်း၊ ရေးဖြေစာမေးပွဲများ၊ လူတွေ့စစ်ဆေးခြင်းများကို ပြုလုပ်၍ ရရှိသော အမှတ်နှင့် အရည်အချင်းများအလိုက် ခန့်ထားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဌာနတွင်း အတွင်းရှိ တစ်ဆင့်မြှင့်ရာထူးခန့်ထားရန်အတွက် လုပ်သက်သတ်မှတ်ချက် ပြည့်မီသော ဝန်ထမ်းများကို လည်း အလားတူ အရည်အချင်းစစ်ဆေးခြင်းများပြုလုပ်ပြီး ရွေးချယ်ခန့်ထားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြင်ပပုဂ္ဂိုလ်များကို ရွေးချယ်ခန့်ထားရာတွင် မြန်မာစာ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာ ဘာသာရပ် သုံးခုကို တစ်ခုလျှင် နှစ်နာရီမေးခွန်းလွှာဖြင့် စစ်ဆေးခြင်းဖြစ်ပြီး ရေးဖြေအောင်မြင်သူများအနက် နည်းဥပဒေ အပိုဒ် ၂၀ အပိုဒ်ခွဲ(င) အပိုဒ်ခွဲငယ် ၇ တွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့်အညီ လူတွေ့စစ်ဆေး ခြင်းများပြုလုပ်ကာ ဒေသခံတိုင်းရင်းသားများမှ လျှောက်လွှာကြော်ငြာခေါ်ယူစဉ်က ပါရှိသော သတ်မှတ် အရည်အချင်းများနှင့်ကိုက်ညီပါက ဖြေဆိုရွေးချယ်ခံနိုင်ခွင့်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)ရာထူးနေရာများကို ခန့်ထားရန်အတွက် ရွေးချယ်စိစစ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တာဝန်များကို အရည်အသွေးပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင် ရန်ရည်ရွယ်ပြီး လိုအပ်သော အခြေခံအရည်အချင်းများကို သတ်မှတ်ထားရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) ရာထူးနေရာများ လျှောက်လွှာခေါ်ယူချိန်တွင် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပါက ဝင်ရောက်လျှောက်ထားဖြေဆိုနိုင်ပြီး   ယင်းဒေသ၏ယဉ်ကျေးမှု ထုံးတမ်းအစဉ် အလာနှင့် ဘာသာစကားများကို နားလည်တတ်ကျွမ်းထား သူများဖြစ်၍ အရည်အချင်းစစ်ဆေးမှု အောင်မြင်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)ဒုတိယဦးစီးမှူး ရာထူးနေရာများ၌ ခန့်ထားပေးနိုင် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။