Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၇-၈-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၃) အရ သမိုင်းအဖွဲ့အစည်းသစ်ကို ပြင်ဆင်ဖွဲ့စည်းပြီး မြန်မာ့သမိုင်းကို စနစ်တကျ ဖော်ထုတ်ပြုစုခြင်း၊ စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်းနှင့် လေ့လာမှတ်သားခြင်း စသည့် ကောင်းမွန်သောဆောင်ရွက်ချက်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မြန်မာ့သမိုင်းဟု ခေါ်ဆိုသောစကားရပ်တွင် မြန်မာဟူသည့် စကားရပ်သည် ဗမာတိုင်းရင်းသားလူမျိုး အပါအဝင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူထုအားလုံးကို ခြုံငုံသိမ်းကျုံးပြီး ခေါ်ဆိုခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းဟုခေါ်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဗမာတိုင်းရင်းသားလူမျိုး တစ်မျိုးထဲ၏ သမိုင်းအကြောင်းအရာများအပြင် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ကြသည့် မွန်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းများတို့နှင့်တကွ ရှည်လျားမှု အသင့်အတင့် ရှိခဲ့ကြသော အခြားတိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းကြောင်းများကိုသာ ရေးသားဖော်ပြ သင့်ပါကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြသော တိုင်းရင်းသားများ၏သမိုင်းမျိုး ဖြစ်မှသာလျှင် မြန်မာ့သမိုင်း ခေါ်ဆို ထိုက်သည်ဖြစ်ပြီး မြန်မာ့သိမိုင်းခေါ်ဆိုသော ဝေါဟာရ၏ အင်္ဂါရပ်နှင့်လည်း ကိုက်ညီမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) မြန်မာ့သမိုင်း အဖွဲ့အစည်း သစ်သည် ဗမာတိုင်းရင်းသားလူမျိုးတို့၏ သမိုင်းအကြောင်းအရာများ စနစ်တကျဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်းနှင့် လေ့လာမှတ်သားခြင်း အစရှိသည်များကို ဆောင်ရွက်သကဲ့သို့ မွန်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းများနှင့်တကွ တိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းများတို့ကိုလည်း အလားတူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) အစီအစဉ်ရှိပါက မည်သည့် တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းကို မည်သည့်အချိန်တွင် ပြုစုရေးသားထုတ်ဝေခြင်းပြုမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


မြန်မာ့သမိုင်းအဖွဲ့အစည်းသစ်သည် ဗမာတိုင်းရင်းသားလူမျိုးတို့၏ သမိုင်းအကြောင်းအရာများကို စနစ်တကျ ဖော်ထုတ် ပြုစုခြင်း၊ စုဆောင်းခြင်း၊ သုတေတနပြုခြင်း၊ ထုတ်ဝေခြင်းနှင့် လေ့လာမှတ်သားစေခြင်းများကို ဆောင်ရွက်သကဲ့သို့ မွန်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းများနှင့်တကွ အခြားတိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းများတို့ကိုလည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ ဖြစ်တည်ခဲ့သော လုပ်ငန်းစဉ်များအရ မြန်မာ့သမိုင်းအဖွဲ့သည် ဗမာတိုင်းရင်းသားတို့၏ သမိုင်းဟု ရေးသားခဲ့ခြင်းမရှိပါ အကြိုသမိုင်းမှစ၍ သမိုင်းမှတ်တမ်းတင်သည့် ကာလတစ်လျှောက် တိုင်းရင်းသားအားလုံးပါဝင်သော မြန်မာ့သမိုင်းကိုသာ ရေးသားပြုစုလျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာ့သမိုင်း အဖွဲ့အစည်းကို မိမိတို့ ပြန်လည်ဖွဲ့စည်းရာတွင် အချိန်ပြည့်အဖွဲ့ဝင်များ ပါဝင်သကဲ့သို့ အချိန်ပိုင်းအဖွဲ့ဝင်များလည်း ပါဝင်ပါကြောင်း၊ မြန်မာ့သမိုင်း အဖွဲ့အစည်းသစ်တွင် ကျွန်တော်တို့ အချိန်ပိုင်းအနေဖြင့် မွန်တိုင်းရင်းသားတစ်ယောက် ကိုလည်း ထည့်ထားပါကြောင်း၊ မြန်မာသမိုင်းအဖွဲ့ဥပဒေအရ ဖွဲ့စည်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းကို သုတေသနပြုပြီး ရရှိ လာသော သုတေသနတွေ့ရှိချက်များကို အခြေခံကာ ခေတ်အလိုက်၊ အပိုင်းအခြားအလိုက် မြန်မာနိုင်ငံသမိုင်းကို ပြုစုရန် ဖြစ်ပါကြောင်း၊ ဗမာတိုင်းရင်းသားတို့၏ သမိုင်းအကြောင်းအရာများကို စနစ်တကျ ဖော်ထုတ်ပြုစုခြင်း၊ စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်း စသည်တို့အား ဆောင်ရွက်ခြင်းမဟုတ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသမိုင်းကို ခေတ်အပိုင်းအခြားအလိုက် ပြုစုရေးသားနေဆဲ ဖြစ်ပါပြီး တိုင်းရင်းသားများနှင့် ပတ်သက်သော အထောက်အထားများကို လည်း ရှာဖွေစုဆောင်းမှုများ ပြုလုပ်ပါကြောင်း၊ ကျမ်းတစ်စောင်တစ်ဖွဲ့ရေးနိုင်လာပါက တိုင်းရင်းသားများနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း အခါအားလျော်စွာ ထုတ်ဝေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းရက်စဉ်ကိုသာ ရေးသားခြင်းဖြစ်၍ အခြားတိုင်းရင်းသားတို့၏ ယုံကြည်လက်ခံနိုင်ဖွယ် သုတေသနပြုချက်များအရ ရေးသားထားသော ရှေးဟောင်းအမွေအနှစ်များအရ ကောက်ချက်ရယူနိုင်သော တိုင်းရင်းသားရက်စဉ်ကို မှတ်တမ်းတင် ရမည်သာ ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဌာနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် မွန်တိုင်းရင်းသား ရက်စဉ်သမိုင်းကို ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့ပြီး ကျန်သည့်တိုင်းရင်းသားများဖြစ်သော ရှမ်းရက်စဉ် သမိုင်းကို ဆက်လက်ထုတ်ဝေရန် စီစဉ်နေပါကြောင်း၊ ကချင်ရက်စဉ်သမိုင်း၊ ကရင်ရက်စဉ်သမိုင်းနှင့် ရခိုင်ရက်စဉ်သမိုင်းတို့ကိုလည်း ဆက်လက်ပြုစုရေးသားကာ မြန်မာနိုင်ငံသမိုင်း ပြုစုရေးသားပြီးပါက တိုင်းရင်းသားလူမျိုးများ၏ သမိုင်းများကို ပြုစုရေးသားပေးရန် အစီအစဉ်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားတိုင်း သိသင့်သော သမိုင်းထားရှိ သင့်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ပေးသည့် သက်ဆိုင်ရာတိုင်းရင်းသားတို့၏ ရက်စဉ်သမိုင်းကို တိုင်းရင်းသား စေတနာရှင်၊ ပညာရှင်များက ပြုစုရေးသားသည့်အခါ မြန်မာသမိုင်းပညာရှင်အဖွဲ့နှင့် ပေါင်းစပ်ရေးသားပေးသွားမည် ဖြစ်ပါကြောင်း၊မြန်မာ့ သမိုင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ သမိုင်းကွင်းဆက်များကို ကဏ္ဍနှင့် အချိန်အခါ၊ လူမျိုး၊ မင်းဆက်ရာဇဝင်များအလိုက် ဆက်လက်ရေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရက်စဉ်သမိုင်းသည် သမိုင်းပြုစုရာတွင် ပိုမိုလက်တွေ့ကျပါကြောင်း၊ သမိုင်းဟူသည် ရေးသားသူများ၏ မှတ်တမ်းဖော်ပြချက်ကို နှောင်းလူတို့က သုတေသနပြုကြသည်ဖြစ်ရာ ကိုင်တွယ်မျက်မြင် အထောက်အထားများ အရကိုသာ အများဆုံး အခြေခံရမည်ဖြစ်ပါကြောင်း၊ အနည်းငယ်ကွဲလွဲမှုအတွက် ပြည်ထောင်စု အကျိုးအတွက် ဝိုင်းဝန်းသုံးသပ်ရန် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးလှမောင် (ချောင်းဆုံ) က ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။

တိုင်းရင်းသားအားလုံးပါဝင်သော မြန်မာ့သမိုင်းဟုရေးသည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားများအားလုံးပါဝင်သော မြန်မာ့သမိုင်းဆိုသည့် အရာတွင် မိမိတွေ့ရှိချက်အရ မြန်မာသမိုင်းထဲတွင် အနော်ရထာမင်းနှင့် ပတ်သက်သော ဗျူဟာမင်းတို့လိုပုံစံမျိုး၊ ရာဇာဓိရာဇ်နှင့် ပတ်သက်သော ဘုရင်မင်းခေါင် တို့သာရှိပါကြောင်း၊ မွန်သမိုင်း၌ သုဝဏဘူမိတွင် မင်းဆက် ပေါင်း ၅၇ ဆက်၊ ဟံသာဝတီတွင် ၁၇ ဆက်ရှိပါကြောင်း၊ မုတ္တမသမိုင်းတွင်  ၈ ဆက်၊ ရှိပါတယ်။ ထို့အပြင် ရန်ကုန်သမိုင်းလည်း ရှိသော်လည်း ယင်းအတိုင်းအတာများ ပျောက်ကွယ်နေသဖြင့် ပါဝင်ခြင်းမရှိပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး၏ သိသင့်သိထိုက်သော အချက်များ များစွာပါဝင်နေပါကြောင်း၊ ထိုသို့ သိခြင်းအားဖြင့် ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ယခုချီတက်နေသော ပါတီစုံ ဒီမိုကရေစီအတွက် များစွာ အထောက်အကူ ဖြစ်နိုင်ပါကြောင်း၊ အမွှန်း၊ အညွှန်းများကို အချို့ဘွဲ့ထူးများ၊ တစ်ခါတစ်ရံ အထောက်အထားများ မတွေ့ရပါဟူသည့် ဖြေကြားချက်နှင့် ပတ်သက်၍ သမိုင်းဆိုသည့် အနေအထားမှာ အားလုံးအပြည့်အစုံ အထောက်အထားရှိတာလည်း ရှိသလို၊ မရှိသည်များလည် ရှိပါကြောင်း၊ သို့သော် ဖြစ်ခဲ့သည့်ဖြစ်စဉ်မှာ ရေးသားသည့်အပေါ် မူတည်ပြီး မည်မျှမှန်သည်၊ မှားသည်ကို သုံးသပ်၍ရပါကြောင်း၊ အကယ်၍ လုံးဝမရေးဘူးဆိုပါက ပျောက်ကွယ်သွားမည့် အနေအထားရှိသည့်အတွက် ထိုက်သင့်ဆီလျော်သော အကြောင်းအရာများကို ဖော်ပြသင့်ပါကြောင်း၊ ထို့ကြောင့် ရေးသင့်ရေးထိုက်သော အကြောင်းအရာအားလုံးကို တစ်နိုင်ငံလုံး၊ တိုင်းရင်းသူ/တိုင်းရင်းသားအားလုံး သိနိုင်ရန်အတွက် ရေးပေးစေလိုပါကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောပါသည်။

မေးခွန်းမဟုတ်ပါဘဲ ဆွေးနွေးချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆွေးနွေးချက်ကို သက်ဆိုင်ရာ ယဉ်ကျေးမှုဝန်ကြီးဌာနက ဥပ‌ဒေနှင့်အညီ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း သုံးသပ်ပြောကြားပါသည်။