Skip to main content

ရခိုင်ပြည်နယ်တွင် မိုးများခြင်း၊ တောတောင်ထူထပ်ခြင်း၊ မြစ်ချောင်းအင်းအိုင်ပေါများခြင်းကြောင့်  လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းများရင်ဆိုင်ရပြီး တိုးတက်မှုနှေးကွေးနေ ပါကြောင်း၊  ၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်မှ မီးရထားလမ်းဖောက်လုပ်ရန် ကြိုးစားလုပ်ဆောင်ပေးခဲ့ရာ မြေမျက်နှာသွင်ပြင် အနေအထားအရ လုပ်ငန်းပြီးစီးမှု အားနည်းနေခဲ့ ပါကြောင်း၊ ယခုဆိုလျှင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာအထိ တစ်နှစ်လျှင် (၂)ကြိမ်ကျ ရေးဆွဲထားပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့သို့လည်း ဆက်သွယ်ပြေးဆွဲနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကျောက်တော်မှ မြောက်ဦးသို့ ဆက်သွယ်ရေးလမ်းကြောင်းများ ရှာဖွေရာတွင် မြစ်ကူး တံတားအတွက် အခက်အခဲဖြစ်နေပြီး မြောက်ဦးမြို့မှ မင်းဘူးမြို့အထိလည်း မည်မျှအထိ လမ်းပြီးစီးနေမှုကို မသိရှိသေးပါကြောင်း၊ ရခိုင်သူရခိုင်သားများအနေဖြင့် သမိုင်းဝင်ရထားလမ်းပြီးစီးနိုင်ရန် စိတ်အားထက်သန် စွာဖြင့် စောင့်ဆိုင်းလျက်ရှိနေကြပါသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ဖောက်လုပ်လျက်ရှိသော မီးရထားလမ်းစီမံကိန်းသည် မည်သည့် ခုနှစ်တွင် ပြီးဆုံးမည်နှင့် လက်ရှိဆောက်လုပ်မှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။

 

 

 

မြန်မာ့မီးရထားအနေနှင့် ၂၉၉.၂၅ မိုင်ခန့် ရှည်လျားသည့် မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ၁၅-၂-၂၀၀၉ ရက်နေ့မှ စတင်ဖောက်လုပ်ခဲ့ရာ စစ်တွေ-ရေချမ်းပြင်လမ်းပိုင်း ခရီးမိုင် ၁၁.၄၆ မိုင်ကို ၁၉-၅-၂၀၀၉ ရက်နေ့၊ ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုးတရုတ်လမ်းပိုင်း ခရီးမိုင် ၂၂.၇၀ မိုင်ကို ၁၅-၅-၂၀၁၀ ရက်နေ့နှင့် ယိုးတရုတ်-ကျောက်တော်လမ်းပိုင်း ခရီးမိုင် ၁၉.၈၂ မိုင်ကို ၁၀-၄-၂၀၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကွမ်းတောင်-ကျောက်တော်လမ်းပိုင်းကို ရထား(၄)စင်းဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း၊ စစ်တွေ-‌ရေချမ်းပြင်လမ်းပိုင်းကို လုံခြုံရေးအခြေအနေအရ လက်ရှိရထားပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထားခဲ့ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေမှာ ရေချမ်းပြင်-ပါဒလိတ်လမ်းပိုင်း ခရီးမိုင် ၅.၈၁ မိုင်ကို ၂၀၁၃-၁၄ ခုနှစ်မှစတင်ပြီး ဖောက်လုပ်လျက်ရှိရာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း၊ စစ်တွေမှ ကျောက်တော်အထိ တစ်ဆက်တည်း ရထားသွားလာနိုင်ရေးအတွက် ပါဒလိတ်-ကွမ်းတောင်လမ်းပိုင်းတွင် ပေ ၇၇၀၀ ရှိသည့် မင်းချောင်းတံတားကြီး တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ တံတားကြီး တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေကျပ် သန်း ၃၁၀၀၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ အဆိုပါတံတားကြီး၏ ကုန်ကျစရိတ်ကြီးမားခြင်းနှင့် နိုင်ငံတော် ဘဏ္ဍာငွေလိုအပ်ချက်အရ တည်ဆောက်နိုင်ခြင်း မရှိခဲ့သေးပါကြောင်း၊ အဆိုပါ မင်းချောင်းတံတားကြီး တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားရန်နှင့် တံတားတည်ဆောက်ရေးလုပ်ငန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန သို့ လုပ်ငန်း အပ်နှံ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု လျာထားချက်ထားရှိကြောင်း။

ကျောက်တော်-မြောက်ဦးလမ်းပိုင်း ခရီးမိုင် ၂၈.၃၉၁ မိုင်ကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ် မှစ၍ ဖောက်လုပ်လျက်ရှိပါကြောင်း၊ ကျောက်တော်-မြောက်ဦးလမ်းပိုင်းကို ပေ ၇၈၀၀ ကျယ်သော ကစ္ဆပနဒီမြစ် တည်ရှိပြီး ကစ္ဆပနဒီတံတားအား တည်ဆောက်နိုင်ခြင်းမရှိသေးသည့် အတွက် ကစ္ဆပနဒီတံတား၏ တစ်ဖက်ကမ်း လမ်းမတော်ဘူတာမှ မြောက်ဦးကို ရထားလမ်းဖောက်လုပ်လျက်ရှိပါကြောင်း၊ ကစ္ဆပနဒီ တံတားကြီး တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေ မင်းချောင်းတံတားကြီးကဲ့သို့ ငွေကျပ်သန်း ၃၁၀၀၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ အဆိုပါ ကစ္ဆပနဒီတံတားကြီး တည်ဆောက်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားရန်နှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံအကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားချက်ရှိပါကြောင်း၊ မြန်မာ့မီးရထား အနေဖြင့် မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရန် မူလလမ်းအူကြောင်း ရှာဖွေရာတွင် မြောက်ဦးမြို့အဝင် ရှေးဟောင်းသုတေသနယ်မြေအတွင်း ရထားလမ်းဖြတ်သန်းမှုမရှိစေရန် ရှေးဟောင်း သုတေသနဦးစီးဌာနမှကွင်းဆင်းပြီး ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများမှ သဘောတူ ရွေးချယ်ပြီးတင်ပြလာသော ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းမှ ရထားလမ်းကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ကျောက်တော်-မြောက်ဦးလမ်းပိုင်း၏ လုပ်ငန်းပမာဏ ၆၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့သော် ကျောက်တော်-မြောက်ဦး လမ်းပိုင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ရခိုင်သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်များတည်ရှိရာ ယဉ်ကျေးမှု ဇုန်နယ်မြေကို ဖြတ်သန်းဖောက်ခြင်းအား ဒေသခံများသည် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ဆင့်ကန့်ကွက် တားမြစ်ထားသည့် ကျောက်တော် -မြောက်ဦးလမ်းပိုင်း ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၈-၄-၂၀၁၄ ရက်နေ့တွင် ရပ်ဆိုင်းထားခဲ့ရပါကြောင်း။

ဒေသခံပြည်သူများ၏ ကန့်ကွက်ချက်အရ ရပ်ဆိုင်းထားသည့် ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေအတွင်း လုပ်ငန်းပမာဏ ၆၀ ရာခိုင်နှုန်းရှိသည့်အတွက် ၎င်း လမ်းကို အပြီးစွန့်လွှတ်ရမည် ဆိုပါက ဆောင်ရွက်ပြီးလုပ်ငန်းများအတွက် နိုင်ငံတော် ဘဏ္ဍာငွေဆုံးရှုံးမှု ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ရပ်ဆိုင်းထားသည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းကို ဒေသခံများက သဘောတူမှသာ ဆက်လက်ဖောက်လုပ် နိုင်မည်ဖြစ်ကြောင်း မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းစီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ပြီး ရေးဆွဲဖောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပိုင်းကို နိုင်ငံတော် ဘဏ္ဍာငွေ ခွင့်ပြုမှုအပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ၂၀၁၉-၂၀  အပြီးလျာထားသော်လည်း ကြမ်းတမ်းသော မြေပြင်အနေအထားအရ အစောဆုံး ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပါကြောင်းနှင့် လမ်းပိုင်းအလိုက် ပြီးစီးမည့် ခန့်မှန်းကာလအနေဖြင့် ၉.၇၅ မိုင်ရှည်သော ရေကြမ်းပြင် ကွမ်းတောင်လမ်းပိုင်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထိ၊ ၇၇၀၀ ပေအရှည်ရှိသော မင်းချောင်းတံတားကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထိ၊ ၃၂.၅၀ မိုင်ရှည်လျားသည့် ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ဒေသခံများကန့်ကွက်ထားသဖြင့် လတ်တလောရပ်ဆိုင်းထားပါကြောင်း၊ ပေ ၇၈၀၀ ရှိ ကစ္ဆပနဒီ တံတားကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ထိ၊ မြောက်ဦး-မင်းပြားလမ်းပိုင်း မိုင် ၁၆ မိုင်ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထိ၊ ၉၅ မိုင်ရှည်လျားသည့် မင်းပြား-အမ်း လမ်းပိုင်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်ထိ၊ ၉၂ မိုင်ရှည်လျားသည့် အမ်း-မင်းဘူး လမ်းပိုင်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်ထိ ခန့်မှန်းထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။