Skip to main content

မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကြီးမားစွာ ခံရမည် အဆင့်တွင် နံပါတ် (၄)နေရာတွင် ရှိနေပါကြောင်း၊  ပျက်စီးမှုအကြိမ်မှာ ၁၀ နှစ်လျှင် လေးနှစ် ပျက်စီးမှုများနှင့် ကြုံတွေ့နေရာသည်ကို တွေ့ရှိ ပါကြောင်း၊ အထူးသဖြင့် အောက်မြန်မာပြည် ဧရာဝတီ၊  ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးနစ်မြုပ်၍ သီးနှံများပျက်စီးမှုရှိပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အချို့နေရာများတွင် မိုးခေါင်ရေငတ်ဒဏ်ကြောင့် သီးနှံများ ပျက်စီးခြင်းများကြုံတွေ့ရပါကြောင်း၊

ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင် ကာကွယ်စီမံ ဆောင်ရွက် ထားပေးခြင်းသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေပါကြောင်း၊  သို့ဖြစ်ပါ၍ ရာသီဥတုဖောက်ပြန်မှုကို အံတုနိုင်သော ဖြေရှင်းဆောင်ရွက်နိုင်သော နည်းလမ်းများစွာထဲမှ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ အစားထိုးအသုံးပြုရန်၊ ထိုသို့ အသုံးပြုနိုင်ရန်အတွက် အစိုးရက ပင်မကုန်ထုတ်လမ်းများဖောက်လုပ်ပေးရေး၊  အောက်မြန်မာပြည် ရေကြီးနစ်မြုပ်မှုမရှိစေရန် တိမ်ကောနေသော မြစ်၊ ချောင်း၊ ရေမြောင်းများ တူးဖော်ပေးစေခြင်း၊ အလယ်ပိုင်းဒေသ များအား လျှိုမြောင်များ၊ ဆည်များ၊ မြောင်းများ ပြုပြင်ပေးခြင်းနှင့် အချို့ နေရာဒေသများ အဝီစိတွင်းတူးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အစီအစဉ်များ ထောက်ပံ့ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ အစိုးရမှ ဆောင်ရွက်ပေးနေမှုများကို တွေ့ရှိရသော်လည်း ယခုထက်ပိုမို၍ အလေးထားကာ စိုက်ပျိုးရေးကဏ္ဍကြီးကို ဦးစားပေးပြောင်းလဲ ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊  အထူးသဖြင့် တောင်သူလယ်သမားအများစုကို အကျိုးပြုစေသော လုပ်ငန်းများဖြစ်သည့် ထိခိုက်ပျက်စီးများကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်နေပါကြောင့်၊ အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးမှုမရှိအောင် ဦးစားပေးဧရိယာများ အလိုက် ကြိုတင်စီမံကယ်ဆယ်ရေး လုပ်ငန်းများ အထူးဆောင်ရွက်ပေးဖို့လိုပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင် လည်း တိမ်ကောသော ရေမြောင်းများ တူးဖော်ပေးမှုသည် အလွန်အားနည်းလျက်ရှိသည်အပြင် ကြိုတင်ကာကွယ်စီမံ ဆောင်ရွက် ထားမှုလည်း အားနည်းလျက်ရှိသည့်အတွက် စိုက်ပျိုးရေးဧရိယာများအား ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် မည့်သို့ စီမံနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးခေါင်မှုများကြုံတွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးခေါင်ဒဏ်ခံနိုင်သော သီးနှံမျိုးများ ဖော်ထုတ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးသည့်မြေအမျိုးအစားအလိုက် စိုက်ချိန်ပြောင်းလဲညှိနှိုင်း စိုက်ပျိုးခြင်း၊ သီးရောစိုက်ပျိုးခြင်း၊ သီးနှံနှင့် သစ်တော တွဲဖက်စိုက်ပျိုးခြင်း(Agro-forestry) စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ရှိ မိုးခေါင်နေသော  ဒေသများတွင် ဒေသနှင့် ကိုက်ညီသည့် သီးနှံပုံစံများကို ပြောင်းလဲစိုက်ပျိုးစေခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  အပူပိုင်းမိုးနည်းရပ်ဝန်းဒေသရှိ သမားရိုးကျ စိုက်ပျိုးနေသော သီးနှံများနေရာတွင် မိုးခေါင်ဒဏ်ခံနိုင်ပြီ ရေလိုအပ်မှုနည်းသည့် သီးနှံများ အစားထိုးစိုက်ပျိုးခြင်း၊ စီးပွားဖြစ်သီးနှံများ စိုက်ပျိုးခြင်း၊ သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်းစသည့် နည်းပညာများဖြင့် ပညာပေးဆောင်ရွက် လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် သဘာဝဘေးအန္တရာယ် နှစ်စဉ်ကျရောက်တတ်သော မြို့နယ်များတွင်လည်း  ဒေသနှင့်ကိုက်ညီသော အရန်မျိုးများ၊ အရန်ပျိုးများ ကြိုတင်ပြင်ဆင်ထားရှိရန်နှိုးဆော်ချက် များကိုလည်း နှစ်စဉ်ထုတ်ပြန်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေမှ ယခုအခါ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးနည်းဥပဒေကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ အရေးပေါ်စိုက်ပျိုးရေးသီးနှံမျိုးစေ့လိုအပ်ချက်နှင့် အရေးပေါ် အကူအညီနှင့် ရန်ပုံငွေ လိုအပ်ချက်များကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနအနေနှင့် နိုင်ငံတော်သမ္မတ၏ အရေးပေါ်သီးသန့်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

စက်မှုလယ်ယာစနစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ယခင်အစိုးရလက်ထက်က ထွန်စက်ကြီး ၈၉၇၂ စီး၊ လက်တွန်း ထွန်စက် ၁၇၃၁၃၂ စီးသာလျှင် အသုံးပြုခဲ့ရာမှ  ယခုနှစ် မေလကုန်အထိ ထွန်စက်ကြီး ၁၂၀၉၁ စီး၊ လက်တွန်းထွန်စက် ၂၅၉၄၂၄ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၆၈၃ စီးအထိ တိုးတက်သုံးစွဲလာနိုင်ပြီဖြစ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီဆုံးရှုံးခြင်းမှ ကျော်လွှားနိုင်ရန်နှင့် အချိန်မီထွန်ယက်စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက် သမရိုးကျလယ်ယာမြေများအား စက်မှုလယ်ယာ စနစ် လယ်ယာမြေများအဖြစ်ကို ပြုပြင်ပြောင်းလဲ ဖော်ထုတ်ပေးလျက်ရှိရာမှာ  ယနေ့အထိ ဧက ၅၁၂၈၄ ဧကကျော် ဖော်ထုတ်ခဲ့ပြီးဖြစ်၍ ဆက်လက်အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမှာဖြစ် ပါကြောင်း၊

မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိမ်ကောနေသော ချောင်း၊မြောင်းများအား နှစ်စဉ်တူးဖော်ပေးလျက်ရှိရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ချောင်းကော၊ မြောင်းကော ၃၂၃ ခု၊ တာတမံ ၃၂ ခု၊ ပဲခူး-စစ်တောင်းတူးမြောင်းကြီး အဆင့်မြှင့်တင်ခြင်း၊ ရေထိန်းတံခါး ၇ ခုနှင့်ရေငန်တားတာတမံများ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးသကဲ့သို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ တိုင်းဒေသကြီးများ တွင် ချောင်းကော၊ မြောင်းကော ၃၄၅ ခု၊ တာတမံများ၊ ရေထိန်းတံခါးများ ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို လျာထားချက်များထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ပြင် အောက်မြန်မာပြည် ရေကြီးနစ်မြုပ်မှုလျော့နည်းစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးကာကွယ်ရေး တာ ၈၇ ခု၊ အလျား ၁၂၂၂ မိုင်ခန့်နှင့် အောက်မြန်မာပြည် ဆန်စပါးဖွံ့ဖြိုးမှုတိုးတက်စီမံကိန်း Ferry(1)၊ Ferry(2)တို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်နိုင်ခဲ့သော ရေငန်တားတမံ ၂၂ ခု အပါအဝင် စုစုပေါင်းရေငန်တားတမံ ၁၀၇ ခု၊ အလျားမိုင် ၁၀၀၀ ကျော်ခန့်ကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းကြောင့်ပျက်စီးခဲ့သော ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေငန်တားတမံ ၄၁ ခု အခိုင်အမာပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ၂၀၀၈-၀၉ ခုနှစ်မှဆောင်ရွက်ခဲ့ရာမှာ ၂၀၁၃-၁၄ ခုနှစ်ထိ ရန်ပုံငွေကျပ်သန်းပေါင်း ၇၉၉၄ ဖြင့် အလျား ၄၉၅ မိုင်ခန့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၄-၁၅ ခုနှစ်တွင် ရရှိသော ရန်ပုံငွေကျပ် ၁၈၀၁ သန်းနှင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

မိုးရာသီတွင် ရေကြီးနစ်မြုပ်သော မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ချောင်းကော၊ မြောင်းကောများ နှစ်စဉ်တူး‌ဖော်‌ပေးလျက်ရှိရာတွင် ၂၀၁၃-၁၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေကြီးတို့တွင် ရေနုတ်မြောင်း ၇၃ ခု၊ တာတမံ ၃၂ ခု၊ ရေငန်တားတာတမံ များပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ ဒေသများတွင် ချောင်းကော မြောင်းကော ၃၄၅ ခု၊ တာတမံများ၊ ရေထိန်းတံခါးများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရန် ဆည်တမံများနှင့် ဆည်ရေသောက်စနစ်များ၊ ဆည်ကန်ငယ်များ ပြုပြင်ပေးခြင်းကို လည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ၂၀၁၃-၁၄ ခုနှစ်အထိ စစ်ကိုင်းတိုင်းအတွင်း ကင်းတပ်လက်ဝဲ တူးမြောင်း၊ ကာဘိုးရေလွှဲဆည် ဆည်ရေသောက်စနစ်များ ပြုပြင်ပေးခြင်းအပြင် ချောင်းပိတ် ချောင်းပိတ်(၃၁)ခု ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မကွေးတိုင်းဒေသကြီးတွင် အိုင်းမဆည်၊ မဲဇလီ ဆည်၊ ဆဒ္ဒါန်ဆည်၊ ဘွက်ကြီးဆည်နှင့် လင်းဇင်းဆည် ရေသောက်စနစ်များ၊ ဆည်ကန်ငယ်များပြုပြင် ပေးခြင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကင်းတားဆည်၊ ဇော်ဂျီဆည်၊ သစ်တက်ကုန်းဆည်၊ ဆည်တော်ကြီးဆည်၊ မိတ္ထီလာကန်၊ စမုံရေထိန်းတမံ၊ ချောင်းမကြီးရေလှောင်တမံ၊ ဆည်ငယ်ကန်ငယ် ၄၂၂ ခုနှင့် ဇဂျမ်း-ကန်မြဲကန်၊ ထီးလှိုင်ကန် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနအနေဖြင့်လည်း မြေအောက်ရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးရေတွင်းပေါင်း ၁၂၂၆၆ တွင်းအား တူးဖော်ပေးခဲ့ပြီးဖြစ်ပါကြောင့်၊ သို့ဖြစ်ပါ၍ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ ရာသီဥတု ပြောင်းလဲမှု ဒဏ်ကိုမခံရစေရန်အတွက် သက်ဆိုင်ရာတောင်သူများအား ပညာပေး ဆောင်ရွက်လျက် ရှိပါ ကြာင်း ပြန်လည်ဖြေကြားပါသည်။