Skip to main content

မိမိတို့ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပဲခူးအနောကရှိ တောင်နဝင်းဆည်၊ မြောက်နဝင်းဆည် စီမံကိန်းများ၊ ဝဲကြီး၊ တောင်ညိုဆည်များကိုပါ ပြန်လည်ပြုပြင်ပေးခြင်း၊ ရေကြီးရေနစ်မှု၊ ချောင်းမြောင်းခ တူးဖော်မှုများတွင် နိုင်ငံတော် အစိုးရကနေပြီး ငွေကုန်ကြေးကျခံကာ တောင်သူလယ်သမားများ အကျိုးအတွက် ဆောင် ရွက်ပေးခြင်းများအတွက်  တောင်သူလယ်သမားများဟာ ဝမ်းသာခဲ့ကြပါကြောင်း။ သို့သော် သဲကုန်းမြို့နယ်တွင် ယခင်ကရှိခဲ့သော စိုက်ပျိုးမွေးမြူရေး အထက် တန်းကျောင်းကို ပြန်လည် ဖွင့်လှစ်ပေးမည် ဆိုပါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ကြမည့် မျိုးဆက်သစ် တောင်သူလယ်သမား လူငယ်များ အတွက် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ ကိုယ်စားပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် ယခင်က ဖွင့်လှစ်ထားရှိခဲ့သော  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းကို ယခုအခါ ပြန်လည်ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။


သဲကုန်းမြို့နယ်၊ စိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်းကို ပညာရေးဝန်ကြီးဌာနမှ ၁-၆-၁၉၆၅တွင်  စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ၁-၁-၁၉၉၇တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာနအောက်ကို လွှဲပြောင်းကာ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းအဖြစ်  ဆက်လက် ဖွင့်လှစ်ခဲ့ပါကြောင်း၊  ၁-၆-၁၉၉၇တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးသုတေသနဌာနခွဲကို စိုက်ပျိုးရေး သုတေသနခြံအဖြစ် လွှဲပြောင်းဆောင်ရွက်ခဲ့ပြီး ၂၇-၁-၂၀၀၄ နေ့ရက်မှ ယနေ့ထိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဒေသသုတေသနခြံအဖြစ် သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊  သဲကုန်း စိုက်ပျိုးရေးသုတေသနခြံဟာ ၃၁.၇၃ ဧက ကျယ်ဝန်းပြီး စိုက်ပျိုးနိုင်သောဧရိယာ ၁၃.၅၀ ဧကပေါ်တွင်  မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ ရေငတ်ခံစပါးများ တောင်သူအဆင့် အထွက်ယှဉ်ပြိုင်ခြင်း၊ စပ်မျိုးစပါးများ  အထွက်ယှဉ်ပြိုင် ခြင်း၊ သီးနှံစိုက်စနစ် စမ်းသပ်ကွက် ဘက်တီးရီးယားရွက်ခြောက်ရောဂါ ခံနိုင်ရည်ရှိမျိုးများ သရုပ်ပြ စမ်းသပ်ခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် GAP နှင့် သမရိုးကျကောက်စိုက် နည်းစနစ် နှိုင်းယှဉ်ခြင်း၊ ဓာတုပိုးသတ်ဆေးများ၏ စပါးဆစ်ပိုး၊ ဖြုတ်ပိုး၊ ကြက်သွန်မြိတ်ပိုးများအပေါ်မှာ အကျိုး သက်ရောက်မှုစမ်းသပ်ခြင်း၊ ဗီဇတည်ငြိမ် မတ်ပဲလိုင်းများ မျိုးထိန်းစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊

သဲကုန်းသုတေသနခြံသည် ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းအတွက် ဒေသအလိုက်အထွက် နှုန်းနှင့် အရည်အသွေးကောင်းမွန်သော သီးနှံမျိုးကောင်းမျိုးသန့်များနှင့် မျိုးသစ်များ မွေးမြူထုတ်လုပ်ပေးရေးအတွက် အထောက်အကူပြုခြင်း၊ သီးနှံမျိုးအလိုက် အကျိုးအမြတ် အများဆုံးရရှိစေနိုင်မည့် စိုက်ပျိုးနည်းစနစ်နှင့် သီးနှံပုံစံများကို ဖော်ထုတ်ပေးနိုင်ခြင်း၊ မျိုးသန့်အဆင့်ဆင့်ပွား များ၍ ဖြန့်ဝေပေးနိုင်ခြင်းနှင့် ဒေသ တွင်းရှိသော စိုက်ပျိုးရေးဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နေသော အကျိုးပြု စိုက်ပျိုးရေးသုတေသနခြံ တစ်ခြံ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာနအောက်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်း (၉)ခု၊ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြစ်ကြီးနား၊ ဘားအံနှင့် ဒီမောဆိုမြို့နယ်များတွင် ၂၀၁၄ ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  စိုက်ပျိုးသုတေသနဦးစီးဌာနပိုင် သဲကုန်းစိုက်ပျိုးရေး သုတေသနခြံသည် ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းရှိ တောင်သူများအတွက် အကျိုးပြုနေသော ခြံတစ်ခြံဖြစ်ခြင်း၊ လက်ရှိ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ်တွင် သာယာဝတီစိုက်ပျိုးရေး သိပ္ပံကျောင်းလက်ရှိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိခြင်းတို့ကြောင့် သဲကုန်းစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း အား ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။