Skip to main content

မိသားစုလယ်ယာစနစ်မှ မိသားစုစက်မှုလယ်ယာစနစ်သို့ ရောက်ရှိစေပြီး ထိုမှတစ်ဆင့် လူမှုစီးပွားရေး အခြေခံမှုကို မူတည်၍ တစ်နိုင်ငံလုံး စက်မှုလယ်ယာစနစ်ကို ကူးပြောင်းခြင်းသည် သဘာဝကျသော ကူးပြောင်း ခြင်းစနစ်ဖြစ်ပါကြောင်း၊ ထိုသို့ ကူးပြောင်းနိုင်ရန်အတွက် မြေယာအသုံးချခွင့်အခွင့်အရေး ခိုင်မာတည်ငြိမ်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ - ၇ ကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်လည်း အထူးလိုအပ်ပါသည်။ မြို့ရွာအနှံတောင်သူ ပညာပေးစိုက်ခင်းများ အဆင့်မြှင့်မျိုးစပါး စိုက်ကွက်များကို တွေ့ရှိနေရသည်မှာ အားရစရာကောင်းလှပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူပညာပေး စံပြစိုက်ကွက်ဧကများ သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မည်မျှရှိ၍ ၎င်း စိုက်ခင်းများအတွက် ကုန်ကျစရိတ်များသည် မည်မျှရှိသည်ကို မည်သည့်ဘတ်ဂျတ်စာရင်းမှ သုံးစွဲပြီး ထွက်ရှိလာသော အဆင်‌့မြှင့်အထွက်တိုး စပါးများကို မည်ကဲ့သို့ ဖြန့်ဖြူးသည်နှင့် ထိုစပါးများကို စိုက်ပျိုး၍ဖြစ်ထွန်းလာသော စပါးများကို စိုက်ပျိုးသူများအား တွက်ခြေကိုက်သောနှုန်းထားဖြင့် အဝယ်ဒိုင်များဖွင်‌့လှစ် ဝယ်ရန်အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးခြင်းလုပ်ငန်းကို (၁-၁-၂၀၁၃) နှင့် (၁-၁-၂၀၁၄) ရက်နေ့မှ စ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စတင်ဆောင်ရွက်ခဲ့ရာမှာ ၃၀-၆-၂၀၁၄ ရက်နေ့အထိ ပထမဦးစားပေး ဆောင်ရွက်မှုအတွက် ၉၉.၇ ရာခိုင်နှုန်း၊ ဒုတိယဦးစားပေးဆောင်ရွက်မှုအတွက်  ၂၁.၁၉ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၆.၀၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေနှင့် သမားရိုးကျလယ်ယာမြေများအား စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ပေးခဲ့ရာ ၂၀၁၄-၂၀၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် မေလကုန်အထိ ဌာနအစီအစဉ်ဖြင့် ၃၂၈၅၆.၄၃ ဧက၊ အဖွဲ့အစည်းကုမ္ပဏီ တောင်သူများအစီအစဉ်ဖြင့်  ၁၈၄၂၇.၉၃ ဧက စုစုပေါင်း ၅၁၂၈၄.၃၆ ဧက ဖော်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သမားရိုးကျလက်မှုလယ်ယာစနစ်မှ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲ၍ စက်မှုလယ်ယာစနစ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၀-၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန် ထွန်စက်ကြီး ၈၉၇၂ စီး၊ လက်တွန်းထွန်စက် ၁၇၃၁၃၂ စီး၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၊ မေလကုန် ထွန်စက်ကြီး ၁၂၀၉၁ စီး၊ လက်တွန်းထွန်စက် ၂၅၉၄၂၄ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၆၈၃ စီးထိ တိုးတက်သုံးစွဲလာနိုင်ပြီး ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ၂၀၁၃-၁၄ ခုနှစ် မိုးရာသီ ဧက ၅၀-၁၀၀ တောင်သူပညာပေးစိုက်ခင်းများကို မြို့နယ်ပေါင်း ၂၇၀ ဧကပေါင်း  ၂၈၆၄၃ ဧကနှင့် မိုးစပါး  ၁၀ ဧက စံပြစိုက်ခင်းများကို မြို့နယ်ပေါင်း ၃၀၀  ၆၈၁၅၁၆၈ ဧက စိုက်ပျိုးပြသလေ့ကျင့်ပညာပေးပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ နွေစပါးရာသီတွင်လည်း ဧက ၅၀-၁၀၀ တောင်သူပညာပေးစိုက်ခင်းများကို မြို့နယ်ပေါင်း ၁၆၈ မြို့နယ်တွင် ၁၂၅၁၂ ဧကနှင့် နွေစပါး  ၁၀ ဧက စံပြကွက်များအား မြို့နယ်ပေါင်း ၁၇၉ မြို့နယ်တွင် ၄၆၉၃ ဧက ပြသဆောင်ရွက်ပေးခဲ့ပြီး  ၂၀၁၃-၁၄ ခုနှစ်တွင် တောင်သူပညာပေးစိုက်ခင်း ၁၀ ဧကစံပြကွက်များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စုစုပေါင်း  ၅၂၆၇၂ ဧက တောင်သူများကို စိုက်ပျိုးပြသပညာပေးခဲ့ပါကြောင်း၊

မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် အထူးအထွက်တိုး စပ်မျိုးစပါးများ၊ အထွက်ကောင်း မျိုးသန့်များကို ဌာနပိုင်ခြံများမှလည်းကောင်း၊ အကျိုးဆောင်တောင်သူများ၏ စိုက်ခင်းများမှလည်းကောင်း၊ Great Wall, Top Partner, Big-M, deVGen, မြတ်အိန္ဒြေ နှင့် New Ayar ကဲ့ဲ့သို့သော ပုဂ္ဂလိက စိုက်ပျိုးရေး ကုမ္ပဏီများမှ မျိုးစေ့ထုတ် စိုက်ခင်းများမှလည်းကောင်း ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် မျိုးစေ့ထုတ်လုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊

၂၀၁၃-၁၄ ခုနှစ် ပုလဲသွယ်စပါးစပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ခြင်းကို ၁၃၃၂ ဧက ဆောင်ရွက်ခဲ့ပြီး ဌာနမှ ၇၈၁ ဧက၊ ပုဂ္ဂလိကစိုက်ပျိုးရေး ကုမ္ပဏီများမှ ၅၅၁ ဧက၊ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဧကပေါင်း၊ တင်းပေါင်း ၁၄၀၀၀၀ ကျော်အား မျိုးများဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ မျိုးစေ့ထုတ်လုပ်ငန်းများကို ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိသော်လည်း ပညာရှင်မလုံလောက်သဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ ကူညီပေးလျက်ရှိပါကြောင်း၊

ဒေသရေ‌ွမေနှင့်ကိုက်ညီတဲ့ အထွက်ကောင်းမျိုးကောင်းမျိုးသန့်များကို ပုဂ္ဂလိကစိုက်ပျိုးရေးကုမ္ပဏီများနှင့် ပူးပေါင်းပြီး စုစုပေါင်း ၈၇၁၆၈ ဧက၊ စိုက်ပျိုးထုတ်လုပ်ခဲ့၍ မျိုးသန့်စပါးမျိုးများအဖြစ် တင်ပေါင်း ၇၁၇၄၁၁၈ တင်း၊ စုစုပေါင်း ဧကပေါင်း ၄၇၀၀၀၀၀ ကျော်ကို တစ်နိုင်ငံလုံးတောင်သူများကို ဖြန့်ဖြူးပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်များကို တောင်သူများ၏ လိုအပ်ချက် (Market Demand)အရ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊

စိုက်ပျိုး၍ထွက်ရှိလာသည့် စပါးများကို နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ် မူဝါဒအကောင်အထည် ဖော်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူရန် အစီအစဉ်မရှိပါကြောင်း၊ တောင်သူ လယ်သမားများ ဈေးနှုန်းမှန်ကန်စွာရရှိရေးအတွက် ဆန်စပါးရောင်း ဝယ်သောကုမ္ပဏီများက ရိတ်ပြီးပြီးချင်း စပါး(အစို) တင်း (၁၀၀) လျှင် ကျပ် ၄၂၀၀၀၀/-နှင့် အထက် ဈေးပေး၍ ဝယ်ယူလျှက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။