Skip to main content

ဆီဆိုင်မြို့နယ် မြေစာရင်းရုံး အဆောက်အဦးသည် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်တွင် ရန်ပုံငွေအနည်းငယ်ဖြင့် တည်ဆောက်ထားခြင်းကြောင့် ယခုအခါ အဆောက်အဦသည်ခိုင်ခံ့မှုမရှိဘဲ ရုံးအဆောက်အဦ အင်္ဂါရပ် အရ ဟောင်းနွမ်းနေပြီး ရုံးနေရာကျဉ်းမြောင်း၍ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ ရုံးအဆောက်အဦဆောက်လုပ်ထားသည့် မြေနေရာသည် နိမ့်ပြီး မိုးများရွာသွန်းလျှင် ရုံးအဆောက်အဦ၏ အောက်ထပ်အထိ ရေမြောင်းမှရေဆိုးများ ဝင်ရောက်လျက်ရှိပါကြောင်း၊ စာရင်းမြေပုံ မှတ်တမ်းများ လယ်ယာမြေလုပ်ပိုင်ခွင့် အမှုတွဲများထိန်းသိမ်းရန် လွန်စွာခက်ခဲပြီး ‌ရွှေ့ပြောင်းရသည့်အပြင် အဆောက်အဦလုံခြုံမှု မရှိ၍ ဆီဆိုင်မြို့နယ်အား ခေတ်နှင့်လျော်ညီသော မြေစာရင်းဦးစီးဌာနရုံး အဆောက်အဦ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စီစဉ်ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးဝင်းကို (ဆီဆိုင် မဲဆန္ဒနယ်) ကိုယ်စား ဦးခွန်သိန်းဖေ (ဟိုပုန်း မဲဆန္ဒနယ်) မှ မေးမြန်းပါသည်


 

ဆီဆိုင်မြို့နယ် မြေစာရင်းဦးစီးဌာနရုံး ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ အကွက်အမှတ် (၃) မြကန်သာမြောက်ကွင်း၊ ဦးပိုင်အမှတ်(၁၄)၊ ဧရိယာ ဝ.၁၃၀ ဧကရှိ ဌာနပိုင်အမည်ပေါက် နှစ် ၃၀ ဂရန်ရရှိပြီးမြေပေါ်တွင် ၃၆ ပေ၊ ၂၆ ပေနှင့် ၁၈ ပေအကျယ်၊ သွပ်မိုး၊ အောက်ထပ်အုပ်ညှပ်၊ အပေါ်ထပ်ပျဉ်ကာ နှစ်ထပ်အဆောက်အဦဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်မည့် အခြေအနေရှိသော အဆောက်အဦဖြစ်ပါကြောင်း၊ ဆီဆိုင် မြို့နယ်မြေစာရင်း ဦးစီးဌာနတွင် လက်ရှိဝန်ထမ်း အင်အား ၂၂ ဦးဖြင့် ရုံးလုပ်ငန်း၊ ကွင်းဆင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ လုပ်ငန်းသဘောသဘာဝအရ ကွင်းဆင်း၍ သီးနှံစာရင်းဇယားများ ကောက်ယူစာရင်းပြုစု တင်ပြရသဖြင့် ဝန်ထမ်းအားလုံး အချိန်ပြည့်ရုံး တက်ရောက်ဆောင် ရွက်မှု မရှိသဖြင့် လက်ရှိဖွင်‌့လှစ်ထားသော နှစ်ထပ်ရုံး အဆောက်အဦတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရပါသည်။

ဆီဆိုင်မြို့နယ် မြေစာရင်းရုံးအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရုံးပြုပြင်ရန်အတွက် ငွေကျပ် ၁.၆ သန်း တောင်းခံလာမှုအပေါ်တွင်လည်း ခွင့်ပြုစိစစ်ပြီးဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ် မြေစာရင်း ရုံးသည် မြေနိမ့် ပိုင်းတွင် တည်ရှိပြီး ရေနုတ်မြောင်းကောင်းမွန်မှုမရှိ၍ ရုံးခြံဝန်းအတွင်း ရေဝင်ရောက်လေ့ရှိပြီး၊ ရေနုတ်မြောင်းစနစ်ကောင်းမွန်ပါက အခက်အခဲများ မရှိနိုင်ပါကြောင်း၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနအနေဖြင့် ဌာနပိုင်ရုံးအဆောက်အဦ တည်ဆောက်ခြင်းမရှိသည့် မြို့နယ်ရုံး ၃၁ ရုံး၊ မြို့နယ်ရုံးခွဲ ၃၁ ရုံးအား ဦးစားပေးအစီအစဉ်ဖြင့် ရုံးအဆောက်အဦများ ဆောက်လုပ်အသုံးပြုနိုင်ရေးအတွက် ကာလတို ၅ နှစ် စီမံကိန်းများရေး ဆွဲပြီး ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ် ဆောင်ရွက်လျက်ရှိပါသဖြင့်၊ ဌာနပိုင်အဆောက်အဦ ရှိပြီးဖြစ်သည့် ရုံးများအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဌာနပိုင်ရုံးအဆောက်အဦ မရှိသေးသည့်ရုံးများ လိုအပ်ချက်ပြည့်စုံမှသာလျင် ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး နှစ်ကာလကြာမြင့်သော ရုံအဆောက်အဦများအား ဦးစားပေး၍ ပြင်ဆင်မွမ်းမံ ဆောက်လုပ်ခြင်းများ ဆက်လက်စီမံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။