Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၏ မြို့နယ်အားကစားကွင်းကို ၁၉၉၆-၁၉၉၇ ခုနှစ် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ပြီး မြို့နယ်ဒေသခံများ၏အင်အားဖြင့် ကွင်းနံရံလေးဖက် အုတ်စည်းရိုးကာရံခြင်း၊ ပွဲကြည့်စဉ်တစ်ခု ပြုလုပ်ခြင်း၊ ကွင်းပြင်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်းစသည် တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများ၊ အထိမ်းအမှတ်နေ့ အားကစားပြိုင်ပွဲများ၊ နှစ်စဉ် ကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ကာလကြာမြင့်လာမှုကြောင့် ကွင်းနံရံ အုတ်စည်းရိုးများ ပြိုကျပျက်စီးခြင်း၊ ပွဲကြည်စဉ်ပျက်စီးခြင်းနှင့် ကွင်းမြေပြင်များ ပျက်စီးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကန်ကြီးထောင့်မြို့နယ်၏ မြို့နယ်ဘောလုံးကွင်းကို ပြန်လည်ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးရေး၊ ပြုပြင်မွမ်းမံပေးရေးလုပ်ငန်းများကို ဦးစားပေးမြို့နယ်များအလိုက် သတ်မှတ်ရေးကို အားကစားဝန်ကြီးဌာနအနေဖြင့် အခြေခံမူများချမှတ်ပြီး ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်ပေးလိုပါကြောင်း၊ မြို့နယ်အားကစားကွင်း/ အားကစားရုံ တည်ဆောက်ရန် လုံလောက်သော မြေဧရိယာအကျယ်အဝန်းရှိ/မရှိနှင့် တရားဝင်မြေပိုင်ဆိုင်မှုရှိ/မရှိ၊ မြေယာပြဿနာများ ကင်းရှင်းမှုရှိ/မရှိ၊ လက်ရှိ အားကစားကွင်း/အားကစားရုံတွင် အားကစားသမားများ နေ့စဉ်လာရောက်လေ့ကျင့်ယှဉ်ပြိုင်မှု ရှိ/မရှိ၊  လအလိုက်အသုံးပြုသော အကြိမ်အရေအတွက်နှင့် အားကစားသမား၏ အင်အားအခြေအနေ၊ မြို့နယ်အတွင်း အားကစားပြိုင် ပွဲကျင်းပပေးနိုင်မှုရှိ/မရှိနှင့် ပါဝင်ယှဉ်ပြိုင်သည့် အရေအတွက်၊ မြို့နယ်ပြင်ပ အားကစားပြိုင်ပွဲများ တိုင်းအဆင့်/ပြည်နယ်အဆင့်/ခရိုင်အဆင့်များသို့ မြို့နယ်မှစေလွှတ်နိုင်ခွင့်ရှိ/မရှိ၊ ဒေသခံပြည်သူများအားကစားကို စိတ်ပါဝင်စားအားပေးမှုနှင့် လေ့ကျင့်ရေး၊ ယှဉ်ပြိုင်ရေးကိစ္စများအတွက် မြို့မိမြို့ဖများ၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ငွေကြေးဘဏ္ဍာရေးဆိုင်ရာများ ထောက်ပံ့ပေးနိုင်မှုအခြေအနေ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများသို့ လည်းကောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ သို့လည်းကောင်း၊ မြို့နယ်မှ သွေးသစ်အားကစား သမားများ ဖြည့်တင်းပေးနိုင်မှု အခြေအနေနှင့် မြန်မာ့ပြေးခုန်ပစ် အားကစားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြေးခုန်ပစ် အားကစားသမားကောင်းများ ပေါ်ထွက်ရေးကို မြို့နယ်များမှ အထောက်အကူပြုနိုင်မှု ဆောင်ရွက်နိုင်မှုအခြေအနေများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြပါအချက်များနှင့်အညီ အများဆုံးကိုက်ညီသော မြို့နယ်များကို ဦးစားပေး အဆင့်အလိုက် အားကစားကွင်း၊ အားကစားရုံများကို ပြုပြင်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာကော်မတီ ၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေတွင် ကန်ကြီးထောင့်မြို့နယ် အားကစားခန်းမအသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၂၁၇၅ သိန်းကျော် ခွင့်ပြုပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင်‌့မြို့နယ် ဘောလုံးအားကစား ကွင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် အဆိုပြုထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။