Skip to main content

ကယားပြည်နယ်ရှိ ကျောင်းသူ/ကျောင်းသားများသည် ပင်ကိုယ်အရည်အသွေးများရှိကြပြီး အားကစားလိုက်စားမှုတွင် စိတ်ပါဝင်စားမှုရှိကြပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ များစွာပေါ်ထွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများကို ကြည့်မည်ဆိုပါက အမှန်တိုင်းဒေသကြီးဆုကြီးကို ဆွတ်ခူးနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဆီးဂိမ်းပြိုင်ပွဲများတွင်လည်း ပြည်နယ်အဆင့်၌ ပထမနေရာကို ယူထားပြီး တိုင်းဒေသကြီး/ ပြည်နယ်များပွဲတွင် ပဉ္စမနေရာတွင် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ကယားပြည်နယ် ဂုဏ်ဆောင် အားကစားသမားများမှ နိုင်ငံတော်အတွက် ရွှေ ခုနစ်ခု၊ ငွေ နှစ်ခု၊ ကြေး ၁၂ ခု ရယူပေးနိုင်ခဲ့ပြီး နိုင်ငံတော်ဂုဏ်ကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများကျင်းပရာတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပသော တိုက်ကွမ်ဒိုပြိုင်ပွဲ၌ ရွှေ ၂၀ ခုချီးမြှင့်ရာ ကယားပြည်နယ်မှ ရွှေ ၁၀ ခုရယူခဲ့ပြီး ပထမဒိုင်းဆုကြီးကို ရယူနိုင်ခဲ့ပါကြောင်း၊ ၎င်းပြိုင်ပွဲများနှင့်အတူ ပြည်နယ်ကွင်းပြိုင်ပွဲများအဖြစ် ခရာတေးဒို၊ ဘောလီဘော၊ ဘောလုံးနှင့် မီနီမာရသွန်ပြိုင်ပွဲများ၊ ကျင်းပပေးခဲ့ရာတွင် အားကစားသမား ၂၅၀ ဦး၊ မီနီမာရသွန်ပြိုင်ပွဲတွင် အားကစားသမား ၂၆၅ ဦး ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ အားကစားလူငယ်မောင်မယ်များ များစွာပေါ်ထွက်လျက်ရှိရာ ထူးချွန်ထက်မြက်သော နည်းပြများလည်း ပေါ်ထွက်လာပြီး အားကစားဝန်ကြီးဌာနအောက်ရှိ မြို့နယ်အသီးသီးတွင် တာဝန်များထမ်းဆောင်လျက်ရှိနေပါကြောင်း၊ အားကစားကွင်းမီဒီယာ သင်တန်းသားများအတွက် အဆောက်အဦမြေနေရာများ၊ အလုံအလောက်ရှိပြီး လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အားကစားစွမ်းရည်မြင့်မားရေး၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင် ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ကယားပြည်နယ်တွင် အားကစားအရင်းအမြစ်ဖြစ်သော အားကစားသိပ္ပံကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ပါရန် နိုင်ငံတော်မှ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုရရှိရေးအတွက် အခြေခံအရင်းအမြစ်ဖြစ်သော လူငယ်/လူရွယ် အားကစားသမားများ ပြုစုပျိုးထောင်ရေး လုပ်ငန်းဖြစ်သော အားကစားနှင့် ပညာရေးပေါင်းစပ်၊ အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးနိုင်ရေး အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်   ၉-၆-၂၀၁၄ ရက်နေ့၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအား ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်ရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိပြီးနောက် တည်ဆောက်ရေးလုပ် ငန်းများကို ဆောင်ရွက် လျက်ရှိရာ စုစုပေါင်း ပြီးစီးမှုရာခိုင်နှုန်း ၉၁.၇၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အဦ တည်ဆောက်ရေးလုပ် ငန်းများ ပြီးစီးရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တောင်ကြီးမှာရှိတဲ့ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်ပြီးပါက ရှမ်းပြည်နယ်သာမက ကယားပြည်နယ်အတွင်းရှိ လူငယ်လူရွယ်အားကစားသမားစုစုပေါင်း ၁၅၀ ကို စိစစ်ရွေးချယ်ပြီး သင်တန်းများ စတင်ဖွင့်လှစ်လေ့ကျင့် သင်ကြား ပေးမည်ဖြစ်ပါကြောင်း။      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြီးစီးခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲအဖြစ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲကို ကျင်းပရာတွင် ကယားပြည်နယ်အသင်းက တံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးနိုင်ခဲ့ပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ မျိုးဆက်သစ်အားကစားသမားများ၊ ထူးချွန်သော အားကစားသမား များပေါ်ထွက်ရေး အတွက် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လူဦးရေနှင့် မြို့နယ်များသော အထက်မြန်မာပြည် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာနှင့် အောက်မြန်မာပြည်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့များတွင် အားကစားသိပ္ပံကျောင်း ဖွင့်လှစ်ပေးနိုင်ရေး လျာထားခဲ့ပြီး ဖြစ်ပါကြောင်း၊   သို့ဖြစ်ပါ၍ ကယားပြည်နယ်၊ လွိုင်ကော်တွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန် လျာထားခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဦးစားပေးအစီအစဉ်အလိုက် ထည့်သွင်း လျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။