Skip to main content

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်ဝေမည်ဟုဆိုခဲ့သော ရွှေမြန်မာဂျာနယ်သည် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၌ ကျင်းပသော (၂၇)ကြိမ်မြောက် SEA Game ပွဲတော်ကြီးအမီ စီးပွားရေးလုပ်ငန်းရှင်များ၊ အစုအဖွဲ့အသင်းများ၊ ကုမ္ပဏီများနှင့် ဟိုတယ်များအတွက် အောင်မြင်မှုအထောက်အကူပြုရရှိစေရန် လမ်းညွှန်ကြော်ငြာများကိုပါ ထည့်သွင်း၍ အပတ်စဉ်ထုတ်ဝေ သွားမည်ဟု စီစဉ်ခဲ့ကြသည့်အတွက် ကြော်ငြာထည့်သွင်းဖော်ပြနိုင်ရန်အတွက် မန္တလေးမြို့မှ မူဆယ်၊ နမ့်ခမ်းအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်လုံးမှ စက်သုံးဆီဆိုင်များ၊ ပန့်ဆိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များက ငွေကြေးများ လာရောက်ကောက်ခံသွားသည်ဟု သိရှိခဲ့ပါကြောင်း၊ သို့သော် ဂျာနယ်ထွက်ရှိလာပါသော် လည်းငွေကြေးကောက်ခံခံခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းကြော်ငြာများကို ကြော်ငြာထုတ်ဝေခြင်းများ မပြုလုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် (က) စီးပွားရေးလုပ်ငန်းရှင်များ ထံမှကောက်ခံထားသော ငွေကြေး များကို ပြန်လည်ပေးအပ်ပါရန်အစီအစဉ်ရှိ/မရှိနှင့်  အစီအစဉ်မရှိပါက မည်သည့်ဖြစ်သည်၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပေးအပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေခွင့်ရရှိခဲ့သော ရွှေမြန်မာ ဂျာနယ်ထုတ်ဝေခြင်းကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်နှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဆိုင်ရာ သတင်းအချက်အလက်များ လွယ်ကူစွာဖော်ပြနိုင်သော ဂျာနယ်အဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ၍ ဆင်တဲဝစာပေတိုက်သို့ ၂၀၀၅ ခုနှစ် မေလမှစပြီး ဂျာနယ်ထုတ်ဝေခွင့် ငှားရမ်းဆောင်ရွက်ခဲ့ပါကြောင်း၊

ယခုဖြစ်စဉ်တွင်  အထောက်အထား ငွေလက်ခံပြေစာဖြင့်ဖော်ပြခဲ့သော ပန်းကမ္ဘာစက်သုံးဆီအရောင်းဆိုင်ထံမှ ရွှေမြန်မာဂျာနယ်ရုံးအဖွဲ့က ကြော်ငြာခကောက်ယူရရှိခဲ့ခြင်း မရှိပါကြောင်း၊ ပြေစာအတု၊ လက်မှတ်အတုတို့ဖြင့် လိမ်လည် ဆောင်ရွက်သွားခြင်းဖြစ်ပါကြောင်း၊ ပန်းကမ္ဘာစက်သုံးဆီအရောင်းဆိုင်မှ ဖုန်းဖြင့် အကြောင်းကြားသည့် အချိန်ကျရောက်မှသာ သိရှိရပါကြောင်း၊ ဂျာနယ်တိုက်မှလည်း မည်သူ မည်ဝါမှ ဆောင်ရွက်ခဲ့သည်ကို စုံစမ်းထုတ်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။ ဌာနမှဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် လည်း ဌာန၏ လိပ်စာသည်လည်း ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက လိပ်စာအဟောင်းဖြင့် ဖော်ပြထားခြင်း၊ လက်မှတ်ရေးထိုးပေးထားခဲ့သော ညွှန်ကြားရေးမှူး ဦးစိန်ဖိုးသည်လည်း ၂၀၀၉ ခုနှစ် သြဂုတ်လမှစတင် အငြိမ်းစားယူသွားပြီဖြစ်ခြင်းနှင့် ယခုတင်ပြပါ ကြော်ငြာ ကောက်ခံခဲ့သောပြေစာသည် ၂၀၁၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ဖြစ်ခြင်းကြောင့် ဂျာနယ်တိုက်မှ တင်ပြသကဲ့သို့ လိမ်လည်ဆောင်ရွက်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆပါကြောင်း၊ သို့ပါသော်လည်း သက်ဆိုင်ရာလုပ်ငန်းရှင်များ မနစ်နာစေရန်အတွက် ဂျာနယ်တိုက်မှ ၎င်းတို့အားဆက်သွယ်ပြီး အပတ်စဉ်ထုတ် ရွှေမြန်မာဂျာနယ်မှာ ပန်းကမ္ဘာစက်သုံးဆီ အရောင်း ဆိုင်ကြော်ငြာအား အစောဆုံးအပတ်စဉ်တွင် ကြော်ငြာထည့်သွင်းဆောင်ရွက်သွားရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း

နောင်တွင်လည်း အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရေးအတွက် ရွှေမြန်မာဂျာနယ်မှာ ကြော်ငြာထည့်သွင်းရမယ့် ဆင်တဲဝစာပေတိုက်၏ လိပ်စာနှင့်ဖုန်းနံပါတ်များအား ဂျာနယ်တွင်ဖော်ပြထားရှိပါကြောင်း၊ ကြော်ငြာထည့်သွင်းခြင်းနှင့် ကြော်ငြာ ခပေးချေခြင်းတို့အား ရွှေမြန်မာဂျာနယ်ရုံးချုပ်သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် နေ့စဉ်ထုတ်ကြေးမုံ သတင်းစာတွင်လည်း အများပြည်သူ သိရှိနိုင်ရေးကို ထပ်မံအသိပေးဖော်ပြ သွားရန်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။