Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မြို့မှ ရန်ကုန်-မန္တလေးလမ်းမကြီး မိုင်တိုင် ၂ မိုင် (၂/ဝ) မိုင်တွင် ဘာလားချောင်းတစ်ခုတည်ရှိပါကြောင်း၊ ယခင်က ဘာလားချောင်သည် ပေ ၂၀၀ မှ ၃၀၀ အထိ ကျယ်ပြန့်ပြီး ယခုအချိန်တွင် ဘာလားချောင်းမှာ ကောလာခြင်း၊ ချောင်းဝပေါ်တွင် ငါးကန်များကျူးကျော်ခြင်းကြောင့် ဘာလားချောင်းတစ်လျှောက် အချို့နေရာများသည် ပေ ၅၀၊ ၆၀ ခန့်သာ ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီး တစ်လျှောက်ရှိ အချို့ရွာများတွင် နှစ်စဉ် ရေကြီးလျက်ရှိပါကြောင်း၊ ထို့အပြင် ငမိုးရိပ်ဆည်ကနေပြီး လွယ်ခွေကျေးရွာအနီး တံခွန်တိုင် ရေစစ်ကန်ကိုလည်း သဘာဝရေစစ်နည်းဖြင့် Natural Filter အဖြစ် အသုံးပြုသော ချောင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာလားချောင်းတစ်လျှောက် သောင် များဖြစ်သော နေရာများအား တူးပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် တူးပေးမည်နှင့် ကျူးကျော်၍ ငါးကန်များ တူးထားခြင်းရှိသည့်အတွက် ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ဖယ်ရှားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဘာလားချောင်းတစ်လျှောက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် အမှတ်(၁)လမ်းတံတားမှ မြို့ပတ်လမ်းတံတား၊ အောင်တံခွန်တံတားမှ ရွှေနံသာတံတား၊ ဗောဓိတစ်ထောင်တံတားမှ ဇေကမ္ဘာ လမ်းတံတား၊ ဆင်ဖုံရေတံခါးမှ ငမိုးရိပ်ချောင်းအပိုင်းတို့အား နုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိခဲ့သည့်အတွက် ၂၀၁၃-၂၀၁၄ မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ သက်သာသွားခဲ့ပါကြောင်း၊ ထို့အပြင် ဆင်ဖုံရေတံခါး၏အထွက် မြောင်း သဲနုန်းတူးဖော်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ထားရှိခဲ့ပါကြောင်း၊ တူးဖော်ရန် ကျန်ရှိသည့်အပိုင်းများကို တိုင်းဒေသသကြီး ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဘာလားချောင်းတစ်လျှောက် ဆက်လက်တူးဖော်ပါက ကျူးကျော်ငါးကန်များမှာ ချောင်းဧရိယာအတွင်း ပါဝင်သွားပါ၍ အလိုအလျောက် ရှင်းလင်းပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။