Skip to main content

မိမိတို့နိုင်ငံ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသော မိဘပြည်သူများအနေဖြင့် ကျေးလက်ဒေသတွင် အများအပြားနေထိုင်လျက်ရှိကြပါကြောင်း၊ ကျေးလက်ဒေသရှိ မိဘပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင် ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိလာခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနှင့်ပြည်နယ် အဆင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများကို ဝန်ထမ်းဖွဲ့စည်းပုံ အပြည့်အဝမဟုတ်သေးသော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တစ်စိတ်တစ်ပိုင်းခန့်ထားပေးပြီး ဒေသအလိုက် ဘဏ္ဍာငွေများ ခွဲဝေချပေးလျက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ ခွဲဝေချထားပေးသည်နှင့် ပီးပြတ်မှုမရှိသေးပါကြောင်း၊ စက်ယန္တရားကို ဒေသရောက်အောင်ငှားနိုင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အလွန်ခရီးဝေးကွာနေပါက ငှားရမ်းမည့် စရိတ်ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိလာနိုင်သည့်အတွက် ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ၊ လိုအပ်သောယန္တရားများကို စီစဉ်ခွဲဝေချမှတ်ပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်ပါသောကြောင့် စက်ယန္တရားများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိသိရှိ လိုကြောင်း မေးမြန်းပါသည်။


မိမိတို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနသည် ယခင်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ အောက်တွင် ဖွဲ့စည်းပုံရှိပြီး ၉-၈-၂၀၁၃ ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)တစ်ခု၊ တိုင်းဒေသကြီး /ပြည်နယ်ရုံး ၁၄ ခု ရှိပါကြောင်း၊  နေပြည်တော်ကောင်စီနယ်မြေအတွက် ရုံး (၁) ရုံး၊ ပြည်နယ်ရုံးခွဲ (၂) ရုံး၊ ခရိုင် ရုံး ၆၂ ရုံးနှင့် က အဆင့်မြို့နယ်ရုံး ၅၃ ရုံး၊ ခ အဆင့်မြို့နယ် ၄၄ ရုံး၊ ဂ အဆင့်မြို့နယ်ရုံး ၁၉၄ ရုံး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တစ်ခုတို့ကို အရာထမ်းခွင့်ပြုအင်အား ၁၀၉၃ ဦး၊ အမှုထမ်း အင်အား ၁၀၈၀၅ ဦး စုစုပေါင်း ၁၁၈၉၈ ဦးနှင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသည် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့်အတွက် လက်ရှိဝန်ထမ်းရာတွင် လုံလောက်မှုမရှိပါကြောင်း၊  ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆင့်ဆင့်တွင် လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းပေါင်း ၃၂၀၂ ဦး ထပ်မံဖြည့်ဆည်းခန့်ထားရန်အတွက် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အသစ်ခန့်မည့်ဝန်ထမ်းများ၏ လစာစရိတ်များကိုလည်း လျာထားတောင်းခံထားသည့်အတွက် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအသစ်ခန့်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြနိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဖွဲ့စည်းပုံစိစစ်ရေးဦးစီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရအသုံးမှန်းခြေငွေစာရင်းဌာနတို့ကို သဘောထားမှတ်ချက် တောင်းခံဆဲဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များရရှိပါက ဝန်ထမ်းအသစ်များကို ဖြည့်တင်းပေးရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံတင်ပြပြီး အတည်ပြုချက်ရယူကာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထပ်မံဖြည့်တင်းခန့်ထားရမည့် ရာထူးအမျိုးအစားနှင့် အရေအတွက်ကို နိုင်ငံပိုင် သတင်းစာ မှ ကြော်ငြာပြီးခေါ်ယူခန့်ထားရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအသစ်များ ထပ်မံခန့်ပြီးပါက ဝန်ထမ်းအင်အား စုစုပေါင်း ၆၀၈၃ ဦး ရှိလာမည် ဖြစ်ပြီး ဖွဲ့စည်းပုံအရ မူလခွင့်ပြုဝန်ထမ်း၏ ၅၁ ရာခိုင်နှုန်း ဖြစ်မည်ဖြစ်ပါကြောင်း။ ခွင့်ပြုဝန်ထမ်းအင်အား၏ သုံးပုံ နှစ်ပုံထက် ကျော်လွန်မှုမရှိစေရေး၊ ဝန်ထမ်းအင်အားဖောင်းပွမှုမရှိစေရေး၊ ဒေသခံလူငယ်၊ လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် ပြည်သူ့ဘဏ္ဍာများ မလိုအပ်ဘဲ သုံးစွဲမှု၊ လေလွင့်မှုမရှိရေးတို့အတွက် စီမံချက်ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာကျေးလက်ဒေသဦးစီးဌာနက ရုံးအဆင့်ဆင့်တွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းအသစ်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်တင်းခန့်ထားရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ထို့အတူ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက်လည်း ဖွဲ့စည်းပုံအင်အားအတွင်းမှာ လိုအပ်သေးည့်အရေအတွက်ကို ထပ်မံခေါ်ယူ ဖြည့်တင်းသွားမည်ဖြစ်ပါကြောင်း။

မွေးမြူရေး၊ ရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စက်ယန္တရား ဝယ်ယူဖြည့်တင်းရေးနှင့် ပတ်သက်၍ ယခင် စည်သာယာရေး ဦးစီးဌာန(ရုံးချုပ်)တွင် ပိုင်ဆိုင်သော အုပ်ချုပ်မှုသုံးယာဉ်များ၊ လုပ်ငန်းသုံးယျာဉ်များ၊ ယန္တရားများ၊ ရေပေးရေးလုပ်ငန်းမှာ တွင်းတူးစက်များကို ၁၀-၈-၂၀၁၃ ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်အဖြစ် လွှဲပြောင်းလက်ခံလိုက်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် လုပ်ငန်းသုံး စက်ယန္တရား ၁၂၃ စီးနှင့် တွင်းတူးစက် ၁၉ စီး၊ နောက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းမှ လိုအပ်သည့်နေရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် မြေတူးစက် ၂၈ စီး၊ မြေထိုးစက် ၁၁ စီး၊ မြေညှိစက် ၉ စီး၊ မြေကော်စက် ၇ စီး၊ မြေသယ်ယာဉ် ၁၉ စီး၊ လမ်းကြိတ်စက် ၆ စီး၊ ရေတွင်းတူးစက် ၉ စီး စုစုပေါင်း ယန္တရား ၈၉ စီးကိုဖြည့်တင်းပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ၂၀၁၂-၂၀၁၃ မှ ၂၀၁၆-၂၀၁၇ အထိ အပူပိုင်းဒေသ ကျေးလက် ရေရရှိရေး (၅)နှစ် စီမံကိန်းတွင် မြို့နယ် ၁၉ မြို့နယ်နှင့် ကျေးရွာ ၈၇ ရွာအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းတွင် တွင်းတူးစက် ၁၀ စီး၊ Track ကား ၈ စီး၊ ကရိန်းကား ၁၀ စီးနှင့် ရေသယ် ယာဉ် ၇ စီး၊ မိုဘိုင်းစက်ပြင်ယာဉ် ၂ စီး၊ စုစုပေါင်း ယန္တရား ၃၇ ကိုလည်း ဖြည့်တင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေတွင်းတူးစက်များမှာ စစ်ကိုင်းတိုင်းတွင် ၁ စီး၊ မကွေးတိုင်းတွင် ၄ စီးနှင့် မန္တလေး တိုင်းတွင် ၅ စီးဖြန့်ခွဲပြီး ကျေးလက်ရေ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် တူးဖော်လျက်ရှိပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ လျင်မြန်လွယ်ကူစွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အုပ်ချုပ်မှုသုံးယာဉ် ယာဉ်အသစ်ဖွဲ့စည်းသည့်အတွက် ၃၀၉ စီး၊ မော်တော်ဆိုင်ကယ် ၃၁၆ စီး၊ ရေတွင်း တူးစက် ၁၂၀ ကို ဝယ်ယူရန် လျာထားပြီး တင်ဒါခေါ်ယူရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စပြီး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်လမ်းတံတားများ တည်ဆောက်ရေးလုပ်ငန်းများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများနှင့် ကျေးလက်အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများကို အိပ်ဖွင့်တင်ဒါခေါ်ယူပြီး တိုင်းရင်းသား လုပ်ငန်းရှင်များ အား လုပ်ငန်းအပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဖွဲ့စည်းပုံအရ မူလခွင့်ပြုထားသော ဝန်ထမ်းအင်အား၏ သုံးပုံနှစ်ပုံထက် ကျော်လွန်မှု မရှိစေရေး၊ ဝန်ထမ်းအင်အား ဖောင်းပွမှုမရှိစေရေးကို စနစ်တကျ အင်အားဖြည့်တင်းခန့်ထားလျက်ရှိပါကြောင်းနှင့် လမ်းကြိတ်စက်အပါအဝင် အခြားယန္တရားများကိုလည်း ဒေသခံပြည်သူလူထု၏တင်ပြချက်အပေါ် အခြေခံပြီး့ အရေးတကြီး လိုအပ်သည့်နေရာများကို အသုံးပြုနိုင်ရေးအတွက် ယန္တရားများ ဖြန့်ခွဲအသုံးပြုလျက်ရှိပါကြောင်း၊ ဝန်ထမ်းဖွဲ့စည်းရေးဦးစီး ဌာန အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများတည်ဆောက်ရေးများကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပြီးမှသာလျှင် ယန္တရားများ ဖြည့်တင်းဆောင်ရွက်မှုကို ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့်တင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ