(က)-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရွာချင်းဆက် သွယ်သော လမ်းသို့ဖြတ်သန်း စီးဆင်းနေသော ကညင်ချောင်းအားအရှည်၂၁၅ ပေ×၁၄ ပေအကျယ် တံတားတစ်စင်း တည်ဆောက်ပေးနိုင်မှုရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးမောင်မောင်စိုး ( အင်္ဂပူ မဲဆန္ဒနယ်)အင်္ဂပူမြို့နယ်၊ အင်္ဂပူ-ဟင်္သာတ၊ အင်္ဂပူ-မြန်အောင်ကား လမ်းပေါ်ရှိ ဘုရားကွင်းကျေးရွာအုပ်စု၊ လူးကြီးကျေးရွာများသည် ကညင်ချောင်းကို ဖြတ်ကျော်ပြီး ပန်းတင်‌ကျေးရွာအုပ်စု၊ သက်ကယ်ပြင်၊ အင်ပင်ကုန်း၊ ရှမ်းတောင်းပြဲ၊ မဲဇလီကုန်းကျေးရွာအုပ်စု များဖြစ်သော ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာပေါင်း ၄၆ ရွာရှိ လူဦးရေပေါင်း ၁၀၀၀၀ သောင်းခန့် ဖြတ်သန်းသွားလာနေသော လမ်းဖြစ်ပါကြောင်း၊  အဆိုပါ ကညင်ချောင်းသည် မိုးတွင်းအခါ တောင်ကျရေများ၊ ဧရာဝတီမြစ်ရေလျှံတက်မှု များကြောင့် ရေစီးသန်ပြီး ကျောင်းသူကျောင်းသားများသည် ဇောင်းတန်း အ.ထ.က(ခွဲ)၊ မဲဇလီကုန်း အ.ထ.က များသို့ လှေများ၊ ဖောင်များဖြင့် သွားလာနေကြရပါကြောင်း၊ ဒေသထွက်ကုန်ဆန်စပါး၊ ပဲအမျိုးမျိုး၊ ရေထွက်ကုန်ပစ္စည်းများကို ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်နေကြရပြီး ဆောင်းသီးနှံစိုက်ပျိုးရန် လယ်ယာကိုင်းသုံး ထွန်စက်များကိုလည်း ဖောင်များဖြင့် ကူးကြရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ကညင်ချောင်းအား အလျား ပေ ၁၂၅ ပေ၊ အနံ ၁၄ ပေအကျယ် တံတားတစ်စင်းကို နိုင်ငံတော်အဆင့်မှ ဆောက်လုပ်ပေးနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကညင်ချောင်းကူးတံတားသည် ဘုရားကွင်းကျေးရွာအုပ်စု၊ လူးကြီးကျေးရွာနှင့်ပန်းတင်ကျေးရွာအုပ်စု၊ ရေလဲကျောင်းစုနှင့်ပျဉ်ထောင်ကျေးရွာများကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာ ၄၆ ရွာ၊ လူဦးရေ ၉၆၅၇ ဦးကို အကျိုးပြုပါကြောင်း၊ ကညင်ချောင်းကူးတံတား အရှည် ၂၂၀ ပေ ကိုသံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည် ဆိုပါက ငွေကျပ် ၂၂၀သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သန်းပေါင်း ၂၄၈၅၀.၇၃၉ သန်းဖြင့် ကွန်ကရစ်လမ်း ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၂ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၆၇ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၁၄၆ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတား ၂၁၉၃ ပေ၊ သစ်သားတံတား ၈၆၅၄ ပေနှင့် ရေပြွန် ၂၈၆၈ ပေတို့ကို ဆောင်ရွက်ရန်ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ အင်္ဂပူမြို့နယ်တွင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ၁၁၆၇.၅၅၅ သန်းဖြင့် ကျောက်ချောလမ်း ၁၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၁၂ မိုင် ၂ ဖာလုံနှင့် သစ်သားတံတား ၂၇၇ ပေ၊ ရေပြွန် ၂၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊အင်္ဂပူမြို့နယ်၊ ကညင်ချောင်းကူး တံတားသည် မိမိတို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ခွင့်ပြုထားခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလောအချိန်တွင်  ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။