Skip to main content

ခေါင်လန်ဖူးမြို့နယ်သည် ပူတာအို ခရိုင်အတွင်းရှိမြို့နယ်များအနက် အဝေးဆုံးနှင့်အခက်ခဲဆုံး မြို့နယ်တွင်ပါဝင်ပါကြောင်း၊ ပူတာအိုမြို့မှ မိုင်ပေါင်း ၁၃၀ ကျော်အကွာတွင်  ဌာနဆိုင်ရာရုံး ၁၉ ရုံးရှိပါကြောင်း၊ အဆိုပါ ဌာနဆိုင်ရာရုံး ၁၉ ရုံးမှ ဝန်ထမ်းများသည် လုပ်ငန်းခေါင်းစဉ်အလိုက်၊ ဘတ်ဂျက်နှစ်အလိုက် စာရင်းစစ်ဆေးခံရန်အတွက် ပူတာအိုခရိုင်ရုံးသို့ သွားရောက်ရပါကြောင်း၊ သွားရောက်သည့်အချိန်တွင် အထမ်းခ ခရီးစရိတ်မရရှိဘဲ အမှုတွဲများ၊ စာရွက်စာတမ်းများကို ကိုယ်တိုင်ထမ်းကာ နေပူ၊ မိုးရွာမရှောင် တော၊ တောင်ကို ခက်ခက် ခဲခဲ ကျော်ဖြတ်ကာ သတ်မှတ်ချိန် အမီ သွားရပါကြောင်း၊ စာရင်းစစ်ဆေးသည့် အမှုတွဲများ၊ စာရင်းဇယားများ ကို ပူတာအိုစာရင်းစစ်ရုံး တွင် ထားရှိခဲ့ရသည့်အတွက် အခက်အခဲများစွာရှိပါကြောင်း၊ ပူတာအိုစာရင်းစစ်ရုံး သို့ ရောက်ရှိ စာရင်းစစ်ဆေးခံရာတွင် အချို့သော ဝန်ထမ်းများသည် ခေါင်လန်ဖူးမြို့ရှိ တချို့ဌာနနှင့် အချို့လုပ်ငန်း များတွင် မိမိလုပ်ပိုင်ခွင့်ထက် ပိုမို လုပ်ဆောင်ခြင်း၊ သက်သေစာရွက်အထောက်အထားများကို အမျိုးမျိုးတောင်းခံခြင်းပြုသည့်အတွက် အချိန်နှင့်ငွေကုန်ကြေးကျ များပြားစွာအသုံးပြုနေရသည်ကို တွေ့ရှိရပါကြောင်း၊ ပူတာအိုခရိုင်စာရင်းစစ် ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ မှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁၂ ဦးရှိ ပါကြောင်း၊ စာရင်းစစ်ဝန်ထမ်းများသည် နောင်မွန်မြို့နှင့် ကျန်မြို့နယ်များသို့ သွားရောက်စာရင်းစစ်ဆေးပေးနေသော်လည်း ခေါင်လန်ဖူးမြို့နယ်သို့ လာရောက် ပြီး စာရင်းစစ်ဆေးပေးနိုင်ခြင်းမရှိသည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ အခက်အခဲများ ကြုံတွေ့ နေရပါကြောင်း၊ ခေါင်လန်ဖူးမြို့၏ ဌာနဆိုင်ရာရုံး ၁၉ ရုံးမှ ဝန်ထမ်းများသည် စာရင်းစစ်ဆေးခံရန် ပူတာအိုသို့ သွားရောက်သည့်စရိတ် သွားလာနေထိုင်စားသောက်စရိတ်များစွာကုန်ကျသည့်ထက် ပူတာအိုခရိုင်စာရင်းစစ်ရုံးမှ ဝန်ထမ်းများ ခေါင်လန်ဖူးမြို့သို့ လာရောက်သည့်စရိတ်က များစွာ သက်သာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာရုံး ၁၉ ရုံးမှ ဝန်ထမ်းများ အချိန်ကုန်သက်သာပြီး လုပ်ငန်းများ မြန်ဆန်ထိရောက်အောင် ဆောင်ရွက်နိုင်ရန် အတွက် ပူတာအိုခရိုင်စာရင်းစစ်ရုံးမှ ဝန်ထမ်းများအား ခေါင်လန်ဖူးမြို့သို့သွားရောက်ပြီး စာရင်း စစ်ဆေးပေး နိုင်ခြင်းရှိ/မရှိ  ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ခေါင်လန်ဖူးမြို့သည် ပူတာအိုမြို့နှင့် ၁၃၂ မိုင်ခန့်ဝေးပြီး မိုးရာသီကုန်ဆုံးချိန်တွင် ပူတာအိုမှ နောင်မွန်းမြို့သို့ မော်တော်ယာဉ်ဖြင့်သွားနိုင်ပြီး နောင်မွန်းမြို့မှ ခေါင်လန်ဖူးမြို့သို့ ခြေလျှင်ခရီးဖြင့် ၈ ရက်ခန့် သွားရောက်ရပါကြောင်း၊ ပူတာအိုခရိုင်စာရင်းစစ်ရုံးဝန်ထမ်းများ ခေါင်လန်ဖူး မြို့သို့ သွားရောက်စစ်ဆေးရန်အတွက် ကျန်းမာရေးကောင်းမွန်သည့် အမျိုးသားဝန်ထမ်းများ လိုအပ်ပါ ကြောင်း၊ ပူတာအိုခရိုင်စာရင်းစစ်ရုံးတွင် ခန့်ထားပြီး စစ်ဆေးရေးဝန်ထမ်း ၁၆ ဦးရှိပါကြောင်း၊ စစ်ဆေးရေး ဝန်ထမ်း ၁၆ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး၊ စာရင်းစစ်(၁) လေးဦးနှင့် စာရင်းစစ်(၃) ခြောက်ဦးတို့မှာ အမျိုးသမီးဝန်ထမ်းများ ဖြစ်ကြပါကြောင်း၊ စာရင်းစစ်(၃)ငါးဦးသည် အမျိုးသားဝန်ထမ်း များဖြစ်ပါကြောင်း၊  သာမန်အားဖြင့် စစ်ဆေးရေးအဖွဲ့တစ်ခု၏ ဖွဲ့စည်းပုံမှ စာရင်းစစ်(၁) က အဖွဲ့ခေါင်းဆောင်၊ စာရင်းစစ်(၃) နှစ်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ရပါကြောင်း၊ လက်ရှိအခြေအနေတွင် ပူတာအိုခရိုင်စာရင်းစစ်ရုံး၌ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ရမည့် စာရင်းစစ်(၁)ဝန်ထမ်းများတွင် အမျိုးသားဝန်ထမ်း မရှိသေးသည့်ပါကြောင်း၊ သို့ပါ၍ အမျိုးသမီး ဝန်ထမ်း အများစုနှင့် ဖွဲ့စည်းထားသည့်ရုံးဖြစ်ပါသဖြင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှု၊ ရာသီဥတု အခြေအနေနှင့် အမျိုးသား/အမျိုးသမီးဝန်ထမ်း ဖွဲ့စည်းမှုအပေါ်မူတည်ပြီး နှစ်နှစ်တစ်ကြိမ် သို့မဟုတ် ရံဖန်ရံခါသာ စေလွှတ်ပေးနိုင်မည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်း